အပြုသဘော ဦးဆောင်တတ်ပါစေ

ကောင်းမွန်
“မိမိ၏ လက်အောက်ငယ်သား အဖွဲ့ဝင်များ၊ ဝန်ထမ်းများအနေဖြင့် ၎င်းတို့ကို ပေးအပ်လိုက်သည့် တာဝန်များအား ကျေပွန်စွာထမ်းဆောင်ကြလိမ့်မည်ဟု ယုံကြည်မှုပြသခြင်းဖြင့် ၎င်းတို့ အရည်အသွေး ပိုမိုတိုးတက်ကောင်းမွန်စေရန် ဦးဆောင်မှု ပေးပါ။”
လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ နားလည်တတ်ကျွမ်းသူများ၊ သင်ကြားပို့ချသူများ၊ စိတ်ပညာရှင်များက ခေါင်းဆောင်တစ်ဦး (သို့မဟုတ်) မန်နေဂျာတစ်ဦး အနေဖြင့် ၎င်းတို့လက်အောက် ဝန်ထမ်းများ၊ အဖွဲ့ဝင်များ၏ စွမ်းဆောင်ချက်အပေါ် မျှော်လင့်ထားရှိမှုနှင့်ဆက်စပ်သည့် လွှမ်းမိုးမှုစွမ်းပကား အားကောင်းစွာ အသိအမှတ်ပြုထား ကြသည်။
ခေါင်းဆောင်တစ်ဦး (သို့မဟုတ်) မန်နေဂျာတစ်ဦးက ၎င်း၏ လက်အောက်ငယ်သားများ၊ ဝန်ထမ်းများအပေါ် ဆက်ဆံမှုသည် ၎င်းတို့၏ လုပ်ငန်းအကောင်အထည်ဖော်မှု၊ လုပ်ဆောင်ချက်များအပေါ် များစွာအဆုံးအဖြတ်ပေးတတ်သည်။ ခေါင်းဆောင်တစ်ဦး (သို့မဟုတ်) မန်နေဂျာတစ်ဦးက ၎င်း၏ လက်အောက်ငယ်သားများ၊ ဝန်ထမ်းများအပေါ် မြင့်မားသည့် မျှော်လင့်ချက်ထားရှိပါက ၎င်းတို့၏ ထုတ်လုပ်မှုစွမ်းအားသည် ပိုမိုတိုးမြင့်လာဖွယ်ရှိသည်။ အခြားတစ်ဖက်၌ ခေါင်းဆောင်တစ်ဦး (သို့မဟုတ်) မန်နေဂျာတစ်ဦးက ၎င်း၏ လက်အောက်ငယ်သားများ၊ ဝန်ထမ်းများအပေါ် မျှော်လင့်ချက် မြင့်မြင့်မားမား မထားပါက ၎င်းတို့၏ ထုတ်လုပ်နိုင်စွမ်း နည်းပါး၊ လျော့ပါးနိုင်သည့် အလားအလာရှိပါသည်။
တစ်နည်းအားဖြင့် လက်အောက်ငယ်သားများ၊ လက်အောက်ဝန်ထမ်းများသည် ၎င်းတို့၏ ခေါင်းဆောင်ဖြစ်သူက ၎င်းတို့၏ အရည်အသွေးအပေါ် လက်ခံထားရှိမှုအတိုင်း လုပ်ငန်းများကို အကောင်အထည်ဖော်တတ်သည့် သဘောရှိသည်။ ယင်းကို “ပစ်ဂ်မယ်လီယန်” အကျိုးသက်ရောက်မှုဟု ဆိုကြသည်။
“ပစ်ဂ်မယ်လီယန်” အကျိုးသက်ရောက်မှု
ဂရိဒဏ္ဍာရီ၌ “ပစ်ဂ်မယ်လီယန်” မှာ ဆိုက်ပရပ်ဘုရင် တစ်ပါးဖြစ်ပြီး ပန်းပုပညာ ကျွမ်းကျင်သူတစ်ဦးလည်း ဖြစ်သည်။ ၎င်းအတွက် စံပြအမျိုးသမီးတစ်ဦး၏ပုံကို ဆင်စွယ်မှ ထုဆစ်ဖန်တီးခဲ့ရာ ရလဒ်အနေဖြင့် “ဂါလက်တီယာ”ကို ထုလုပ်ပြီးနောက် ယင်းအပေါ် မေတ္တာသက်ဝင်ခဲ့ရာ “ပစ်ဂ်မယ် လီယန်”၏ ဆုတောင်းမှုကြောင့် လူအဖြစ်သို့ ရောက်ရှိခဲ့သည်ဟု ဒဏ္ဍာရီအဆိုရှိခဲ့သည်။
