Apple နဲ့ တရုတ် App Stores တွေမှာ Skype ရယူအသုံးပြုခွင့် ပိတ်ပင်ခံရ

ပေကျင်း ၂၁ နိုဝင်ဘာ


တရုတ်နိုင်ငံရဲ့ ဥပဒေကို ချိုးဖောက်ရာ ရောက်တယ်လို့ ယူဆတဲ့ အင်တာနက် ဖုန်းခေါ်ဆိုမှု အက်ပလီကေးရှင်း အတော်များများကို ဖြုတ်ချခဲ့တာကြောင့် အခုလို ဖြစ်ပွားခဲ့ရတာ ဖြစ်ကြောင်း၊ တခြား အက်ပလီကေးရှင်း စတိုးများတွင် Download ရရှိနိုင်ကြောင်း Apple က အင်္ဂါနေ့က တုန့်ပြန် ဖြေရှင်းခဲ့ပါတယ်။


တရုတ် ဆိုက်ဘာအာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ နှစ်လကတည်းက Whatsapp ကဲ့သို့ လျှို့ဝှက်ကုဒ် အသုံးပြု အက်ပလီကေးရှင်းတွေရဲ့ ဝန်ဆောင်မှုတွေကိုလည်း ကန့်သတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အာဏာပိုင်တွေအနေနဲ့ တစ်ဦးချင်း လုံခြုံရေးနဲ့ အွန်လိုင်း အကြမ်းဖက်မှုတွေကို ကာကွယ်ဖို့ ရည်ရွယ်ကြောင်း ပြောကြားထားပါတယ်။


ပြည်ပနည်းပညာနဲ့ စီးပွားရေး လုပ်ငန်းတွေကတော့ တရုတ်နိုင်ငံရဲ့ အင်တာနက်ဆိုင်ရာ စည်းမျဉ်းတွေက တင်းကျပ်လွန်းတယ်လို့ ဆိုပါတယ်။ အဆိုပါ ဆောင်ရွက်ချက်တွေက ဒီကနှစ် အစောပိုင်းက ထုတ်ပြန်ခဲ့တဲ့ အမည်ရင်း အသုံးပြု မှတ်ပုံတင်ရေးနဲ့သက်ဆိုင်မှု ရှိနေပြီး နိုင်ငံတော်က ထုတ်ပေးထားတဲ့ နိုင်ငံသားကဒ် ၊ နိုင်ငံကူးလက်မှတ် စတာတွေနဲ့ တိုက်ဆိုင် စစ်ဆေးနိုင်ဖို့ဖြစ်တယ်လို့ သိရပါတယ်။


ဘာသာပြန်-မိုးမမ

Source: Reuters