အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့နှင့် လွှတ်တော်

သုတေသီတစ်ဦး (ပြည်ထောင်စု)


အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အဖြစ် နှစ်စဉ် စက်တင်ဘာလ ၁၅ ရက်နေ့ကို သတ်မှတ်ရန် ၂၀ဝ၇ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသော (၆၂) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၌ ဆုံးဖြတ်ခဲ့ပါသည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ (United Nations- UN) က ဒီမိုကရေစီ ကြေညာစာတမ်း ထုတ်ပြန်ခဲ့သည့် ၁၉၉၇ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အဖြစ် ရွေးချယ်သတ်မှတ်ထားခြင်း ဖြစ်ပါသည်။ ကုလသမဂ္ဂသည် ငြိမ်းချမ်းသာယာရေး၊ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ ပြည့်မြောက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးတို့သည် ဒီမိုကရေစီ လူမှုအသိုက်အဝန်းတွင် အလေးထား ကာကွယ်စောင့်ရှောက်ရမည့်အ ရာများဖြစ်သည် ဟု UN က ယုံကြည်ပါသည်။


ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်


ဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးလျက်ရှိသည့် အချုပ်အခြာအာဏာပိုင်နိုင်ငံများကို ဂုဏ်ပြုရန်၊ အုပ်ချုပ်ရေးအစိုးရ အဖွဲ့များအနေဖြင့် ဒီမိုကရေစီကျင့်စဉ်များကို အားပေးမြှင့်တင်နိုင်ရန်၊ ပြည်သူများအကြား ဒီမိုကရေစီစိတ်ဓာတ် အစဉ်ရှင်သန် နိုးကြားကြစေရန်၊ ဒီမိုကရေစီကျင့်စဉ် ပြုပြင်ပြောင်းလဲမှုများကို နောင်အနာဂတ်ကာလတွင်ပါ အစဉ်အမြဲလုပ်ဆောင်နိုင်ကြစေရန်၊ ဒီမိုကရေစီ လူ့ဘောင်အဖွဲ့အစည်းကို မြှင့်တင်ရန်၊ နိုင်ငံရေးနယ်ပယ်မှ လူငယ်များ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန်၊ ဒီမိုကရေစီစနစ်တွင် ပြည်သူလူထုက ပူးပေါင်းပါဝင်လာရန်နှင့် နိုင်ငံတကာတွင် ဒီမိုကရေစီစနစ်ကို ပိုမိုကျင့်သုံးလာစေရန် ရည်ရွယ်၍ နိုင်ငံတကာပါလီမန်များအဖွဲ့ (Inter-Parlia-mentary Union – IPU) က အပြည်ပြည်ဆိုင်ရာဒီမို ကရေစီနေ့ကို ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ ၂၀ဝ၈ ခုနှစ် စက်တင် ဘာလ ၁၅ ရက်နေ့တွင် ပထမဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ House of Parliament တွင် ကျင်းပခဲ့ပါသည်။  


နိုင်ငံတကာပါလီမန်များအဖွဲ့ (Inter-Parlia-mentary Union – IPU) ဆိုသည်မှာ အချုပ်အခြာအာဏာပိုင် နိုင်ငံများ၏ ပြည်ထောင်စုအဆင့် ပါလီမန်များဖြင့် ဖွဲ့စည်းထားသော နိုင်ငံတကာ အဖွဲ့အစည်းဖြစ်ပါသည်။ IPU ကို ၁၈၈၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဒီမိုကရေစီစနစ် ခိုင်မာစွာဖြစ်ထွန်းရေး၊ ငြိမ်းချမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေးအတွက် ကမ္ဘာ့ပါလီမန်များ အကြားတွင် ဆွေးနွေးဆောင်ရွက်ကြရန် ရည်ရွယ်ပါသည်။ IPU သည် ဒီမိုကရေစီထွန်းကားရေး၊ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေများ တိုးတက်ခိုင်မာရေး၊ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ နိုင်ငံရေးတွင် အမျိုးသမီးများပါဝင်လာရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုနယ်ပယ် ဆိုင်ရာကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကဦးစားပေး ဆောင်ရွက်ပါသည်။ IPU ရုံးချုပ်သည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် တည်ရှိပါသည်။ 


အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခု၏ ဥပဒေများနှင့် အညီ ဖွဲ့စည်းထားသော၊ ထိုနိုင်ငံရှိလူဦးရေကို ကိုယ်စားပြုသော၊ ထိုနိုင်ငံ၏နယ်မြေအတွက် လုပ်ငန်းဆောင်ရွက်သော လွှတ်တော်တိုင်းသည် IPU သို့ အဖွဲ့ဝင်အဖြစ် လျှောက်ထားနိုင်ပါသည်။ လက်ရှိတွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၇၉ နိုင်ငံရှိပြီး မိတ်ဖက်အဖွဲ့ဝင်နိုင်ငံ ၁၂ နိုင်ငံရှိပါသည်။ 


ပြန်လည်ဝင်ရောက်


မြန်မာလွှတ်တော်သည် ၁၉၅၇ ခုနှစ်မှ ၁၉၆၃ ခုနှစ်အထိ IPU အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ်တွင် ပြည်ထောင်စု လွှတ်တော်သည် IPU အဖွဲ့ဝင်အဖြစ် ပြန်လည်ဝင်ရောက်ရန် ၂၀၁၂ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် အတည်ပြုဆုံးဖြတ်ခဲ့ပြီးIPU အဖွဲ့သို့ ၂၀၁၂ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် အဖွဲ့ဝင်အဖြစ် ပြန်လည်ဝင်ရောက်ခဲ့ပါသည်။ 


မြန်မာလွှတ်တော်သည် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) အဖွဲ့ဝင်ဖြစ်သည့်အလျောက် နိုင်ငံတကာလွှတ်တော်များနှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက် စေရေးရည်ရွယ်၍ နိုင်ငံတကာပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီကို ၂၀၁၃ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့ပြီးဖြစ်ပါသည်။ ထို့အပြင် IPU မှ တိုက်တွန်းနှိုးဆော်သည့် အထိမ်းအမှတ်ပွဲများနှင့် ဟောပြောပွဲများကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။ နှစ်စဉ်ကျင်းပသော IPU ညီလာခံနှင့် အစည်းအဝေးများသို့လည်း ပုံမှန် တက်ရောက်နိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ 


ဒီမိုကရေစီစနစ်သည် မိမိကိုယ်တိုင် လိုက်နာကျင့်သုံးရမည့်စနစ်ဖြစ်ပြီး လူ့အခွင့်အရေးကို လေးစားခြင်း၊ တရားဥပဒေ စိုးမိုးခြင်း၊ ကျား/မ တန်းတူညီမျှခြင်း စသည့်အခြေခံမူများကို အလေးထားလိုက်နာ၍ ကျင့်ကြံနေထိုင်မှသာ အနာဂတ်ဒီမို ကရေစီစနစ်ကို ပိုမိုရှင်သန်ဖွံ့ ဖြိုးစေနိုင်ပြီး ပူးပေါင်းကာကွယ်ရာ ရောက်မည်ဖြစ်ပါသည်။ 


ဒီမိုကရေစီစနစ်တွင် အခြေခံအားဖြင့် ပြည်သူက အုပ်ချုပ်ခြင်းဖြစ်၍ နိုင်ငံတော်၏အချုပ်အခြာအာဏာသည် နိုင်ငံသား ပြည်သူများထံမှ ဆင်းသက်ပြီး ပြည်သူ့ဆန္ဒအရ ရွေးကောက် တင်မြှောက်ခြင်းခံထားရသူများက ဥပဒေနှင့်အညီ စီမံအုပ်ချုပ် ရပါသည်။ ထို့အပြင် မိမိနိုင်ငံနှင့် အံဝင်ခွင်ကျပြီး လက်တွေ့ ဘဝနှင့်ကိုက်ညီမည့် ဒီမိုကရေစီစနစ်ကိုသာ ကျင့်သုံးရမည် ဖြစ်ပါသည်။ 


