“အပြည်ပြည်ဆိုင်ရာကလေးများနှစ်” အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းအသစ် ထုတ်ဝေမည်

နေပြည်တော် နိုဝင်ဘာ ၂၈

 

၁၉၇၉ ခုနှစ်ကို “အပြည်ပြည်ဆိုင်ရာကလေးများနှစ်” အဖြစ် ကမ္ဘာ့ကုလသမဂ္ဂက သတ်မှတ်ခဲ့ပြီး ပန်းချီဆရာကြီး ဦးခင်လှိုင် ရေးဆွဲပေးခဲ့သည့် တံဆိပ်ခေါင်း ဒီဇိုင်းဖြင့် မြန်မာနိုင်ငံမှ  “အပြည်ပြည်ဆိုင်ရာကလေးများနှစ်” အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းကို ၁၉၇၉ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ဝေခဲ့သည်။

 

ယခုနှစ် ၂၀၂၃ တွင် “အပြည်ပြည်ဆိုင်ရာကလေးများနှစ် (၄၄) နှစ်ပြည့်” အထိမ်းအမှတ်အဖြစ် အဆိုပါ ပန်းချီဆရာကြီး ဦးခင်လှိုင် ရေးဆွဲပေးထားသည့် ပန်းချီဒီဇိုင်းကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းက (၂၀၀ ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်အဖြစ် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၄) ရက် (သောကြာနေ့) နံနက် ၉ နာရီခွဲ မှစတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် ထုတ်ဝေရောင်းချပေးသွားမည် ဖြစ်သည်။

 

အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက် (သောကြာနေ့) တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်