အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုများ ပပျောက်စေရေး

ပေါက်ပေါက်

ယခုနှစ် ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့သည် (၃၆) ကြိမ်မြောက် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ဖြစ်ပါသည်။ ဇွန်လ ၂၆ ရက်နေ့ကို သတ်မှတ်ရသည့် သမိုင်းကြောင်းရှိပါသည်။ တရုတ်ပြည်၌ ပထမဘိန်းစစ်ပွဲဖြစ်ခါနီး ၁၈၃၉ ခုနှစ်တွင် ဥရောပတိုက်သားများဖြစ်ကြသော ပေါ်တူဂီ၊ စပိန်နှင့် ဒတ်ချ်ကုန်သည်များက တရုတ်ပြည်ကို ဘိန်းများရောင်းချရန်အတွက် ဂွမ်ဒုန်း ပြည်နယ် ဟူမင်းမြို့သို့ ရောက်လာကြသည်။ ထိုအခါ ဖူးကျန့်ပြည်နယ် အုပ်ချုပ်ရေးမှူး Li Zexu က ဇွန်လ ၂၆ ရက်နေ့တွင် ဟူမင်းသို့ အချိန်မီ သွားရောက်ပြီး ဥရောပဘိန်းကုန်သည်များ သယ်လာသည့်ဘိန်းများကို သိမ်းဆည်းမီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ ဘိန်းများမီးရှို့ဖျက်ဆီးခဲ့သော ဇွန်လ ၂၆ ရက်နေ့ကို နှောင်းလူတို့ အမြဲတမ်းအောက်မေ့သတိရကြစေရန်ရည်ရွယ်၍ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ ၁၉၈၇ ခုနှစ် ဇွန်လအတွင်း ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံက ဇွန်လ ၂၆ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အဖြစ် အထူးတလည်သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။

မူးယစ်ဆေးဝါး

မူးယစ်ဆေးဝါးဆိုသည်မှာ လူသားများ၏ ဆင်ခြင်တုံတရားများ၊ ကာယအား၊ ဉာဏအား၊ လူ့စွမ်းအားအရင်းအမြစ်အားလုံးကို အန္တရာယ်အပေးနိုင်ဆုံး ပစ္စည်းဖြစ်သည်။ တစ်နည်းဆိုသော် လူ့ဘဝတိုးတက်မှု အရာမှန်သမျှကို အောက်ဆုံးအထိ နိမ့်ကျစေသော အန္တရာယ်ပေးနိုင်သည့်ပစ္စည်းကို မူးယစ်ဆေးဝါးဟုခေါ်သည်။ ထို့ကြောင့် ကမ္ဘာ့ နိုင်ငံအသီးသီးတွင် မူးယစ်ဆေးဝါးမသုံးစွဲကြရေး ဥပဒေအသီးသီးပြဋ္ဌာန်းပြီး အရေးယူလျက်ရှိသည်။ မိမိတို့မြန်မာနိုင်ငံတွင်လည်း ၁၉၇၆ ခုနှစ် ဖေဖော်ဝါရီ လ ၃ ရက်နေ့က ဥပဒေသစ်ပြဋ္ဌာန်းကာ စီမံချက် (၃) ရပ် ချမှတ်ခဲ့သည်။ အဆိုပါ စီမံချက်ပါ အကြောင်းအရာများမှာ (၁) ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ပပျောက်ရေး၊ (၂) မူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်ရေးနှင့် (၃) မူးယစ်ဆေးဝါးရောင်းဝယ်မှု ပပျောက် ရေးတို့ဖြစ်ကြပြီး ယင်းစီမံချက်များနှင့်အညီ နိုင်ငံတော်က အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

နှစ်စဉ် ဇွန်လ ၂၆ ရက်နေ့ရောက်တိုင်း မြန်မာပြည်၌ တစ်နှစ်တာအတွင်း ဖမ်းဆီးရမိသော ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေးပြား၊ အိုက်စ်၊ ဆေးခြောက် စသည့် မူးယစ်ဆေးဝါးများနှင့်အတူ ၎င်းမူးယစ်ဆေးဝါးများ ထုတ်လုပ်ရာတွင် အသုံးပြုသော  ဆက်စပ်ပစ္စည်းအမျိုးပေါင်း ၅၀ ကျော်တို့ကိုလည်း နိုင်ငံတော်က နိုင်ငံခြားသံရုံးများကိုပါ ဖိတ်ကြားပြီး အခမ်းအနားဖြင့် မီးရှို့ဖျက်ဆီးလေ့ရှိသည်။ သို့သော် ခေတ်အဆက်ဆက် ယနေ့ထိတိုင် နေ့စဉ်ထုတ်သတင်းစာများ၊ တီဗွီရုပ်သံလိုင်းများတွင် မတွေ့ချင် မမြင်ချင်ဆုံးအရာသည် မူးယစ်ဆေးဝါး၊ စိတ်ကြွဆေးပြားသုံးစွဲမှု၊ ရောင်းဝယ်မှုများ ရှင်သန်ကြီးထွားနေဆဲဖြစ်သည်။