ဒီမိုကရေစီစနစ်တွင် ပြည်သူအများစု၏ မျှော်လင့်ချက်၊ လိုလားတောင့်တချက်များကို ဦးစားပေးဆောင်ရွက်ရမည် ဖြစ်သကဲ့သို့ လူနည်းစု၏ အရေးကိစ္စရပ်များကိုလည်း မလွဲမသွေ ဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။ ယင်းသို့ဆောင်ရွက်ရာတွင် ဒီမိုကရေစီစံနှုန်းများနှင့်အညီ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ ထင်သာမြင်သာရှိမှုများ လိုအပ်ပါသည်။ မတူ ကွဲပြားမှုများကို တွန်းအားအဖြစ် အသွင်ပြောင်းကာ ယုံကြည်စိတ် လျော့နည်းမှုများ၊ သံသယစိတ်များ၊ စိတ်ဝမ်းကွဲပြားမှုများကို စည်းလုံးညီညွတ်မှုအားဖြင့် ကျော်လွှားကြရမည်ဖြစ်သည်။ 


မဆုတ်မနစ်ကြိုးပမ်း


ယနေ့ မြန်မာနိုင်ငံတွင် ဒီမိုကရေစီကူးပြောင်းရေး၊ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးစသည့် ရည်မှန်းချက်ပန်းတိုင်များကို တည်ဆောက်အကောင်အထည်ဖော်လျက်ရှိရာ တစ်ခုနှင့်တစ်ခုမှာ အပြန်အလှန် အထောက်အကူပြု ဆက်စပ်လုပ်ဆောင်ကြရမည့် လုပ်ငန်းစဉ်များ ဖြစ်ပါသည်။ ဒီမိုကရေစီစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် ပြည်သူအားလုံး မဆုတ်မနစ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပါသည်။ 


မြန်မာနိုင်ငံတွင်လည်း ပါတီစုံဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးလာခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ ပြည်ထောင်စု လွှတ်တော်၏ ဦးဆောင်မှုဖြင့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားကို နှစ်စဉ်ကျင်းပ ပြုလုပ်ခဲ့ပါသည်။ 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ၂၀ဝ၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ပြည်သူများကရွေးချယ်တင်မြှောက်သော ပြည်သူ့ ကိုယ်စားလှယ်များ ပါဝင်သော လွှတ်တော်အသီးသီးသည် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွင် အဓိကအခန်း ကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီးသုံးရပ် သည် အခြေခံဥပဒေ၏ အပ်နှင်းထား ချက်များအရ တာဝန်များကို တတ်နိုင် သမျှ ပိုင်းခြားသုံးစွဲပြီး အချင်းချင်း အပြန်အလှန် ထိန်းကျောင်းလျက်ရှိပါသည်။


အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီ နေ့အခမ်းအနားကို နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ သဘင်ဆောင်၌ ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ် ကျင်းပလာခဲ့ရာ ယခု ၂၀၁၉ ခုနှစ်တွင် (၉) ကြိမ်မြောက် ကျင်းပမည်ဖြစ်ပါသည်။ 


ဒီမိုကရေစီကျင့်သုံးနေသော ကမ္ဘာ့နိုင်ငံများသည် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားများ ကျင်းပသကဲ့သို့ မြန်မာနိုင်ငံသည်လည်း ပါတီစုံဒီမိုကရေစီ ကျင့်သုံးလျက်ရှိသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ အပြည်ပြည်ဆိုင်ရာ ဒီမို ကရေစီနေ့အခမ်းအနားကို အနှစ်သာ ရရှိစွာ ကျင်းပခြင်းဖြစ်သည်။


