အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကျင်းပ မန္တလေး၊ ရန်ကုန်၊ တောင်ကြီးမြို့တို့တွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းနှင့် ဓာတုပစ္စည်းများဖျက်ဆီး 

နေပြည်တော် ဇွန် ၂၆

၂၀၂၄ ခုနှစ်၊ ဇွန် ၂၆ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံး မှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကျင်းပပြီး တောင်ကြီးမြို့၊ ရန်ကုန်မြို့၊ မန္တလေးမြို့တို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်(၆)ခုမှ မြို့နယ်(၂၄)မြို့နယ်တို့၌ တစ်နှစ်တာ ကာလအတွင်း ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများဖျက်ဆီးခြင်း အစီအစဉ်များကို ယနေ့တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ညွှန်ကြား ချက်များနှင့်အညီ တစ်ပြိုင်တည် ကျင်းပ၍ အထိမ်းအမှတ်နေ့ ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီနှင့် ဆောင်ပုဒ်ပြိုင်ပွဲများအတွက် ဆုရရှိသူများကို ဆုများချီးမြှင့်ခဲ့ကြသည်။

(၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့၌ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းနှင့် ဓာတုပစ္စည်းများ မြေမြှုပ်ဖျက်ဆီးခြင်းကို နံနက် ၁၀ နာရီခွဲတွင် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းနှင့် ထီဖောင်းကျေးရွာ အုပ်စုတို့၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မူးယစ်တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသဦးစီး အဖွဲ့ဥက္ကဋ္ဌများ၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကို၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ သူနာပြုသင်တန်းကျောင်းတို့မှ ကိုယ်စားလှယ်များ၊ ကျောင်းသား ကျောင်းသူများ၊ ဒေသခံတိုင်းရင်းသား ကိုယ်စားလှယ်များ၊ မြို့မိ/ မြို့ဖများ တက်ရောက်ကြသည်။ 

အဆိုပါ မီးရှို့ဖျက်ဆီးပွဲတွင် ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့မှ ဖမ်းဆီးရမိသည့် ဘိန်းကီလို ၆၀၀ ကျော်၊ ဘိန်းဖြူ ကီလို ၁၀၃၇ ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၁ သန်းကျော်၊ အိုက်စ် ၄၇၇၁ ကီလိုကျော်၊ ကက်တမင်း ၇၆၄ ကီလိုကျော်၊ ဆေးခြောက် ၂၅၆ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါး ၁၇ မျိုးနှင့် ဓာတုပစ္စည်း ၂၅ မျိုး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ်  ၄၅၆ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၁၃၇ ဒသမ ၀၁၃ သန်း)ကို ဖျက်ဆီးခဲ့သည်။

ထို့ပြင် နံနက် ၈ နာရီတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို ပြုလုပ် ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရှမ်းပြည်နယ် မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရာရှိကြီးများ၊ စာပေ၊ ဂီတ၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် ဗဟိုအဆင့်ဆုရရှိသူများနှင့် ပြည်နယ်အဆင့် ဆုရရှိသူများ တက်ရောက်ခဲ့ကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားခြင်း၊ မူးယစ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ၏ သဝဏ်လွှာကို ပြည်နယ် မူးယစ်တားဆီးကာကွယ်ရေး အဖွဲ့ ဥက္ကဋ္ဌ က ဖတ်ကြားခြင်း၊ စာပေ၊ ဂီတ၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် ဗဟိုအဆင့်ဆုရရှိသူများနှင့် ပြည်နယ်အဆင့် ဆုရရှိသူများကို ဆုချီးမြှင့်ခြင်း၊ မူးယစ်ဆေးဝါးဆိုင်ရာ ပြခန်းများအား လှည့်လည်ကြည့်ရှုခြင်းများ ဆောင်ရွက်ကြသည်။  

ထို့အတူ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ လှိုင်သာယာအနောက်ပိုင်း ကုန်တင်ယာဉ်ရပ်နားကွင်း၌ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်းနှင့် တပ်မတော်အရာရှိ ကြီးများ၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်နှင့် အဖွဲ့ဝင်များ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိ ကြီးများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ သူနာပြုတက္ကသိုလ်နှင့် တိုင်းရင်းသားအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် အမြန်လမ်းရဲတပ်ဖွဲ့တို့မှ ဖမ်းဆီးရမိသော ဘိန်း ၀ ဒသမ ၂၆၂ ကီလိုကျော်၊ ဘိန်းဖြူ ၅၆ ကီလိုကျော်၊ စိတ်ကြွရူးသွပ် ဆေးပြား ၃၂ သန်းကျော်၊ အိုက်စ် ၉၅၇၄ ကီလိုကျော်၊ ဘိန်းစာမှုန့် ၁၇၇၅ ကီလိုကျော်၊ ကက်တမင်း ၂၃၈၂ ကီလိုကျော်၊ ဆေးခြောက် ၅၄၁ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး ၂၆ မျိုးနှင့် ဓာတုပစ္စည်း ၁၁ မျိုး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၂၈၉ ဘီလီယံကျော်(အမေရိကန်ဒေါ်လာ ၈၆ ဒသမ ၈၉ သန်း)ကို ဖျက်ဆီးခဲ့သည်။ 

