အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ တောင်ငူ၌ ကျင်းပ

တောင်ငူ  ၂၁  စက်တင်ဘာ

 

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အကြို အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို စက်တင်ဘာ ၂၀ ရက်၊ နံနက်ပိုင်းက တောင်ငူမြို့၊ ကေတုမတီဘိုးဘွားရိပ်သာ မင်္ဂလာခန်းမ၌ ကျင်းပရာ တောင်ငူမြို့နှင့် ပတ်ဝန်းကျင်ရှိ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမှ ကျောင်းသားကျောင်းသူ ၁၂၅ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။

 

အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့်အတွက် “မျက်ဝါးထင်ထင် အိုနာမြင် စေတနာစိတ်ထား ကုသိုလ်ပွား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်အတွက် “သက်ကြီးရွယ်အို ဘဝကို စိုပြည်စေဖို့ ကြိုးပမ်းစို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့်အတွက် “သက်ကြီးရွယ်အိုများကို ကူညီပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဖြေဆိုကြရကြောင်း သိရှိရသည်။

 

ကျော်လှ (တောင်ငူ)