ကြိုတင်ညှိနှိုင်း


အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနား မကျင်းပမီအချိန်ကပင် ကြိုတင်ပြင်ဆင်မှုများအဖြစ် အပြည်ပြည် ဆိုင်ရာဒီမိုကရေစီနေ့ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်းခြင်း၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပခြင်းဖြင့် ကြိုတင်စီစဉ်ညှိနှိုင်းကြပါသည်။ ယခုနှစ် အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အထိမ်းအမှတ် စာတမ်းများ ဖတ်ကြားခြင်း၊ တက္ကသိုလ်အဆင့်၊ အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများ စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲ ယှဉ်ပြိုင်ကျင်းပခြင်း အစီအစဉ်များ ထည့်သွင်းဆောင်ရွက်ထားရှိပါသည်။ မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်း အနားကို ၂၀၁၁ ခုနှစ်မှစ၍ ၂၀၁၈ ခုနှစ်အထိ နိုင်ငံတကာ ပါလီမန်များအဖွဲ့ (Inter-ParliamentaryUnion – IPU) က နှစ်စဉ်ထုတ်ပြန်သည့် အောက်ပါဆောင်ပုဒ်များနှင့်အညီ ကျင်းပခဲ့ပြီးဖြစ်ပါသည် –

ခုနှစ် အင်္ဂလိပ်ဘာသာဖြင့်(IPU မှ ပေးပို့သည့်) မြန်မာဘာသာဖြင့်
၂၀၁၁ What do citizens expect from their parliament ပြည်သူတို့မျှော်လင့်ချက်လွှတ်တော်က ဖော်ဆောင်ရွက်
၂၀၁၂ Dialogue and Inclusiveness Central to Democracy အများပါဝင်ဆွေးနွေးလျက်......  ဒီမိုကရေစီဗဟိုချက်
၂၀၁၃ Strengthening Voices for Democracy ဒီမိုကရေစီထွန်းကားရေး ပြည်သူ့ အသံ မြှင့်တင်ပေး
၂၀၁၄ Engaging Youth on Democracy ဒီမိုကရေစီဖော်ဆောင်ရေးလူငယ်များ ဝိုင်းဝန်းဆောင်ရွက်ပေး
၂၀၁၅ Public Participation for Democracy ဒီမိုကရေစီအရေးအတွက် ပြည်သူများ ပါဝင်ဆောင်ရွက်
၂၀၁၆ Democracy 2030 အားလုံးပူးပေါင်းပါဝင်စို့ဒီမိုကရေစီ ၂၀၃၀ သို့
၂၀၁၇ In Defence of Democracy ဒီမိုကရေစီရှင်သန်ဖို့ ပူးပေါင်းကာကွယ်စို့ 
၂၀၁၈ Oversight ဒီမိုကရေစီရှင်သန်ရေးဝိုင်းဝန်းထိန်းညှိဆောင်ရွက်ပေး

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အထိမ်းအမှတ်ဆောင်ပုဒ်(Theme) များ


ယခုနှစ်တွင်လည်း (Participation) “ဒီမိုကရေစီ ရှင်သန်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ အနှစ်သာရရှိရှိ ကျင်းပဆောင်ရွက်မည်ဖြစ်ပါသည်။ ယခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားသည် ဒီမိုကရေစီဟူသည်မှာ လူသားတို့၏ အရေးအရာကိစ္စများ ဖြစ်သည်ဟူသော အချက်ကို ပြန်လည်အမှတ်ရစေရန် နှိုးဆော်ပေးသည့် အခွင့်အလမ်းတစ်ရပ် ဖြစ်ပါသည်။ ဒီမိုကရေစီကို လူသားအားလုံးပါဝင်မှု၊ တူညီမျှတစွာပြုမူ ဆက်ဆံမှု၊ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုတို့ဖြင့် တည်ဆောက်ရန် လိုအပ်ပါသည်။ ဒီမိုကရေစီသည် ငြိမ်းချမ်းရေး၊ စဉ်ဆက်မပြတ်ဖွံ့ ဖြိုးမှု၊ လူ့အခွင့်အရေးတို့ကို တည်ဆောက်ရာတွင် အခြေခံအုတ်မြစ်လည်း ဖြစ်ပါသည်။ 


