ရန်ကုန် ဇွန် ၂၅

 

သာသနာရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် (၂၀၂၅-၂၀၂၆)ပညာသင်နှစ်တွင် ဒီပလိုမာ သင်တန်းများသို့ တက်ရောက် အောင်မြင်ခဲ့ကြသော ပြည်တွင်း၊ ပြည်ပ သင်တန်းသားများအား ဒီပလိုမာ(ဗုဒ္ဓဓမ္မ) အောင်လက်မှတ် ချီးမြှင့်အပ်နှင်းပွဲနှင့် (၂၀၂၆-၂၀၂၇) ပညာသင်နှစ်သို့ တက်ရောက်ကြမည့် ပြည်တွင်း၊ ပြည်ပမှ သင်တန်းသားသစ်များအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် Seminar Hall ၌ ကျင်းပသည်။

 

အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိ က ဗဟုဇနဟိတဓရ ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒက သြဝါဒကထာ မိန့်ကြားပြီး ဒီပလိုမာသင်တန်းများ တက်ရောက်အောင်မြင်ကြသော ပြည်တွင်း၊ ပြည်ပ သင်တန်းသား များအား ဒီပလိုမာ(ဗုဒ္ဓဓမ္မ) အောင်လက်မှတ်များ၊ ပြည်တွင်း၊ ပြည်ပ သင်တန်းသားသစ် ရဟန်းတော်များအား တက္ကသိုလ်တံဆိပ်ပါ ကတ္တီပါယပ်များ၊ သင်တန်းသားသစ် သီလရှင်များ၊ အမျိုးသားများနှင့် အမျိုးသမီးများအား တက္ကသိုလ် တံဆိပ်ပါ ယောဂီလောဘက်များ အပ်နှင်းချီးမြှင့်သည်။

 

ယခု(၂၀၂၆-၂၀၂၇) ပညာသင်နှစ်တွင် မြန်မာနိုင်ငံအပါအဝင် ပြည်တွင်း၊ ပြည်ပ ၁၅ နိုင်ငံမှ သင်တန်းသား ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ် စုစုပေါင်း ၃၆၉ ပါး/ဦး တက်ရောက် သင်ယူလျက်ရှိပြီး ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာ၊ ပါဠိ၊ သမထ၊ ဝိပဿနာ ဘာသာရပ်များကို မြတ်ဗုဒ္ဓ၏ထေရဝါဒ ဒေသနာတော်နှင့်အညီ ဦးစားပေးသင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်