အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများ ပြေးဆွဲမှုကို အိန္ဒိယဆက်လက်ပိတ်ပင်

နယူးဒေလီ ဒီဇင်ဘာ ၁

အိန္ဒိယနိုင်ငံသည် ဇန်နဝါရီလမတိုင်မီအချိန်အထိ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပြေးဆွဲမှု ကို ပိတ်ပင်သည့်ကာလ တိုးချဲ့ခဲ့ကြောင်း သိရသည်။

အိုမီခရွန်ကူးစက်မှုအပေါ် စိုးရိမ်မှုများ မြင့်မားနေသည့်အတွက် ယခုလို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာ ၁၅ ရက်မှစတင်ကာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းပြေးဆွဲမှုများကို ပြန်လည်စတင် နိုင်ရေး အိန္ဒိယလေကြောင်း အာဏာပိုင်များက ရည်ရွယ်ထားခဲ့သည်။ သို့သော်လည်း ဒီဇင်ဘာ ၉ ရက်တွင်မူ အပြည်ပြည်ဆိုင်ရာ လေယာဉ်ပြေးဆွဲမှု ကို ဇန်နဝါရီ ၃၁ ရက်အထိ ဆိုင်းငံ့သွားရန် ဆုံးဖြတ် ခဲ့သည်။

ကိုဗစ်- ၁၉ မျိုးကွဲ အိုမီခရွန် ကူးစက်ပျံ့နှံ့မှုကို တားဆီးရန်အတွက် ယခုလိုဆုံးဖြတ်ချက် ချခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် အိုမီခရွန်ကူးစက်ခံရသူ ၂၃ ဦး တွေ့ရှိခဲ့သည်။ လက်ရှိသဘောတူညီထားသည့် စည်းကမ်းများအောက်တွင် နိုင်ငံပေါင်း ၃၀ ကျော်မှ လေကြောင်းလိုင်းများ ဆက်လက်လုပ်ဆောင်မည်ဟု သိရသည်။

စင်ကာပူနိုင်ငံတွင်လည်း ပထမဆုံးဒေသတွင်း အိုမီခရွန်ကူးစက်မှုကို တွေ့ရှိခဲ့သည်ဟု ဒီဇင်ဘာ ၉ ရက်တွင် ကြေညာခဲ့သည်။ ချန်ဂီလေဆိပ်တွင် အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီးတွင် ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါအမျိုးသမီးသည် အပိုဆောင်း ကာကွယ်ဆေးထိုးထားသူ ဖြစ်သည်။ စင်ကာပူနိုင်ငံတွင် ယခင်ကလည်း အိုမီခရွန် ကူးစက်မှုသုံးခု တွေ့ရှိထားသည်။ နောက်ထပ်ကူးစက်မှုများလည်း ဖြစ်လာနိုင်သည်ဟု အာဏာပိုင်များက အသိပေးထားသည်။

အင်န်အိတ်ချ်ကေ