အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၁

၁၀၁ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အခမ်းအနားတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ် (International Co-operative Alliance-ICA) ကို ၁၈၉၅ ခုနှစ် ဩဂုတ် ၁၉ ရက်တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ စတင်ဖွဲ့စည်းခဲ့ပြီး သက်တမ်း ၁၂၈ နှစ်ရှိပြီဖြစ်ပါကြောင်း၊ ၁၉၂၃ ခုနှစ်မှစတင်၍ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အထိမ်းအမှတ် ပွဲများ ကျင်းပလာခဲ့သည်မှာ ၁၀၁ နှစ်တိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်ကို အဖွဲ့ဝင်နိုင်ငံပေါင်း (၁၀၇)နိုင်ငံမှ သမဝါယမအသင်း စုချုပ်ပေါင်း (၃၁၇) သင်းကျော်၊ သမဝါယမအသင်းပေါင်း(၃) သန်းကျော်၊ အသင်းသားပေါင်း သန်း(၁၀၀၀) ကျော်ဖြင့် ပါဝင်ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာ့လူဦးရေ၏ ၁၀ ရာခိုင်နှုန်းကျော် တစ်နည်း အားဖြင့် ကမ္ဘာ့လူဦးရေ သန်း (၂၈၀) ကျော်ကို ကမ္ဘာ့သမဝါယမ အသင်းများက အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း။

မြန်မာနိုင်ငံတွင် ဗဟိုသမဝါယမအသင်းသည် ၁၉၉၃ ခုနှစ် စက်တင်ဘာ ၇ ရက်တွင် အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်၏ အဖွဲ့ဝင်အဖြစ် စတင်ဝင်ရောက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ တွင် ၁၉၀၄ ခုနှစ်၌ သမဝါယမအသင်း အက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၁၉၀၅ ခုနှစ်၊ ဇန်နဝါရီ ၃ ရက် တွင် စစ်ကိုင်းခရိုင် မြင်းမူငွေစုငွေချေးသမဝါယမအသင်းကို စတင်ဖွဲ့စည်းခဲ့ကာ သမဝါယမအသင်း များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဦးစီးဌာန၊ ဝန်ကြီးဌာန ဖွဲ့စည်း ထူထောင်ပြီး လမ်းညွှန်ကြီး ကြပ်မှုများဖြင့် ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ် ဇွန် ၁၇ ရက်တွင် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို ဝန်ကြီးဌာနအသစ်အဖြစ် ပြန်လည်ဖွဲ့စည်း တည်ထောင်၍ ခေတ်နှင့်အညီ မူဝါဒအသစ်များဖြင့် သမဝါယမလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးလာစေရေး ဆောင်ရွက်လျက်ရှိပါ ကြောင်း။

သမဝါယမဦးစီးဌာနသည် ပြည်သူတို့၏ လူမှုစီးပွားအတွက် ထိရောက် အကျိုးရှိမည့် မျှော်မှန်းချက်၊ ရည်မှန်းချက်၊ မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ Action Plan (၉)ရပ် ချမှတ်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် အမှန်တကယ် အလုပ်လုပ်လိုသူများ၊ လုပ်ငန်းတူရာအလိုက် စိတ်ဝင်စားသူများကို သမဝါယမ အသင်းသစ်များ စည်းရုံးဖွဲ့စည်းခြင်း၊ ဖွဲ့စည်းခဲ့ပြီးသော အသင်းဟောင်းများအား လုပ်ငန်း အမှန်တကယ် လုပ်ကိုင်သူများကိုသာ ပြန်လည်ပြုပြင်ဖွဲ့စည်းခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ထိ သမဝါယမအသင်းပေါင်း (၃၈၇၀၉) သင်း ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ကျေးလက်နေ ပြည်သူများ၏ တစ်ဦးချင်း ဝင်ငွေတိုးပွားရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ အမှန်တကယ် လုပ်ကိုင်ဆောင်ရွက်လာနိုင်အောင် စည်းရုံးပေါင်းစပ် ကူညီဆောင်ရွက် ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ ဝင်ငွေနှင့် လူနေမှုဘဝမြင့်မားရေးကို ကြိုးပမ်းဆောင် ရွက်ပေးလျက်ရှိပါကြောင်း။

၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ဆောင်ပုဒ်ဖြစ်သည့် “Cooperatives: Partners for accelerated sustainable development” (အရှိန်အဟုန်ဖြင့် ရေရှည်တိုးတက်ရေး သမဝါယမများက ဆောင်ရွက်ပေး) ဆိုသည့်အတိုင်း နိုင်ငံတကာ သမဝါယမများက မျှဝေခံစားတတ်သော လူ့ကျင့်ဝတ်ဂုဏ်သိက္ခာ စံတန်ဖိုးများအပေါ် အခြေတည်ထားသည့် အခြေခံမူများ အတိုင်း လိုက်နာကျင့်သုံး ကြိုးစားအားထုတ်နေချိန်တွင် မြန်မာ့သမဝါယမများကလည်း သမဝါယမ ပုံရိပ်ကို ပြန်လည်မြှင့်တင်ပေးနိုင်ရန် တာဝန်ရှိသူများက စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပြီး ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ရေရှည်ဖွံ့ဖြိုးနိုင်ရေးအတွက် သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းများက ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။

ထို့နောက် ဗဟိုသမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌ ဦးကျော်မြခိုင်က အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ဂုဏ်ပြုစကား ပြောကြားပြီး ဗဟိုသမဝါယမအသင်းလီမိတက် ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာတိုးနန္ဒာတင်က အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်မှ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြား၍ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ဂုဏ်ပြုတေးသီချင်းနှင့် သမဝါယမလုပ်ငန်းဆောင် ရွက်မှုရုပ်သံ Video Clip တို့ကို ပြသသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သမဝါယမ ဖွံ့ဖြိုးရေးဆောင်ရွက်မှုများအတွက် ဆု အမျိုးအစားပေါင်း ၃၆ ဆုကို ပေးအပ်ချီးမြှင့်ပြီး အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကာ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အထိမ်းအမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးသည်။

အဆိုပါ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မင်းနောင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ညွှန်ကြားရေးမှူးချုပ်များ၊ သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(သန်လျင်၊ စစ်ကိုင်း)တို့မှ ပါမောက္ခချုပ်များ၊ ဗဟိုသမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ သမဝါယမ ကောလိပ်(မန္တလေး၊ဖောင်ကြီး)တို့မှ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် သမဝါယမ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ သမဝါယမ စာရင်းရေးစာရင်းကိုင် သက်မွေးပညာ သင်တန်း ကျောင်း (တောင်ကြီး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်၊ မန္တလေး)တို့မှ ကျောင်းအုပ်ကြီးများ၊ တိုင်း ဒေသကြီး/ပြည်နယ် သမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌများ၊ သမဝါယမအသင်းသားများ၊ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်