အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် (၁၈)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ရန်ကုန် ၁၄ ဇွန် 


သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် (၁၈)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ရှိ အဆိုပါတက္ကသိုလ်ခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြည်ညိုကြသည်။


ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ  ဆရာတော်က သာရဏီယ အဖွင့်သြဝါဒကထာ မိန့်ကြားချီးမြှင့်တော်မူပြီး ဒုတိယဝန်ကြီး ဦးကြည်မင်းက ဂုဏ်ပြု ဝမ်းမြောက်စကား လျှောက်ထားသည်။

 

1


ယင်းနောက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ  သာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော်ကိုယ်စား ဒုတိယပါမောက္ခချုပ်ဆရာတော်  အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တစန္ဒာဝရာဘိဝံသက ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ပါရဂူဘွဲ့(ဗုဒ္ဓဓမ္မ) ရရှိသူ ရဟန်းသုံးပါး၊ သီလရှင် သုံးပါး၊ ၂၀၁၇- ၂၀၁၈ ပညာသင်နှစ်တွင် မဟာဝိဇ္ဇာဘွဲ့(ဗုဒ္ဓဓမ္မ) ရရှိသူ ရဟန်း ခြောက်ပါး၊ သီလရှင် ငါးပါး၊ အမျိုးသမီး သုံးဦး၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ဝိဇ္ဇာဘွဲ့(ဗုဒ္ဓဓမ္မ) ရရှိသူ ရဟန်း ၂၂ ပါး၊ သီလရှင် ၁၅ ပါး၊ အမျိုးသား သုံးဦး၊ အမျိုးသမီး သုံးဦး၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ဒီပလိုမာ(ဗုဒ္ဓဓမ္မ)အောင်လက်မှတ်ရရှိသူ ရဟန်း ၂၆ ပါး၊ သီလရှင် ကိုးပါး၊ အမျိုးသား လေးဦး၊ အမျိုးသမီး ၁၂ ဦးတို့အား ဘွဲ့တံဆိပ်နှင့် အဆောင်အယောင် များ ချီးမြှင့်အပ်နှင်းပြီး သြဝါဒကထာ မြွက်ကြားချီးမြှင့်တော်မူသည်။


အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်ကို ၁၉၉၈ ခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ပြည်ပနိုင်ငံ ၁၄ နိုင်ငံနှင့် ပြည်တွင်းမှ ရဟန်း သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များတက်ရောက်လျက်ရှိကာ ယနေ့ အချိန်အထိ တက္ကသိုလ်သို့ တက်ရောက်ခဲ့သော ပြည်တွင်း၊ ပြည်ပသင်တန်းသားများမှ ပါရဂူဘွဲ့ရရှိသူ ၃၂ ပါး/ဦး၊ မဟာဝိဇ္ဇာဘွဲ့ရရှိသူ ၂၀၃ ပါး/ဦး၊ ဝိဇ္ဇာဘွဲ့ရရှိသူ ၇၄၆ ပါး/ဦး၊ ဒီပလိုမာ အောင်လက်မှတ်ရရှိသူ ၁၁၂၈ ပါး/ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ယခုနှစ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ပြည်တွင်း၊ ပြည်ပသင်တန်းသား စုစုပေါင်း ၃၂၆ ပါး/ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။ 


သတင်း - ရီရီမြင့်၊ ဥမ္မာသန့်
ဓာတ်ပုံ - လှမိုး

 

1