အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒီပလိုမာ(ဗုဒ္ဓဓမ္မ) အောင်လက်မှတ် ချီးမြှင့်အပ်နှင်းပွဲနှင့် သင်တန်းသားသစ် ကြိုဆိုပွဲကျင်းပ

ရန်ကုန် ဇွန် ၂၂

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဒီပလိုမာသင်တန်းအသီးသီးသို့ တက်ရောက်အောင်မြင်ခဲ့ကြသော ပြည်တွင်း၊ ပြည်ပ သင်တန်းသားများအား ဒီပလိုမာ(ဗုဒ္ဓဓမ္မ) အောင်လက်မှတ် ချီးမြှင့်အပ်နှင်းပွဲနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်တန်းသားသစ် ကြိုဆိုပွဲကို ဇွန် ၂၂ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ Seminar Hall ၌ ပြုလုပ်ခဲ့သည်။

အစီအစဉ်အရ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဆေကိန္ဒက သြဝါဒကထာနှင့် သမ္မောဒနိယသန္ဒေသကထာ မိန့်ကြား ချီးမြှင့်တော်မူပြီး ကြိုဆိုနှုတ်ခွန်းဆက်စကား မိန့်ကြားသည်။ ထို့နောက် ပါမောက္ခချုပ်ဆရာတော်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဒီပလိုမာသင်တန်း အသီးသီးသို့ တက်ရောက်အောင်မြင်ခဲ့ကြသော ပြည်တွင်း၊ ပြည်ပ သင်တန်းသား များအား ဒီပလိုမာ(ဗုဒ္ဓဓမ္မ) အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်တော်မူပြီး အောင်လက်မှတ်ရ သင်တန်းသားများက အဓိဋ္ဌာန်ပြုတော်မူကြသည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်တန်းအသီးသီးသို့ တက်ရောက်ကြမည့် ပြည်တွင်း၊ ပြည်ပ သင်တန်းသားသစ် ရဟန်းတော်များအား  တက္ကသိုလ်တံဆိပ်ပါ ကတ္တီပါယပ်များကို လည်းကောင်း၊ သင်တန်းသားသစ် သီလရှင်များ၊ အမျိုးသားများနှင့် အမျိုးသမီးများအား တက္ကသိုလ်တံဆိပ်ပါ ယောဂီလောဘက်များကိုလည်းကောင်း သင်တန်းသားသစ်များအဖြစ် အသိအမှတ်ပြုသောအားဖြင့် အပ်နှင်းချီးမြှင့်တော်မူသည်။

အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ အမှူးပြုသော သင်ကြား ဆရာတော်ကြီးများ၊ သင်ကြား သီလရှင် ဆရာကြီးများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဒီပလိုမာ(ဗုဒ္ဓဓမ္မ) သင်တန်းအသီးသီးသို့ တက်ရောက်အောင်မြင်ခဲ့ကြသော ပြည်တွင်း၊ ပြည်ပ သင်တန်းသားများနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်သို့ တက်ရောက်ကြမည့် ပြည်တွင်း၊ ပြည်ပ သင်တန်းသားသစ်များ  ကြွရောက်တော်မူကြကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်ကို ၁၉၉၈ ခုနှစ်တွင် စတင်တည်ထောင် ဖွင့်လှစ်ခဲ့ပြီး ထေရဝါဒ ဗုဒ္ဓသာသနာတော် ကမ္ဘာတစ်ဝန်းလုံးတွင် ပြန့်ပွားစေရန်၊ သင်္ဂါယနာ ခြောက်တန်တင် ထေရဝါဒ ပိဋကတ်စာပေများကို မူရင်းအတိုင်း သင်ယူခွင့်ရရှိပြီး လိုက်နာကျင့်သုံးနိုင်စေရန်၊ အကုသိုလ်ဖြစ်စေမည့် ဒုစရိုက်မှုများကို သိရှိရှောင်ကြဉ်၍ ကုသိုလ်ဖြစ်စေမည့် သုစရိုက်မှုများကို သိရှိဖြည့်ဆည်း ကျင့်သုံးနိုင်စေရန်၊ ကမ္ဘာတစ်ဝန်းလုံး ဗြဟ္မစိုရ်တရား ထွန်းကား၍ ငြိမ်းချမ်းသာယာသည့် လူ့ဘောင်လောကကြီး ဖြစ်လာနိုင်စေရန်၊ ပရိယတ္တိဆိုင်ရာ ပိဋကတ်စာပေ ကျွမ်းကျင်နှံ့စပ်၍ ပဋိပတ္တိဆိုင်ရာ အကျင့်သီလနှင့် ပြည့်စုံသောသာသနာပြုပုဂ္ဂိုလ်များ တိုးပွားလာစေရန်၊ ထေရဝါဒ ပိဋကတ်တော်များကို မူရင်းအတိုင်း လေ့လာသင်ယူလိုသည့် ပြည်တွင်း၊ ပြည်ပ သင်တန်းသားများအား လေ့ကျင့်သင်ကြားပေးနိုင်ရန်၊ ထေရဝါဒဗုဒ္ဓသာသနာ ပြန့်ပွားရေးအတွက် ပြည်တွင်း၊ ပြည်ပရှိ ဗုဒ္ဓဘာသာဆိုင်ရာတက္ကသိုလ်များ၊ တက္ကသိုလ်၏ ရည်မှန်းချက်ကို အထောက်အကူ ပြုစေမည့် အခြားတက္ကသိုလ်များနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်စေရန်၊ ထေရဝါဒဗုဒ္ဓသာသနာ ပြန့်ပွားထွန်းကားရေး အတွက် နိုင်ငံတကာသို့ သာသနာပြုစေလွှတ်နိုင်ရန် အစရှိသော ရည်ရွယ်ချက်များဖြင့် ထေရဝါဒ ဗုဒ္ဓသာသနာပြုသင်တန်း အသီးသီးကို ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မြန်မာနိုင်ငံအပါအဝင် ပြည်တွင်း၊ ပြည်ပ ၁၈ နိုင်ငံမှ သင်တန်းသား ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ် စုစုပေါင်း ၃၁၁ ပါး/ဦး တက်ရောက်သင်ယူလျက်ရှိကာ ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာ၊ ပါဠိ၊ သမထ၊ ဝိပဿနာ ဘာသာရပ်များအား မြတ်ဗုဒ္ဓ၏ ထေရဝါဒဒေသနာတော်နှင့်အညီ ဦးစားပေး သင်ကြားပို့ချပေးလျက်ရှိသည်။

သတင်းစဉ်