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ စတင်မဖြစ်ပွားမီ ၂၀၁၉ ခုနှစ် ထုတ်ပြန်ချက်သတင်းများအရ ကမ္ဘာ့လူဦးရေသန်းပေါင်း ၂၀၀ ကျော်သည် မူးယစ်ဆေး သုံးစွဲလျက်ရှိကြောင်း ကြောက်ခမန်းလိလိ သိရပါသည်။ အနာဂတ်ကမ္ဘာအတွက် ရင်လေးစရာဖြစ်သည်။မူးယစ်ဆေးဝါးဆိုသည်မှာ တစ်ကြိမ်သုံးမိရုံမျှဖြင့် စွဲလမ်းသွားကာ ဖြတ်ရန်လွန်စွာခက်ခဲသည်။ အိမ်တစ်အိမ် သို့မဟုတ် မိသားစုတစ်စုတွင် မူးယစ်ဆေးစွဲသူ တစ်ဦးရှိနေလျှင် တစ်မိသားစုလုံး စိတ်ဆင်းရဲရသည့်အပြင် စီးပွားရေး နာလန်မထူနိုင် တော့ဘဲ ချွတ်ခြုံကျကြရသည်။ ၂၀၁၉ ခုနှစ် နောက်ပိုင်း ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ် စသည့် လေးနှစ်တာကာလအတွင်း မူးယစ်ဆေးသုံးစွဲနှုန်းကို စစ်တမ်းကောက်ယူကြည့်မည် ဆိုပါက ဆေးစွဲလူဦးရေသန်းပေါင်း အဆမတန် တိုးပွားနေမည်ဖြစ်ကြောင်း ပညာရှင်များက ခန့်မှန်းထားကြသည်။

ရှောင်ရှားနိုင်သော နည်းလမ်းကောင်းများ

“မူးယစ်အစ ဆေးလိပ်က” ဖြစ်၍ ဆေးလိပ်၊ ဆေးရွက်ကြီးအမျိုးမျိုးနှင့် ကွမ်းယာတို့ကို အစလုပ်ပြီး မသုံးမိကြရန် အထူးအရေးကြီးသည်။ စိတ်ဓာတ်မခိုင်မာသူ၊ စိတ်မနိုင်သူများသည် မူးယစ်ဆေးများကို သုံးမိတတ်ကြသည်။ မကောင်းမှန်းသိလျက်နှင့် လက်တည့်စမ်းလိုခြင်း၊ မိမိကိုယ်ကိုအထင်ကြီးခြင်း (ဥပမာ ငါကတော့ တခြားသူတွေလို မဟုတ်ဘူး၊ ငါဆေးမစွဲနိုင်ဘူး၊ ငါစိတ်မာတယ်) ဟု တလွဲဆံပင်ကောင်းကာ စမ်းသုံးကြည့်မိတတ်သည်။ တချို့ကမူ အသည်းကွဲလို့၊ တစ်စုံတစ်ခု ဝမ်းနည်းကြေကွဲလို့ သူငယ်ချင်းကဆွယ်လို့၊ အိမ်ကိုအရွဲ့တိုက်ချင်လို့၊ စသည်ဖြင့် အကြောင်းအမျိုးမျိုးပြကာ သုံးကြသည်။ အရင်းစစ်ကြည့်လျှင် စိတ်မခိုင်ခြင်း၊ စိတ်မနိုင်ခြင်းကြောင့် သုံးစွဲခြင်းသာဖြစ်သည်။
 
