ရန်ကုန်     ဇွန်     ၂၄

၂၀၂၆ ခုနှစ်  အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ပန်ကြပ်ဆီလတ်၊ ဗိုဗီနမ်နှင့် မြန်မာ့သိုင်းပြိုင်ပွဲများကို ဇွန် ၂၁ ရက်မှ ၂၃ အထိ ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ် မြန်မာသိုင်းသင်တန်းကျောင်း၌ ကျင်းပသည်။

အဆိုပါ ပန်ကြပ်ဆီလတ် ပြိုင်ပွဲကို  ဇွန် ၂၁ ရက်က အတိုက်အားကစားနည်း အမျိုးသား ကီလိုတန်း  သုံးတန်း၊ အမျိုးသမီး ကီလိုတန်း သုံးတန်းနှင့် အပြ အားကစားနည်းခြောက်နည်း၊ အားကစားနည်း  ရှစ်နည်း၊ အသင်းပေါင်း ၁၅ သင်း စုစုပေါင်း အားကစားသမား ၄၁  ဦး ပါဝင်ယှဉ်ပြိုင်၍  ဗိုဗီနမ်အားကစားပြိုင်ပွဲတွင် အတိုက်အားကစားနည်း အမျိုးသားကီလိုတန်း  သုံးတန်း၊   အမျိုးသမီး ကီလိုတန်း  သုံးတန်းနှင့် အပြအားကစားနည်းခြောက်နည်း စုစုပေါင်း  ၁၂  နည်း ကျင်းပခဲ့ပြီး ပြိုင်ပွဲ ဝင်အသင်း ၁၄ သင်း၊ ပြိုင်ပွဲဝင် ၂၉ ဦး ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍   မြန်မာ့သိုင်းပြိုင်ပွဲကို  ဇွန်၂၂ ရက်နှင့် ၂၃ ရက်တွင် ကျင်းပရာ အတိုက်အမျိုးသား ကီလိုတန်း သုံးတန်း၊ အမျိုးသမီး ကီလိုတန်း   သုံးတန်းနှင့် အပြ အားကစားနည်း ခြောက်နည်း ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အသင်းပေါင်း ၃၄ သင်း ၊  အားကစားသမား အင်အား ၁၄၁ ဦး  ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲများအပြီး   ဆုပေးပွဲကို ကျင်းပရာ အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့်  ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲမြင့်၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးနောင်နှင့် အမှုဆောင်များက ပထမဆု၊ ဒုတိယဆုနှင့် ပူးတွဲတတိယဆု ရရှိကြသည့် အားကစားသမားများအား ဆုများပေးအပ်ချီးမြှင့်ကြသည်။ အဆိုပါပြိုင်ပွဲတွင် ပန်ကြပ်ဆီလတ်၊ ဗိုဗီနမ်နှင့် မြန်မာ့သိုင်းအားကစားနည်းများမှ ကစားသမား စုစုပေါင်း ၂၂၆ ဦး ပါဝင်ကြောင်း သိရသည်။

အာကာ