“ပစ်ဂ်မယ်လီယန်” အကျိုးသက်ရောက်မှုသည် အမှန်စင်စစ် အိုင်းရစ်ဇာတ်ညွှန်းဆရာ ဂျော့ချ် ဘားနတ်ရှော၏ အကျော်ကြားဆုံး ပြဇာတ်တစ်ခုဖြစ်သည့် “ပစ်ဂ်မယ်လီယန်” အမည်ရှိသည့် ပြဇာတ်ကိုအစွဲပြု၍ ယင်းအမည်ကို ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းဇာတ်လမ်း၌ ဘာသာစကားအများအပြား ကျွမ်းကျင်သည့် ပါမောက္ခ ဟင်နရီဟစ်ဂင်း ဆိုသူသည် သူငယ်ချင်းဖြစ်သူ ဗိုလ်မှူးကြီးပစ်ကားရင်းနှင့် အလောင်းအစား တစ်ရပ်အနေဖြင့် မင်္ဂလာအခမ်းအနားများ၌ ပန်းအလှဆင်သည့် သာမန်မိန်းကလေးတစ်ဦးဖြစ်သူ အယ်လီဇာ ဒူးလစ်တဲလ်အား သူမ၏ အပြောအဆို၊ အမူအရာများကို ပြောင်းလဲပေးခြင်းဖြင့် မှူးမတ်မျိုးနွယ်ဝင် အမျိုးသမီးတစ်ဦးကဲ့သို့ အသွင်ပြောင်း လဲစေရန် အလောင်းအစားပြုခဲ့သည်။
အယ်လီဇာအတွက် အရေးအကြီးဆုံး အပြောင်းအလဲမှာ ဗိုလ်မှူးကြီးပစ်ကားရင်းကဲ့သို့ ပုဂ္ဂိုလ်များက သူ့အပေါ် လေးလေးစားစား ကြင်ကြင်နာနာ ဆက်ဆံခြင်းဖြင့် မိမိကိုယ်ကို ယုံကြည်မှု မြင့်မားလာခြင်းဖြစ်သည်။ ပြဇာတ်၏ နောက်ဆုံးအပိုင်း၌ အယ်လီဇာက ဗိုလ်မှူးကြီး ပစ်ကားရင်းအား ပြောကြားချက်တွင် “ပစ်ဂ်မယ်လီယန်” အကျိုးသက်ရောက်မှုအပေါ် ထင်ဟပ်ဖော်ပြလျက်ရှိသည်-
“(မှူးမတ်မျိုးနွယ်ဝင်) အမျိုးသမီးတစ်ဦးနှင့် သာမန်မိန်းကလေးတစ်ဦးတို့အကြား ခြားနားချက်မှာ သူ၏ ပြုမူဆက်ဆံမှုမဟုတ်ဘဲ သူ့အပေါ် ဆက်ဆံမှုသာဖြစ်သည်။ ဗိုလ်မှူးကြီးပစ်ကားရင်းအနေဖြင့် သူ(အယ်လီဇာ)အား ဂုဏ်သရေရှိ အမျိုးသမီးတစ်ဦးကဲ့သို့ အစဉ်အမြဲ ဆက်ဆံသည့်အလျှောက် ၎င်းအနေဖြင့် ဗိုလ်မှူးကြီး ပစ်ကားရင်းအတွက် ဂုဏ်သရေရှိ အမျိုးသမီးတစ်ဦးပင် ဖြစ်တော့သည်။ သို့ရာတွင် ပါမောက္ခဟစ်ဂင်းက ၎င်းအား သာမန်အမျိုးသမီးငယ်တစ်ဦး အနေဖြင့်သာ ဆက်ဆံသည့်အလျောက် ၎င်းအနေဖြင့် ပါမောက္ခဟစ်ဂင်းအတွက် သာမန်အမျိုးသမီးငယ်တစ်ဦးသာ အစဉ်ရပ်တည်နေမည် ဖြစ်သည်။”
မျှော်တလင့်လင့်
နာမည်ကျော်အသက်အာမခံကုမ္ပဏီ၏ လေ့လာချက်တစ်ခုအရ အာမခံကုမ္ပဏီ၏ အေးဂျင့်အသစ်များသည် မူလက မည်သို့ပင်စွမ်းဆောင်ရည်ရှိစေကာမူ နာမည်ကြီးအာမခံ ကုမ္ပဏီများရှိ အေးဂျင့်အသစ်များသည် သာမန်ကုမ္ပဏီများ၊ ကုမ္ပဏီငယ်လေးများရှိ အေးဂျင့်အသစ်များထက် လုပ်ဆောင် ချက် ပိုမိုမြင့်မားလေ့ရှိကြောင်း တွေ့ရှိရပါသည်။