တချို့ကလည်း “မင်းသုံးကြည့်ပါလား၊ မလုပ်ရဲဘူးလားကွ၊ မင်းအခြောက်လား” ဆိုသည့် မခံချင်စိတ်ကိုနှိုးဆွပြီး အတင်းဆွယ်ကြသည်။ သူငယ်ချင်းများ၏မြှူဆွယ်မှုကြောင့် အစပြု သုံးမိသွားတတ်သည်။ အမှန်တကယ် ဖြစ်သင့်သည်မှာ ဘယ်သူကပဲ ဆွယ်ဆွယ်၊ မခံချင်အောင် ဘယ်လိုပဲပြောကြပါစေ ပါမသွားရန်မှာ မိမိ၏စိတ်ကသာ အဓိကဖြစ်သည်။ မိမိကိုယ်တိုင်ကလည်း ဘယ်လိုအကြောင်းကြောင့်မှ တစ်ကြိမ်တစ်ခါမျှ မသုံးဖို့၊ မထိဖို့လိုသည်။ ထို့ပြင် ယောက်ျားလေးများ အားကစားတစ်ခုခုကို ပုံမှန်လုပ်သင့်သည်။ ကျောင်းစာအပြင် အကျိုးပြု ပြင်ပစာများကိုလည်း လေ့လာဖတ်ရှုသင့်သည်။ ဝါသနာတူသူငယ်ချင်းများနှင့် အားကစားလုပ်ခြင်း၊ ရပ်ရွာအကျိုးအတွက် ပရဟိတလုပ်ခြင်း သို့မဟုတ် ဘာသာရေးကိုလည်း မမေ့မလျော့လုပ်ခြင်း၊ မြို့နယ် ပြည်သူ့စာကြည့်တိုက်များတွင် စာအုပ်ငှားဖတ်နိုင်ခြင်း စသည်ဖြင့် လုပ်ဆောင်မည်ဆိုပါက မူးယစ်စိတ်ကြွဆေးများကို ရှောင်ရှားနိုင်လိမ့်မည်။ ဆိုလိုသည်မှာ မူးယစ်ဆေးသုံးသူများက စာကြည့်တိုက် မသွားတတ်ပေ၊ သွားလေ့သွားထမရှိပေ။ အားကစားကိုလည်း မလိုက်စားကြပေ။ ထိုအခါ မိမိနှင့် ၎င်းတို့သည် ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေပြီး ဆေးသုံးသူများနှင့် ဆုံစည်းနိုင်စရာအကြောင်းမရှိတော့ပေ။

မူးယစ်သားကောင်များအတွက် အကြံပြုချက်

လူဆိုသည်မှာ မှားတတ်သည့်အမျိုးဖြစ်ပါသည် (ဝါ) အမှားမကင်းပေ။ သို့သော် ထိုအမှားကို တစ်သက်တာလုံး ထမ်းပိုးထွေးပိုက်ပြီး သယ်သွားစရာမလိုအပ်ပေ။ “မှား၊ မှားမှန်းသိ လူတော်ဖြစ်၏” “မကောင်း၊ မကောင်းမှန်းသိ လူကောင်းဖြစ်၏၊ မကောင်းလျက်ပင် ကောင်းသည်ထင် မကောင်းမြဲ မကောင်းမည်ပင်” ဆိုသည့် ဆုံးမစကားအတိုင်း မကောင်းသော အရာမှန်သမျှကို ဖြတ်တောက်ပါ။ မည်သူမျှ မွေးကတည်းက ဆေးမသုံးတတ်ကြပေ။ မည်သည့်ကျောင်း၊ မည်သည့် စာပေများကလည်း ဆေးသုံးစွဲရန် သင်ပြရိုးထုံးစံအလျှင်းမရှိပေ။ မိမိအမှားကို မိမိကိုယ်တိုင် ချေဖျက်ရပါမည်။ အမှန်တကယ် ပြတ်ချင်စိတ်လည်းရှိရပါမည်။ မိဘ၊ အုပ်ထိန်းသူများကလည်း ပြန်လည်ထူထောင်ရေးပိုင်းတွင် အတတ်နိုင်ဆုံး စိတ်ရှည်ရှည်ဖြင့် ကူညီအားပေးရန်လိုပါသည်။ ကာယကံရှင်ဘက်ကလည်း ကိုယ့်ကို မိသားစုများ၊ လူအများယုံကြည်လာအောင် နေပြနိုင်ရပါမည်။ အဓိကအချက်မှာ မိမိကိုယ်တိုင်က စိတ်ပြတ်သားရန်လိုပါသည်။ လူ့ဘဝ ရခဲလှသည်။ လူ့ဘဝ၊ လူဖြစ်ရတုန်းခဏတွင် မူးယစ်သားကောင် ဖြစ်နေမည်ဆိုပါလျှင် ဘယ်လိုနည်းနဲ့မျှ ကံ (၅) ပါး မလုံတော့ပေ။ တစ်သံသရာလုံးမှောက်တတ်သည်။ 
မူးယစ်ဆေးဖြတ်ထားပြီးလျှင်လည်း ယခင်က ဆေးသုံးဖော်၊ ဆေးဝယ်ဖူးသူများကို ဝေးဝေးက ရှောင်သင့်ပါသည်။ ပြတ်ပြတ်သားသားလမ်းခွဲပါ။ မိမိကိုယ်ကို တကယ်ချစ်ပါ။ မိသားစုကိုချစ်ပါ။ မိမိအတွက်ကြောင့် မိသားစုကို ဝန်ထုပ်ဝန်ပိုး မဖြစ်ပါစေနှင့်။ မိသားစုအပေါ် တာဝန်သိစိတ်၊ တာဝန်ယူချင်စိတ်ရှိပါ။ အရက်သောက်ခြင်း၊ ကွမ်းစားခြင်း၊ ဆေးရွက်ကြီးငုံခြင်း၊ ဆေးလိပ်သောက်သုံးခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးအဖြစ် ကုသရန်ခက်ခဲသည့် ကင်ဆာရောဂါများဖြစ်လာနိုင်ပါ သည်။ အထူးသဖြင့် ခံတွင်းကင်ဆာ၊ အစာရေမျို ကင်ဆာ၊  အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာများကို ဖြစ်စေပါသည်။ ထို့ပြင် ခြေပုပ်လက်ပုပ်ရောဂါ၊ မျက်စိရောဂါ၊ ပန်းသေပန်းညှိုးရောဂါ ဖြစ်တတ်သည်။ ဆေးလိပ်သောက်၍ ထွက်ရှိလာသော နီကိုတင်းအဆိပ်က ပတ်ဝန်းကျင်ရှိသူများကို second smoker အဖြစ် ဆေးလိပ်ငွေ့အန္တရာယ်ဖြစ်စေသည်။ ကိုယ်ဝန်ဆောင်သူ၏ သန္ဓေ သားအတွက် third smoker အဖြစ် ကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့ဘဲမီးဖွားခြင်း၊ အင်္ဂါမစုံသော ကလေးမွေးဖွားခြင်းဖြစ်တတ်သည်။

