အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်နှင့် ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန် ဝိဇ္ဇာလယဗုဒ္ဓတက္ကသိုလ် နှစ်ခုအကြား  ပညာရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးရန် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ရန်ကုန်   ဇူလိုင် ၅

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်နှင့်  ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန် ဝိဇ္ဇာလယဗုဒ္ဓတက္ကသိုလ်နှစ်ခုအကြား ပညာရေးဆိုင်ရာကိစ္စရပ်များ ပူး‌ပေါင်းဖလှယ် ဆောင်ရွက်ရန်အတွက် နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးရန် ညှိနှိုင်းဆွေးနွေး ပွဲကို ဇူလိုင် ၃ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၌ ကျင်းပသည်။

 

ဆွေးနွေးပွဲသို့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ အမှူးပြုသော သင်ကြားဆရာတော် ကြီးများ၊ ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန် ဝိဇ္ဇာလ ယဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော်ကိုယ်စား ဒုတိယပါမောက္ခချုပ် ဆရာတော် (ပြည်ပရေးရာ) Asst. Prof. Dr. Phramaha Surasak Paccantaseno နှင့် မဟာဝိဇ္ဇာလယ ဗုဒ္ဓတက္ကသိုလ်၏ ဓမ္မဒူတကောလိပ် ကျောင်းအုပ် Dr. Phrakhrusutaratanabundit အမှူးပြုသော MCU မှ သင်ကြား/စီမံ ဆရာတော်များ တက်ရောက်ကြသည်။

 

ဆွေးနွေးပွဲတွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်နှင့် ထိုင်းနိုင်ငံ မဟာချူလာ လောင်ကွန် ဝိဇ္ဇာလယဗုဒ္ဓတက္ကသိုလ် နှစ်ခုအကြား ပညာရေးဆိုင်ရာကိစ္စရပ်များ အပြန်အလှန် ပူးပေါင်းမြှင့်တင်ဆောင်ရွက်ရန်၊ တက္ကသိုလ်နှစ်ခု၏ ဗုဒ္ဓဘာသာဆိုင်ရာ သင်ကြားရေးနှင့် သုတေသနပြုခြင်း ဆိုင်ရာ ကိစ္စရပ်များ၊ ဘွဲ့လွန်၊ ဘွဲ့ကြိုနှင့် သုတေသနကျောင်းသားများ အပြန်အလှန် စေလွှတ်သင်ကြားရေး ဆိုင်ရာ ကိစ္စရပ်များ၊ ထေရဝါဒ ဗုဒ္ဓဘာသာဆိုင်ရာ သင်ကြား/သင်ယူမှု နည်းလမ်းများ (Teaching Methods)၊ လက်တွေ့ လေ့လာကျင့်သုံးမှု (Practice Meditation)၊ စီမံခန့်ခွဲမှု (Administration)၊ သုတေသန (Research)နှင့် တက္ကသိုလ်နှစ်ခု၏ ညီလာခံ (Conference) ကျင်းပ ပြုလုပ်ရေးဆိုင်ရာ ကိစ္စ ရပ်များ၊ တက္ကသိုလ်စာကြည့်တိုက်များအတွက် အထောက်အကူပြုပစ္စည်းများ အပြန်အလှန် ပေးအပ်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံတက္ကသိုလ်များမှ ဆရာတော်ကြီးများက အပြန်အလှန် ဆွေးနွေးညှိနှိုင်း ခဲ့ကြကာ ဓမ္မလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)