အပူအပုပ်များလို့ ဝမ်းချုပ်တာလား

၂၈ အောက်တိုဘာ

ဝမ်းချုပ်စေတဲ့ အကြောင်းရင်းတွေမှာ စားသုံးတဲ့ အစားအစာတွေထဲမှာ အပူအပုပ်များတာ၊ အမျှင်ဓာတ် အားနည်းတာ၊ ဝမ်းသွားချင်နေချိန်မှာ အောင့်ထားလိုက်တာ၊ ရေအလုံအလောက် မသောက်တာ၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးတာတို့ကိုပဲ လူသိများကြပါတယ်။

 

ဒါပေမဲ့ ကိုယ်သောက်သုံး နေရတဲ့ ဆေးဝါးတွေ၊ အားဆေးတွေကြောင့်လိုမျိုး လူသိနည်းတဲ့ တခြားအကြောင်းရင်းတွေရှိနေသလို ဒါမှမဟုတ် ပြင်းထန်တဲ့ရောဂါတွေ ဖြစ်လာနိုင်တဲ့လက္ခဏာ ဖြစ်နိုင်ပါတယ်။ အဲသည်အကြောင်းရင်းတွေကတော့-

 

အူရောဂါ

အူရောဂါ (IBD)မှာ Crohn’s Disease နဲ့ ulcerative colitis ဆိုပြီး နာတာရှည်ရောဂါ အမျိုးအစား နှစ်ခုရှိပါတယ်။ နှစ်မျိုးစလုံးဟာ ကြွက်တက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ သွေးဝမ်းသွားခြင်းနဲ့ တခြား ကျန်းမာရေးပြဿနာ တွေဖြစ်စေနိုင်ပါတယ်။

 

လည်ပင်းကြီးရောဂါ

လည်ပင်းကြီးရောဂါကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို နှေးကွေးစေနိုင်ပါတယ်။ ဒါပေမဲ့ သည်ရောဂါရှိသူတိုင်း ဝမ်းချုပ်တာ မဟုတ်သလို ဝမ်းချုပ်တိုင်းလည်း လည်ပင်းအကျိတ် ဂလင်းက လုပ်ဆောင်ချက် မကောင်းတာ မဟုတ်ပါဘူးလို့ ဘော့စတွန်မှ ပါမောက္ခ Carla H. Ginsburg က ပြောပါတယ်။

 

အကိုက်အခဲပျောက်ဆေးများ

အကိုက်အခဲပျောက်ဆေးတွေ၊ အထူးသဖြင့် narcotics တွေက ဝမ်းချုပ်စေတတ်ပါတယ်။

 

ချောကလက်

ချောကလက်က ဝမ်းချုပ်စေနိုင်တယ်လို့ လေ့လာမှုတချို့က ဆိုထားပါတယ်။ ၂၀ဝ၅ ခုနှစ်က လေ့လာမှု တစ်ခုအရ ရေရှည်ဝမ်းချုပ်နေသူတွေ ဒါမှမဟုတ် အူရောဂါရှိသူတွေမှာ ချောကလက်ကြောင့် ဝမ်းချုပ်ရတယ်လို့ ပြောလို့ရနိုင်ကြောင်းဖော်ပြခဲ့ပါတယ်။

 

ဗီတာမင်အားဆေးများ

အများအားဖြင့် ဗီတာမင်အားဆေးတွေကြောင့် ဝမ်းမချုပ်စေပေမဲ့ ကယ်လ်စီယမ်နဲ့ သံဓာတ်လိုမျိုး ပါဝင်ဓာတ်ပစ္စည်းတချို့ကြောင့် ပြဿနာရှိစေနိုင်ပါတယ်။

 

ဝမ်းနုတ်ဆေး အသုံးများလွန်းတာ

ဝမ်းနုတ်ဆေးတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သာသောက်သုံးသင့်ပါတယ်။

ကာလရှည်ကြာ သုံးစွဲမယ်ဆိုရင်ဝမ်းနုတ်ဆေးတွေကိုပဲ အားထားမှီခိုလာရတဲ့ အနေအထားဖြစ်လာ စေနိုင်ပါတယ်။

 

နို့ထွက်ပစ္စည်းတွေ အစားများတာ

ချိစ်နဲ့တခြားအမျှင်ဓာတ်နည်းတဲ့၊ အဆီများတဲ့ အစားအစာတွေ (ဥနဲ့အသားတို့လို) ဟာ အစာခြေဖျက်နိုင်စွမ်းကို နှေးကွေးစေနိုင်ပါတယ်။

 

စိတ်ကျဝေဒနာ

စိတ်ကျဝေဒနာကြောင့်လည်း ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ငန်းစဉ်တွေကို အကုန်နှေးကွေးစေတာကြောင့် အူကိုလည်းသက်ရောက်မှုရှိပြီး ဝမ်းချုပ်စေနိုင်ပါတယ်။

 

အစာအိမ် လေဆေးများ

အစာအိမ်လေဆေးတွေဟာ ရင်ပူနာအတွက် ထိရောက်လှပေမဲ့ အထူးသဖြင့် ကယ်လ်စီယမ် ဒါမှမဟုတ် အလူမီနီယမ်ပါဝင်တဲ့ ဆေးတွေမှာဝမ်းချုပ်တာလည်း ဖြစ်စေနိုင်တယ်လို့သိရပါတယ်။

 

သွေးကျဆေးနဲ့ အလာ့ဂျီဆေးများ

ဝမ်းချုပ်တာဟာ သွေးတိုးရောဂါ ကုသတဲ့အသုံးများတဲ့ ဆေးတချို့ရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်နိုင်ပါတယ်။ ဓာတ်မတည့်ဝေဒနာကို ကုသတဲ့ Antihistamines ဆေးတွေကလည်း ဝမ်းချုပ်စေနိုင်တယ်လို့ သိရပါတယ်။

 

ဆီးချိုရောဂါနဲ့ အာရုံကြောရောဂါများ

ဆီးချိုရောဂါဟာ လူတစ်ယောက်ရဲ့ အစားအစာခြေဖျက်နိုင်စွမ်းကို ထိခိုက်စေနိုင်တဲ့အာရုံကြော ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။

 

ဆီးချိုရောဂါအဆင့်မြင့်နေသူတွေ အများစုမှာဝမ်းချုပ်ခြင်းကိုတွေ့ရတာကြောင့် အမြဲပုံမှန်ဝမ်း ချုပ်နေသူတွေဟာ သွေးတွင်းသကြားဓါတ်ကို စစ်ကြည့်သင့်ပါတယ်။ ပါကင်ဆန်ရောဂါလိုမျိုး အာရုံကြောရောဂါတွေဟာလည်း ဝမ်းချုပ်စေနိုင်တယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 ရေးသားသူ Yun Sandi Nan Mon

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်