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ နံနက် ၁၀ နာရီခွဲတွင် ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်တိုင်း မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီးနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိကြီးများ၊ စာပေ၊ ဂီတ၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် ဗဟိုအဆင့်ဆု ရရှိသူများနှင့် တိုင်းဒေသကြီးအဆင့် ဆုရရှိသူများ တက်ရောက်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားခြင်း၊ မူးယစ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၏ သဝဏ်လွှာကို တိုင်းဒေသကြီး မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌက ဖတ်ကြားခြင်း၊ စာပေ၊ ဂီတ၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာ ပန်းချီပြိုင်ပွဲများတွင် ဗဟိုအဆင့် ဆုရရှိသူများနှင့် တိုင်းဒေသကြီးအဆင့်ဆုရရှိသူများကို ဆုချီးမြှင့်ခြင်း၊ မူးယစ်ဆေးဝါးဆိုင်ရာ ပြခန်းများအား လှည့်လည်ကြည့်ရှုခြင်းများ ဆောင်ရွက်ကြသည်။ 

အလားတူ မန္တလေးမြို့တွင်ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားနှင့် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက် ဆီးခြင်း အစီအစဉ်ကို နံနက် ၈ နာရီ မိနစ် ၅၀ တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည် မြို့နယ်၊ ချမ်းမြသာစည်(တောင်)ရပ်ကွက်ရှိ လေယာဉ်ကွင်းအဟောင်း၌  ပြုလုပ်ရာ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူနှင့် ရဲအရာရှိကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ရဲဆက်ဆံရေးအရာရှိကြီးနှင့် အဖွဲ့ဝင်များ၊ မန္တလေးမြို့အခြေစိုက် ကောင်စစ်ဝန်ရုံးများမှ ကိုယ်စားလှယ်များနှင့် မိတ်ဖက်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခြင်း၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၏ သဝဏ်လွှာ ကို တိုင်းဒေသကြီး မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌက ဖတ်ကြားခြင်း၊ စာပေ၊ ဂီတ၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီ ပြိုင်ပွဲများတွင် ဗဟိုအဆင့် ဆုရရှိသူများနှင့် တိုင်းဒေသကြီးအဆင့်ဆုရရှိသူများကို ဆုချီးမြှင့်ခြင်း၊ မူးယစ်ဆေးဝါးဆိုင်ရာ ပြခန်း များအား လှည့်လည်ကြည့်ရှုခြင်းများ ဆောင်ရွက်ကြသည်။ 

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး၊ မြန်မာနိုင်ငံအထက်ပိုင်းဒေသများနှင့် အလယ်ပိုင်း ဒေသများမှ ဖမ်းဆီးရမိသည့် ဘိန်း ၇၆၆ ကီလိုကျော်၊ ဘိန်းဖြူ ၁၀၈၅ ကီလိုကျော်၊ စိတ်ကြွရူးသွပ် ဆေးပြား ၈၅ သန်းကျော်၊ အိုက်စ်ကီလို ၉၀၀၀ ကျော်၊ ကက်တမင်း ၁၀၁၈ ကီလိုကျော်၊ ဆေးခြောက် ၄၅၈ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး ၂၁ မျိုးနှင့် ဓာတုပစ္စည်းအမျိုး ၂၀ တို့၏ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၄၁၈ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၁၂၅ ဒသမ ၅၄ သန်း) ကို ဖျက်ဆီးခဲ့သည်။ 

ယခုနှစ်တွင် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းနှင့် ဓာတုပစ္စည်းများဖျက်ဆီးခြင်း အစီအစဉ်များကို ရန်ကုန်မြို့၊ မန္တလေးမြို့၊ တောင်ကြီးမြို့နှင့် တိုင်းဒေသကြီး/ ပြည်နယ် (၆) ခုမှ မြို့နယ်(၂၄) မြို့နယ်တို့တွင် ကျင်းပပြုလုပ်ခဲ့ရာ ဘိန်း ၁၃၆၆ ကီလိုကျော်၊ ဘိန်းဖြူ ၂၁၇၈ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၉  သန်းကျော်၊ အိုက်စ် ၂၃၃၉၃ ကီလိုကျော်၊ ဘိန်းစာမှုန့် ၁၇၇၅ ကီလိုကျော်၊ ဆေးခြောက် ၁၂၅၇ ကီလိုကျော်၊ ကက်တမင်း ၄၁၆၅ ကီလိုကျော်နှင့် ဘိန်းညိုမှုန့် ၁၂ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတု ပစ္စည်း ၇၇ မျိုး၊ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၁၁၆၃ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၃၄၉ ဒသမ ၄၄၃ သန်း) တို့ကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကောက်ခွန် ဦးစီးဌာနနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့က အရှိန်အဟုန်မြှင့်တင် ကြိုးပမ်း ဆောင်ရွက်မှုကြောင့် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းအများအပြား ဖမ်းဆီးရမိဖျက်ဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်