အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

လွိုင်ကော် ဇွန် ၂၆

           

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်ဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှ နည်းလမ်းပေါင်းစုံ အသုံးပြု ဆောင်ရွက်နေကြောင်း၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို အနာဂတ် လူသားအရင်းအမြစ်များဖြစ်သော ကျောင်းသားလူငယ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် သက်ဆိုင်ရာဌာနများက အသိပညာပေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒသစ်၏ ရည်မှန်းချက်အရ ပြောင်းလဲလာသည့် မူးယစ်ဆေးဝါး ပြဿနာများအပေါ် သုံးသပ်ပြီး အမျိုးသားရေးအသိစိတ်ဓာတ်ဖြင့် သက်ဆိုင်ရာဌာနများနှင့် ပြည်နယ်အတွင်း နေထိုင်သူအားလုံးက ထိထိရောက်ရောက် ပူးပေါင်းပါဝင်မှု ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ထံမှ ပေးပို့သော သဝဏ်လွှာအား ကယားပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး သန်းစိုးအောင်က ဖတ်ကြားခဲ့သည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ‌ကျောင်းသူများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်း ဗီဒီယိုအား ကြည့်ရှုကြကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။

 

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားပြီး ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဆောင်ရွက်ချက်မှတ်တမ်းများ၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲဝင် ပန်းချီ၊ ကာတွန်းနှင့် ပိုစတာများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

 

ပြည်နယ် (ပြန်\ဆက်)