အပူဒဏ်အန္တရာယ် စုပေါင်းအားဖြင့်ကာကွယ်

မြန်မာနိုင်ငံအတွင်းရှိ ဒေသအသီးသီးတို့တွင် နေ့အပူချိန်များ မြင့်တက်လျက်ရှိခြင်းကြောင့် အပူဒဏ်အန္တရာယ်နှင့် ခရမ်းလွန်ရောင်ခြည်အန္တရာယ်တို့ကို အများပြည်သူ သတိပြုကာကွယ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက မီဒီယာများမှတစ်ဆင့် နှိုးဆော်သတိပေးလျက်ရှိသည်။ အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အပူချိန်ပြင်းထန်မှုကြောင့် လူသေဆုံးမှုများရှိကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဒေသအများအပြား တွင် အပူချိန် ၄၂ ဒီဂရီဆဲလ်စီးယပ်အထိရှိခဲ့ကြောင်း  ဆင်ဟွာ သတင်းတစ်ရပ်တွင် ဖော်ပြထားရာ မြန်မာနိုင်ငံတွင်  ယင်းထက် အပူချိန်ပိုမိုမြင့်မားနေခြင်းဖြစ်သည့်အလျောက် အပူဒဏ်အန္တရာယ် ကာကွယ်ရေး ဂရုပြုဆောင်ရွက်ကြရန်လိုသည်။

ဧပြီ ၂၁ ရက် ထူးခြားသည့်နေ့အပူချိန်များအဖြစ် ချောက်မြို့ တွင် ၄၇ ဒီဂရီဆဲလ်စီးယပ်နှင့် မုံရွာ၊ တံတားဦးတို့တွင် ၄၄ ဒီဂရီ ဆဲလ်စီးယပ်စီ၊  မင်းကင်း၊ စစ်ကိုင်း၊ ရေဦး၊ မြင်းမူ၊ မြင်းခြံ၊ မင်းဘူးတို့တွင်  ၄၃ ဒီဂရီဆဲလ်စီးယပ်စီရှိခဲ့ရာ အပူချိန်များ တစ်နှစ်ထက်တစ်နှစ် မြင့်တက်နေသည်ကို သတိပြု၍ ရေရှည် တွင် အပူဒဏ်မှ လျော့ပါးသက်သာရေး ဆောင်ရွက်ဖွယ်ရှိသည်တို့ကို ဆောင်ရွက်ကြရတော့မည်ဖြစ်သည်။ မိုး/ဇလ၏ ထုတ်ပြန် ချက်များအရ ၂၀၂၂ ခုနှစ်တွင်  အမြင့်ဆုံးအပူချိန် ၄၃ ဒီဂရီ ဆဲလ်စီးယပ်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် အမြင့်ဆုံးအပူချိန် ၄၅ ဒီဂရီ ဆဲလ်စီးယပ်အထိ  ရှိခဲ့သည်။  အပူချိန်ပြင်းထန်လာခြင်းက လူတို့၏ ကျန်းမာရေးကို ထိခိုက်နိုင်စေသည့်အတွက် အပူဒဏ် ကာကွယ်ရေး အသိပညာပေးမှုများကို လူတိုင်းသိထားရန် လိုအပ် သကဲ့သို့ အပူဒဏ်ကို ပို၍ခံစားရနိုင်သည့် အသက် (၄) နှစ်အောက် ကလေးငယ်များ၊ အသက် (၆၅) နှစ်အထက် အသက်ကြီးပိုင်းများ၊ အဝလွန်သူများနှင့် သွေးတိုး၊ နှလုံးရောဂါခံစားနေရသူများ၊ အရက်သောက်နေသူများ အပူအန္တရာယ်မှ ကာကွယ်ရန် သတိပြု ကြရမည်ဖြစ်သည်။

