အပြုသဘောဆောင်သောစိတ်ဖြင့် ရင်ဆိုင်

မေလ ၂၄ ရက်နေ့၊ ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၂၀၁ ဦးရှိသည်။ စောင့်ကြည့်လူနာအသစ်များ တိုးလာမှု၊ ရောဂါဓာတ်ခွဲအတည်ပြုလူနာအရေအတွက်၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သည့် အရေအတွက် စသည်တို့၏ ကိန်းဂဏန်းများကို ကြည့်ခြင်းအားဖြင့် မိမိတို့နိုင်ငံ၏ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်မှု အခြေအနေနှင့် အလားအလာတို့ကို မှန်းဆနိုင်သည်။ နိုင်ငံတကာ သတင်းအချို့တွင် တွေ့ရှိဖတ်ရှုရသလို ကျန်းမာရေးစနစ်ပြိုလဲသွားပြီး ကူးစက်မြန်ကပ်ရောဂါကို ဒူးထောက်အရှုံးပေးလိုက်ရသည့် အဖြစ်မျိုးနှင့် လွန်စွာဝေးလှ ပါသည်ဟူ၍ ဆိုလိုချင်သည့်တိုင်အောင် မမေ့မလျော့မပေါ့ဆဘဲ သတိစွဲမြဲစွာဖြင့် ကိုဗစ်-၁၉ ကို ဆက်လက်တွန်းလှန်ကြရန်သာ မြန်မာ့အလင်းက တိုက်တွန်းလိုသည်။

 

ထို့ပြင် ကိုဗစ်-၁၉ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါသည် ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုခံစားကြရသည့် ကမ္ဘာ့နိုင်ငံအသီးသီးအဖို့ ကျန်းမာရေးဆိုင်ရာ ဘေးဒုက္ခကိုသာမက စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးမှသည် နိုင်ငံအချင်းချင်း ဆက်ဆံရေးအထိ ရိုက်ခတ်လွှမ်းမိုးမှုများ ရှိနေသည့်အပြင် လူတစ်ဦးချင်းစီတို့၏ နေ့စဉ်ဘဝများနှင့် ၎င်းတို့၏ အနာဂတ်ကံကြမ္မာများ အထိလည်း သက်ရောက်မှုများ ရှိနေသည်။ စိုက်ပျိုးရေးထုတ်ကုန်များ ဈေးနှုန်းကျဆင်းကာ ဈေးကွက်ပျောက်နေခြင်း၊ စက်ရုံအလုပ်ရုံများ၊ ကုမ္ပဏီများ ပိတ်သိမ်းဖျက်သိမ်းခြင်း၊ ဝန်ထမ်းအလုပ်သမားများ လျှော့ချခြင်း၊ အရောင်းအဝယ် ကုန်သွယ်လုပ်ငန်းများ လေးလံထိုင်းမှိုင်းသွား ခြင်းတို့နှင့်အတူ ပြည်သူတစ်ဦးချင်းစီ၏ ဝင်ငွေများ လျော့နည်းသွားခြင်း၊ ရုတ်တရက် အနာဂတ်ပျောက်ဆုံးသွားခြင်း၊ မိသားစုအတွင်း စားဝတ်နေရေး အခက်အခဲ အကျပ်အတည်းများ ဖြစ်ပေါ် လာခြင်းတို့ကဲ့သို့သော ဖြစ်စဉ်များဖြစ်ပေါ်လာပြီး စိတ်ပိုင်းဆိုင်ရာဖိစီးမှုများလည်း လူအများအပြားတွင် ခံစားလာကြ ရသည်။

 

တစ်ဖက်တွင်လည်း ကူးစက်ရောဂါကို အကြောင်းပြု၍ တားဆီးကန့်သတ်မှုများ ပြုလုပ်ထားရသည့် နေ့စဉ်ဘဝ ပတ်ဝန်းကျင် အခြေအနေများက စိတ်ဖိစီးမှုခံစားနေရသူများအပေါ် ဘူးလေးရာ ဖရုံဆင့်စေသည်။ ရေနစ်သူ ဝါးကူနှစ်သကဲ့သို့ ဖြစ်စေသည်။ ယင်းသို့သော အခြေအနေတွင် မိမိတို့၏ စိတ်ဖိစီးခံစားနေရမှုများကို ပြင်းထန်မြင့်မား သည့်အဆင့်သို့ ရောက်ရှိမသွားစေရန် သတိပြုကြဖို့လိုသည်။ ကိုဗစ်-၁၉ ကာလ စိတ်ဖိစီးမှုများကို ကျော်လွှားနိုင်ရေး အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်း (စိတ်ကျန်းမာပညာအဖွဲ့) တို့၏ အသိပေးနှိုးဆော်ချက်များကိုလည်း လေ့လာမှတ်သား ကျင့်သုံးကြခြင်းဖြင့် အကျိုးရလဒ် ကောင်းများ ရရှိနိုင်မည်ဖြစ်သည်။

 

အခက်အခဲ၊ အကျပ်အတည်းများနှင့် ရင်ဆိုင်ကြရသည့်အချိန်တွင် လူတိုင်းလက်ကိုင်ထားကြရမည်မှာ အပြုသဘော ဆောင်သော စိတ်ပင်ဖြစ်သည်။ အပြုသဘောဆောင်သောစိတ် ဖြစ်ပေါ်လာစေရန်မှာလည်း မိမိတို့ရင်ဆိုင်နေရသည့် အကျပ်အတည်းများကို မှန်ကန်စွာ သိနားလည်ခြင်းနှင့် သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းခံယူခြင်းတို့ အလေ့အကျင့် စွဲမြဲနေရမည်ဖြစ်သည်။ ယင်းသို့သော အလေ့အကျင့်က လူ၏ဦးနှောက်တွင်ရှိသော orbitofrontal Cortex ခေါ် အစိတ်အပိုင်းကို ဖွံ့ဖြိုးစေကာ အပြုသဘောဆောင်သည့်စိတ်တို့ အားကောင်းလာစေသည်ဟု ခေတ်သစ်ဆေးပညာက ဆိုသည်။ မြတ်ဗုဒ္ဓ၏ ပဋ္ဌာန်းဒေသနာတော်လာ ဟေတုသတ္တိကလည်း ဤသဘောအတိုင်းပင် ဟောကြားတော်မူခဲ့ခြင်း ဖြစ်သည်။

 

အပြုသဘောဆောင်သောစိတ်က ကောင်းသောလားရာဘက်ဆီသို့ ဦးညွှတ်သည်။ အပြုသဘောဆောင်သူတစ်ဦး၏ အပြုအမူ၊ အပြောအဆို၊ အတွေးအကြံများက ကောင်းသောအနာဂတ်ကို တည်ဆောက်ပေးသည်။ အပြုသဘောဆောင် သော စိတ်ဖြင့် အခက်အခဲ အကျပ်အတည်းတို့ကို ရင်ဆိုင်ကျော်လွှားကာ အေးချမ်းသာယာသည့် နေ့သစ်များကို တည်ဆောက်နိုင်ကြပါစေကြောင်း။  ။

မြန်မာ့အလင်း