အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ အတွက် အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်များ တင်ပြခြင်းအခမ်းအနား ကျင်းပ

နေပြည်တော်     မေ     ၂၁

 

အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်နှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများအတွက် အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်များ တင်ပြခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သစ်တောဦးစီးရုံးချုပ်  အင်ကြင်း ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများ၊ သဘာဝထိန်းသိမ်းရေး နယ်မြေ အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ ဒုတိယဝန်ကြီးမင်းသူက ၁၉၉၃ ခုနှစ်တွင် စတင်ကျင်းပခဲ့သော ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ကွန်ဗင်းရှင်း(Convention on Biodiversity–CBD)အစည်းအဝေးတွင် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ ကိစ္စများကို ပိုမိုနားလည် သဘောပေါက်စေရန်နှင့် သတိပြုမိစေရန်ရည်ရွယ်၍ နှစ်စဉ် မေ(၂၂)ရက်ကို အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုး ကွဲထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ကြောင်း၊ ယခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်း ရေးနေ့ ဆောင်ပုဒ်အဖြစ်“Be part of the Plan: ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး လူတိုင်းပါဝင်ဆောင်ရွက်ပေး” ဟု သတ်မှတ်၍ ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးခြင်းကို ရပ်တန့်စေရန်အတွက် ဆက်စပ်ပတ်သက်သူအားလုံး ပူးပေါင်းပါဝင် လာစေရန် တွန်းအားပေးဆောင်ရွက်မည်ဖြစ်ကြောင်း။

 

သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်းများရေးဆွဲခြင်းသည် သစ်တောဦးစီးဌာန၏ အဓိကအရေးကြီးလုပ်ငန်းဖြစ်သလို ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့စေရန် သဘာဝထိန်းသိမ်းရေးနယ်မြေများကို အုပ်ချုပ်လုပ်ကိုင်မှုစီမံချက် ရေးဆွဲဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊  နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် ၂၀၁၅ - ၂၀၂၀ ကို ရေးဆွဲထားပြီးဖြစ်၍ စီမံချက်နှင့်အညီ အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်များ ရေးဆွဲဆောင်ရွက်ရေး၊ ၂၀၁၉ -၂၀၂၀ ခုနှစ်မှ ၂၀၂၈-၂၀၂၉ ခုနှစ်အထိ ရေးဆွဲအကောင်အထည်ဖော်လျက်ရှိသော တောရိုင်းတိရစ္ဆာန်များအတွက် နေရင်း ဒေသပြန်လည်တည်ထောင်ခြင်း စီမံချက်ပါလုပ်ငန်းများကို အောင်မြင်အောင် တွန်းအားပေးဆောင်ရွက်ရေး နှင့် ဒေသခံပြည်သူများ၏ အခြေခံစားဝတ်နေရေးအတွက် ကြားခံနယ်မြေစီမံအုပ်ချုပ်ခြင်း အစီအမံကို ဒေသခံများ သိရှိနားလည်ပြီး ပူးပေါင်းဆောင်ရွက်ရေး မှာကြားသည်။

 

ထို့နောက် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က “Biodiversity Convention : Be part of the Plan” ကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဗီဒီယိုပြသပြီး တက်ရောက်လာ သူများသည် ခင်းကျင်းပြသထားသောပိုစတာများကို လှည့်လည်ကြည့်ရှုကြသည်။

(သတင်းစဉ်)