အပူဒဏ်ကာကွယ်ရေးအတွက် နေ့လယ်နေ့ခင်းအချိန်တွင် အရိပ်ရအေးမြ၍ လေဝင်လေထွက်ကောင်းသည့် နေရာများတွင် နားနေရန်၊ ပူပြင်းသည့်နေရောင်အောက်တွင် ပင်ပန်းစွာအလုပ်လုပ်ခြင်းနှင့် ကိုယ်လက် လှုပ်ရှားခြင်းကိုရှောင်ရန်၊ အဖြူရောင် သို့မဟုတ် အရောင်ဖျော့သည့် ပွပွချောင်ချောင် ချည်ထည်များကို ဝတ်ဆင်ရန်၊ အရက်သေစာသောက်စားမှုကို ရှောင်ကြဉ်ရန်၊ ရေနှင့်ဓာတ်ဆားရည်ကို လုံလောက်အောင် သောက်သုံးရန်၊ မိတ်နှင့်ယားဖုများထွက်ပါက ရေအေးဝတ်ကပ်ခြင်းနှင့် သနပ်ခါးလိမ်းခြင်းတို့ပြုလုပ်ရန်၊ နေပူမှပြန်လာပြီး ချက်ချင်းရေချိုးခြင်းကို ရှောင်ကြဉ်ရန်၊ နေပူပြင်းချိန်တွင် လွင်တီးခေါင်မြစ်ကမ်းနား၊ ရေချိုးဆိပ်များ၌ အဝတ်လျှော်၊ ရေချိုးခြင်းတို့ကို ရှောင်ကြဉ်ရန် ကျန်းမာရေးဝန်ကြီးဌာနက အကြံပြုထားသည်။

အပူဒဏ်အန္တရာယ် ခံစားရသော လူနာကိုတွေ့ရှိပါက အရေးပေါ် ရှေးဦးပြုစုခြင်းတို့ကို ဆောင်ရွက်ပေးရန်လိုသည်။ လူနာကိုအရိပ်ရအေးမြသည့်နေရာ၊ ပန်ကာ/အဲယားကွန်းရှိသည့် နေရာသို့ ရွှေ့ပေးရန်နှင့် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံး ပို့ဆောင်ရန်၊ ဆေးရုံ၊ ဆေးခန်းသို့ ပို့ဆောင်နေစဉ်၊ ဆရာဝန်နှင့် ပြသရန် စောင့်ဆိုင်းနေစဉ်အချိန်အတွင်း လူနာ၏ခြေရင်းဘက်ကို မြှင့်ထားပေးပြီး ပက်လက် အနေအထားဖြင့်ထားရန်၊ လူနာ၏ အဝတ်အစားများကို ချွတ်ပေးရန်၊ လူနာကောင်းစွာ သတိရနေပါက ရေအေးအေးတိုက်ရန်၊ လူနာ၏ ကိုယ်ပေါ်သို့ ရေအေးအေး ဖျန်းပေးရန်၊ လူနာ၏ လည်ပင်း၊ ချိုင်းနှစ်ဖက်၊ ပေါင်ခြံနှစ်ဖက် တို့ကို ရေအေးအေး သို့မဟုတ် ရေခဲရေစိမ်ထားသော အဝတ်များ ဖြင့် ရေဖတ်အုပ်ပေးရန်၊ လူနာကို ပန်ကာရှိပါက ပန်ကာဖြင့် လေမှုတ်ပေးရန်၊ သို့မဟုတ် ယပ်ခတ်ပေးရန်ဟူသောအရေးပေါ် ရှေးဦးပြုစုခြင်းများ ဆောင်ရွက်ပေးပြီး ဆေးကုသမှုခံယူကြရမည် ဖြစ်သည်။

အပူဒဏ်သည် သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပြီး နှစ်စဉ် ကြုံတွေ့လာနိုင်သည့် အလားအလာလည်းရှိနေရာ အပူဒဏ် အန္တရာယ်ကာကွယ်ရေးကို လူတိုင်းသိထားရန်လိုသည်။ သဘာဝဘေးအန္တရာယ်ကို ကျရောက် မလာစေရန် တားဆီး၍မရသော်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခြင်းဖြင့် ရင်ဆိုင် ကျော်လွှားနိုင်သည်။ သဘာဝပတ်ဝန်းကျင်များ မပျက်စီးအောင် ပြုစုစောင့်ရှောက်ခြင်း၊ ရေတွင်း၊ ရေကန်၊ မြစ်ချောင်း အင်းအိုင်များနှင့် ရေအရင်းအမြစ်များ မပျက်စီးအောင် ကာကွယ်ထိန်းသိမ်းခြင်း၊ သစ်ပင် သစ်တောများ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်အောင် စိုက်ပျိုးခြင်းတို့ကို ဒေသနေ ပြည်သူလူထု၏ အားကို ရယူဆောင်ရွက်ခြင်းဖြင့် အနာဂတ်တွင် အပူဒဏ်အန္တရာယ် လျော့ပါးသက်သာစေရေး အကျိုးမျှော်ကာ နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။

မြန်မာ့အလင်း