အဆိုပါလေ့လာဆန်းစစ်ချက်၌ ကုမ္ပဏီ၏ အတော်ဆုံး အေးဂျင့်ခြောက်ဦးတို့ကို အတော်ဆုံးမန်နေဂျာ၏ ဦးဆောင်မှု အောက်၌လည်းကောင်း၊ သာမန်အဆင့် အေးဂျင့်ခြောက်ဦးတို့ ကို သာမန်အဆင့် မန်နေဂျာ၏ ဦးဆောင်မှုအောက်၌လည်းကောင်း၊ သာမန်အဆင့်ပင် စွမ်းဆောင်နိုင်ခြင်းမရှိသည့် အေးဂျင့်ခြောက်ဦးတို့ကို စွမ်းဆောင်ရည်နိမ့်သည့် မန်နေဂျာ၏ လက်အောက်၌လည်းကောင်း အသီးသီးလုပ်ကိုင်ခွင့်ပြုခဲ့သည်။ ရလဒ်အနေဖြင့် အတော်ဆုံးအေးဂျင့် ခြောက်ဦးပါဝင်သည့် အုပ်စုသည် ကုမ္ပဏီတစ်ခုလုံးမှရရှိသည့် အာမခံပရီမီယမ်များ ၏ သုံးပုံနှစ်ပုံအထိ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြကြောင်း တွေ့ရှိရပါသည်။
ကုမ္ပဏီအတွင်း ဝန်ထမ်းများက အတော်ဆုံးအေးဂျင့်များ ပါဝင်သည့်အုပ်စုကို ယင်းတို့၏ မြင့်မားသည့် လုပ်ဖော်ကိုင်ဖက် စိတ်ဓာတ်၊ ညီညွတ်မှုတို့ကြောင့် “ဆူပါဝန်ထမ်းများ”အဖြစ် ရည်ညွှန်းလာကြသည်။ နှစ်၏ ပထမသုံးလကုန်လွန်ချိန်တွင် အဆိုပါအုပ်စု၏ လုပ်ငန်းဆောင်ရွက်ချက်သည် တစ်နှစ်ပတ်လုံးအတွက် ရည်မှန်းချက်၏ ၄၀ ရာခိုင်နှုန်းကို ကျော်လွန်ခဲ့သည်။ ဆူပါအေးဂျင့်များ၏ စွမ်းဆောင်မှုသည် ယင်းတို့ကို ဦးဆောင်သည့် အတော်ဆုံးမန်နေဂျာ၏ မျှော်မှန်းထားချက်ကို ပြည့်မီခဲ့ပြီး တစ်ချိန်တည်းတွင် အခြားသောအုပ်စုမှ အေးဂျင့်များသည် စွမ်းဆောင်ရည်နိမ့်ကျသည့် မန်နေဂျာမှ ခန့်မှန်းထားသည့်အတိုင်း ကုမ္ပဏီမှ နုတ်ထွက်သွားကြကြောင်း တွေ့ရှိရပါသည်။
အကောင်းဆုံးအုပ်စု၏ မန်နေဂျာအနေဖြင့် သာမန်စွမ်းဆောင်ရည်ရှိသည့် မန်နေဂျာတို့နှင့် ကွာခြားချက်မှာ ပိုမိုမြင့်မားသည့် ယုံကြည်ချက်ရှိပြီး ဝန်ထမ်းရွေးချယ်ခြင်း၊ လေ့ကျင့်ပေးခြင်း၊ တက်ကြွစွာလုပ်ဆောင်ရန် လှုံ့ဆော်ခြင်းတို့တွင် မှန်ကန်သည့် သဘောထားအမြင်ရှိခြင်း၊ ဝန်ထမ်းများကို ပိုမိုမြင့်မားသည့် စွမ်းဆောင်ရည်ရရှိစေရန် လမ်းညွှန်ပေးနိုင်သည့် အရည်အချင်းရှိခြင်းပင် ဖြစ်သည်။ အကောင်းဆုံးအုပ်စုမှ မန်နေဂျာ၏ အပြုသဘောဆောင်သည့် သဘောထားအမြင်က ၎င်း၏အုပ်စုဝင်များအပေါ် အကျိုးသက်ရောက်ပြီး အဆိုပါအုပ်စုဝင် ဝန်ထမ်းများက ၎င်းတို့အနေဖြင့်လည်း လုပ်ဆောင်နိုင်စွမ်းရှိသည်ဟု မန်နေဂျာမှ ယုံကြည်ထားသည့်အတိုင်း လုပ်ငန်းရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် တွန်းအားဖြစ်စေကြောင်း စိစစ်တွေ့ရှိရပါသည်။
မိမိ၏ ဝန်ထမ်းများအပေါ် ယုံကြည်ပါ