ထို့ပြင် အီးစီးကရက်ကလည်း ဆေးလိပ်သောက်ခြင်းတစ်မျိုးဖြစ်သည်။ အီးစီးကရက် သောက်၍ ဆေးလိပ်မပြတ်ပေ။ ၎င်းထဲတွင်ပါသော ဂက်စ်အရည်က အခန့်မသင့်လျှင် ပေါက်ကွဲပြီး လူကိုဘေးဖြစ်စေသည်။ ယနေ့ခေတ်တွင် ဈေးအပေါဆုံး ဆေးလိပ်ဘူးတစ်ဘူး၏ တန်ဖိုးသည် ကြက်ဥအလုံးကြီးကြီးငါးလုံးနှင့် ညီမျှပါသည်။ ဆေးလိပ်သောက်ခြင်းသည် ကြက်ဥများကို အလဟဿ ပစ်ပေါက်ခွဲနေခြင်းဖြစ်ကြောင်း ယုံမှားသံသယ ဖြစ်ဖွယ်မဟုတ်ပါ။ တစ်နည်းဆိုရလျှင် ပိုက်ဆံကို မီးရှို့နေခြင်းဖြစ်သည်။ ဆေးလိပ်သောက်၊ ကွမ်းစားခြင်းကြောင့် ကုန်ကျစရိတ်ကို မိသားစုနှင့်အတူ အဆာပြေ ကြက်ဥပြုတ်စားကြမည်ဆိုပါက ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်ပါသည်။ 

နိဂုံးချုပ်အနေဖြင့် ယခုကာလ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဖြစ်ပွားနေဆဲတွင်  ကွမ်း တံတွေးများကို တွေ့ကရာနေရာ ထွေးထုတ်မည်ဆိုပါက အကယ်၍ မိမိတွင် Covid Positive ဖြစ်နေမည်ဆိုလျှင် အခြားသူများကို ကွမ်းတံတွေးက တစ်ဆင့် ရောဂါဖြန့်ဝေရာရောက်ပါသည်။ သို့ပါ၍ စိတ်ကိုပြောင်းလဲစေတတ်သော၊ လူကိုဘေးဖြစ်စေတတ်သော၊ လူညွန့်တုံးစေတတ်သော၊ လူမျိုးတုံးစေတတ်သော မူးယစ်နွယ်ဝင်မှန်သမျှကို ရှောင်ရှားကြပါရန် တိုက်တွန်းလိုက်ရပါသည်။ ။