အကျိုးသက်ရောက်မှုရှိ


စစ်မှန်သောဒီမိုကရေစီကို အရပ်ဘက်အသိုက်အဝန်းနှင့် နိုင်ငံ့ရေးရာ စီမံခန့်ခွဲသူများအကြား စဉ်ဆက်မပြတ် ညှိနှိုင်းဆွေးနွေးမှုအပေါ်တွင် တည်ဆောက်ထားပါသည်။ အဆိုပါ ညှိနှိုင်းဆွေးနွေးမှုသည် နိုင်ငံ့အရေး ဆုံးဖြတ်ချက်များအပေါ်တွင် အမှန်တကယ် အကျိုးသက်ရောက်မှုရှိမည် ဖြစ်ပါသည်။ ဤအချက်သည် နိုင်ငံ့အရေးတွင် ပါဝင်ဆောင်ရွက်မှု၊ ပြည်သူတို့၏ အခန်းကဏ္ဍနှင့် ပြည်သူ့ရေးရာဆွေးနွေးမှုတို့သည် ကောင်းမွန်သော အုပ်ချုပ်မှု၏ အဓိကအခြေခံ အကြောင်းရင်းလည်း ဖြစ်နိုင်ပါသည်။ ကမ္ဘာလုံးဆိုင်ရာ ဆက်စပ်ပေါင်းစည်းမှု ဖြစ်စဉ်နှင့် နည်းပညာတိုးတက်မှုတို့၏ အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်နေသည့် ယနေ့ကမ္ဘာတွင် အထက်ပါအချက်သည် ပိုမို၍ မှန်ကန်လျက်ရှိပါသည်။ 


ဒီမိုကရေစီစနစ် ထာဝစဉ်ရှင်သန်ဖွံ့ ဖြိုးရေးအတွက် စနစ်တကျ ပြုစုစောင့်ရှောက်မှုများ များစွာလိုအပ်ပါသည်။ အထူးသဖြင့် နိုင်ငံသူ နိုင်ငံသား တစ်ဦးတစ်ယောက်ချင်းစီ၏ ကြိုးပမ်း မှုများသည် ဒီမိုကရေစီစနစ် အားကောင်းခိုင်မာရေးအတွက် လွန်စွာအရေးကြီးလှပါသည်။ 


မိမိတို့နိုင်ငံကို နိုင်ငံသူ နိုင်ငံသားများအားလုံး ရည်မှန်းသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်ရာတွင် နိုင်ငံသူ နိုင်ငံသားအားလုံး တက်ညီလက်ညီ ပါဝင်ကြိုးပမ်းဆောင်ရွက်ရေးသည် အလွန်အရေးကြီးလှပါသည်။ ယနေ့ မြန်မာနိုင်ငံတွင် နိုင်ငံသားအားလုံး မျှော်မှန်းသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးကို နိုင်ငံသူ နိုင်ငံသား တိုင်းရင်းသား ပြည်သူများအားလုံး၏ စုပေါင်းအင်အားဖြင့် ဝိုင်းဝန်းတည်ဆောက် အကောင်အထည်ဖော်နေချိန် ဖြစ်သည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။ 


သို့ဖြစ်ရာ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့၏ (Participation) “ဒီမိုကရေစီရှင်သန်ဖို့ ပူးပေါင်း ဆောင်ရွက်ကြပါစို့” ဆောင်ပုဒ်နှင့်အညီ ယခုနှစ်ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမှတစ်ဆင့် ပြည်သူလူထုအတွင်း ဒီမိုကရေစီကျင့်စဉ်များ ပိုမိုရှင်သန်ရေး ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။ ။


မြန်မာ့အလင်း