ခေါင်းဆောင်များ၊ မန်နေဂျာများအနေဖြင့် လုပ်ငန်းအတွေ့အကြုံ ပိုမိုများပြားလေ့ရှိသည့်အလျောက် ယင်းတို့ထက် ပိုမိုငယ်ရွယ်သည့် လက်အောက်ငယ်သား ဝန်ထမ်းများအပေါ် သိသာနက်ရှိုင်းသည့် အကျိုးသက်ရောက်မှုရှိတတ်သည်။ ကောင်းမွန်သည့် ခေါင်းဆောင်များ၊ မန်နေဂျာများအနေဖြင့် လက်အောက်ငယ်သား ဝန်ထမ်းများနှင့်ပတ်သက်၍ အရေးနိမ့်မှု၊ ရှုံးနိမ့်မှုကို မည်သည့်အခါမျှ ကြိုတင်မှန်းဆထားခြင်း မပြုကြပေ။ အခက်အခဲရှိမည်ဆိုပါက အခက်အခဲကို ကြိုတင်သိရှိအောင် အသိပေးထားပြီး အသေအချာ ပြင်ဆင်ထားခြင်းဖြင့် အခက်အခဲကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း လှုံ့ဆော်ပေးလေ့ရှိသည်။ ၎င်းတို့၏ လက်အောက်ငယ်သား ဝန်ထမ်းများအပေါ် ပြစ်တင်ဝေဖန်သည့် ဆွေးနွေးမှုများ၌ မည်သည့်အခါမျှ ပါဝင်ခြင်းမပြုတတ်ဘဲ လက်အောက်ငယ်သားများအကြား မြင့်မားသည့်မျှော်မှန်းချက် ထားရှိတတ်ရန် လေ့ကျင့်လှုံ့ဆော်ပေးတတ်သည်။ လက်အောက်ငယ်သား ဝန်ထမ်းများအနေဖြင့် မိမိတို့ကိုယ်ကိုယုံကြည်မှု တဖြည်းဖြည်း ဖြစ်ပေါ်လာသည်နှင့်အမျှ အနာဂတ်တွင် အောင်မြင်မည့် ဝန်ထမ်းများအဖြစ် မိမိတို့ကိုယ်ကို ရှုမြင်လာတတ်သည်။ ၎င်းတို့ ခေါင်းဆောင်၊ မန်နေဂျာ၏ မျှော်မှန်းချက်များနှင့်အတူ ဝန်ထမ်းများ၏ ကိုယ်ပိုင်ရည်မှန်း ချက်များကို လက်တွေ့အကောင်အထည်ဖော်လာနိုင်ကြသည်။
ဘွဲ့ရလူငယ်တစ်ဦးအပေါ် လုပ်ငန်းခွင်၌ ပထမဦးဆုံး ကြုံတွေ့ရသည့် ခေါင်းဆောင်၊ မန်နေဂျာ၏ သြဇာသက်ရောက်မှု များစွာရှိသည့်အလျောက် အဆိုပါခေါင်းဆောင်၊ မန်နေဂျာက ဘွဲ့ရလူငယ်ကို တိုးတက်မှုရှိစေရန် လိုလိုလားလား လုပ်ဆောင်ပေးခြင်းမရှိပါက ဘွဲ့ရလူငယ်အနေဖြင့် ၎င်း၏စွမ်းဆောင်နိုင် ရည်စံနှုန်းကို နိမ့်ချသတ်မှတ်လိမ့်မည်။ ရလဒ်အနေဖြင့် မိမိ ကိုယ်ကိုလေးစားမှု လျော့နည်းလာပြီး ဆန့်ကျင်ဘက်သဘောထား အမြင်တို့ ဖြစ်ပေါ်လာတတ်ပါသည်။
သို့ဖြစ်၍ ခေါင်းဆောင်၊ မန်နေဂျာတို့သည် လုပ်ငန်းအဖွဲ့အစည်း၊ ကုမ္ပဏီတို့၏ ထုတ်လုပ်မှုစွမ်းအားနှင့်ပတ်သက်၍ အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ကြပါသည်။ စာဖတ်သူ အနေဖြင့် ခေါင်းဆောင်တစ်ဦး၊ မန်နေဂျာတစ်ဦးဆိုပါက မိမိ၏လက်အောက်ငယ်သား၊ ဝန်ထမ်းများအပေါ် အပြုသဘော ဆောင်သည့် ပုံရိပ်ဖြစ်ပေါ်စေရန် တိုက်တွန်းလှုံ့ဆော်သင့်သည်။ လက်အောက်ငယ်သား၊ ဝန်ထမ်းများအနေဖြင့်လည်း သင်၏ မျှော်မှန်းချက်ပြည့်ဝအောင် မလွဲမသွေ ကြိုးပမ်းအားထုတ် ကြမည်ဖြစ်သည်။ ။
မြန်မာ့အလင်း