အပူဒဏ်ကြောင့် အပူလျှပ်ခြင်းအန္တရာယ် သတိပြုကာကွယ်

 

ပေါက်ပေါက်

 

အယ်လ်နီညို၏ အကျိုးဆက်အဖြစ် ကမ္ဘာကြီးတွင် မကြုံစဖူးပူနွေးလာလျက်ရှိသည်။ မြန်မာနိုင်ငံ၏ ယခုနွေရာသီကာလ အပူချိန်မှာ ယခင်နှင့်မတူ ပိုမိုပူပြင်းသည့်ခံစားမှုကို ကြုံတွေ့နေရသည်။ အင်အားအသင်အတင့် ရှိသော အယ်လ်နီညိုဖြစ်စဉ်ကြောင့်လည်း တစ်နေ့တခြား ပိုမိုပူပြင်းလာသည်။

လူတစ်ယောက်သည် အပူချိန် ၁၀၆ ဒီဂရီဖာရင် ဟိုက် (၄၁ ဒီဂရီစင်တီဂရိတ်)တွင် အချိန်ကြာကြာ အပူဒဏ်ကို  ဆက်လက်ခံနေရပါက  ဦးနှောက် ကလာပ်စည်းများကို ထိခိုက်ပျက်စီးစေနိုင်ပါသည်။ ထို့ပြင် အပူဒဏ်ကြောင့် လေဖြတ်ခြင်း၊ အရေပြား ကင်ဆာဖြစ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်ခြင်းနှင့် အမြင်အာရုံပျက်စီးခြင်း    စသည်တို့ကိုလည်း ဖြစ်ပေါ်စေနိုင်သည်။ အကယ်၍  လူတစ်ယောက်သည် အပူချိန် ၁၀၉ ဒီဂရီဖာရင်ဟိုက်  (၄၃ ဒီဂရီ စင်တီဂရိတ်) တွင် အသက်သေဆုံးနိုင်ပါသည်။

 

အပူဒဏ်ကြောင့် သတိလစ်ခြင်း

 

နေပူထဲမှ အအေးထဲကို ရုတ်ခြည်းဝင်ရောက်ခြင်း၊ ရေအေးသောက်ခြင်း၊ ရေချိုးခြင်း၊ အအေးခန်းအတွင်းမှ ရုတ်တရက် ပူပြင်းသောနေရောင်ထဲကို ထွက်ခြင်းကြောင့် လူ့ခန္ဓာကိုယ်တွင် အပူအအေး ရုတ်တရက် ပြင်းထန်စွာ ပြောင်းလဲမှုဖြစ်စဉ် ဖြစ်ပေါ်ခံစားရတတ်သည်။ ၎င်းကိုဆေးသိပ္ပံနည်းအရ Heat Stroke (အပူဒဏ်ကြောင့်သတိလစ်ခြင်း) ဟုခေါ်၍ ဒေသအခေါ်အရ   “အပူလျှပ်တယ်ဟု  ဆိုကြသည်။

Heat Stroke ဖြစ်ပါက အပူအအေး ရုတ်ခြည်းပြောင်းလဲသွားသည့်အတွက် အပူဒဏ်ကြောင့် ခန္ဓာကိုယ်ထဲရှိ သွေးကြောများကျယ်သွားခြင်း၊ အအေးဒဏ်ကြောင့် ခန္ဓာကိုယ်ထဲရှိ သွေးကြောများ ကျုံ့သွားခြင်း စသည့်သွေးစီးကြောင်း အကျဉ်းအကျယ်ဒဏ်ကို ခံစားရကာ သတိလစ်ခြင်းကိုဖြစ်စေသည်။ ပြင်းထန်သော အခြေအနေတွင် သွေးကြောအကျဉ်း အကျယ်ဒဏ်ကို မခံစားနိုင်တော့ဘဲ သွေးကြောကြီး များ အက်ကွဲလာပြီး   သွေးကြောငယ်လေးများ ပြတ်ထွက်သွားသည်အထိ ဖြစ်စေနိုင်ပါသည်။

ထို့ပြင် အပူလျှပ်ခြင်းသည် မပေါ့ဆဘဲ အလေး ပေးဂရုစိုက်သင့်သည့် ကျန်းမာရေးဆိုင်ရာပြဿနာ တစ်ခုဖြစ်ကာ တချို့သူများတွင် အပူလျှပ်ခြင်း ဖြစ်ပေါ်သည့်အခါ ခန္ဓာကိုယ်အရေပြားသည် မီးကဲ့သို့ပူချစ်ပြီး ချွေးလုံးဝ မထွက်တော့ပေ။ ထိုအခြေအနေသည် အရေးပေါ်ကုသမှုခံယူရမည့် အခြေအနေဖြစ်ပြီး ကုသမှုခံယူရန် နှောင့်နှေးပါက ဦးနှောက်၊ အဆုတ်၊ နှလုံး၊ အသည်း၊ ကျောက်ကပ်နှင့် ကြွက်သားများကို ထိခိုက်ပျက်စီးစေကာ အသက် ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါသည်။

 

အပူဒဏ်အန္တရာယ် ကာကွယ်ရေး

 

နွေရာသီတွင် ရာသီဥတုပူပြင်းလာပြီဖြစ်သဖြင့် ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်ဓာတ်ဆားဓာတ်များ ဆုံးရှုံးမှု ပိုမိုများပြားပါသည်။ အပူဒဏ်အန္တရာယ်ကြောင့် မိတ်နှင့် ယားနာဖုများထွက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်ခြင်း၊ ကိုယ်အပူချိန်မြင့်တက်ခြင်း၊ သတိလစ်ခြင်းတို့အပြင် ပြင်းထန်စွာခံစားရပါက အသက်အန္တရာယ် ထိခိုက်နိုင်ပါသည်။

ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနကလည်း ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် အောက်ဖော်ပြပါ အချက်အလက်များကို လိုက်နာကြရန် တိုက်တွန်းနှိုးဆော်ထားပါသည်။

(၁) ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ အခံရှိသူများ အနေဖြင့် နေ့လယ်နေ့ခင်းအချိန် တွင် အရိပ်ရအေးမြ၍ လေဝင်လေထွက် ကောင်းသော နေရာများတွင် နားနေပါ။

(၂) ပူပြင်းသည့်နေရောင်အောက်တွင် ပြင်းထန် စွာ အလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ပါ။

(၃) ပူပြင်းသည့်နေရောင်အောက်တွင် သွားလာ လှုပ်ရှားရန်၊ အလုပ်လုပ်ရန် လိုအပ်လာပါက လည်း အရိပ်လုံလောက်စွာရနိုင်သည့် ထီး၊ ဦးထုပ်များ ဆောင်းသွားပါ။ အရိပ်ရအေးမြ သည့် နေရာများတွင် ခေတ္တအနားယူခြင်းကိုလည်း မကြာခဏပြုလုပ်ပါ။

(၄) အလင်းပြန်သော အဖြူရောင် သို့မဟုတ် အရောင်ဖျော့သော ပွပွချောင်ချောင် ချည်ထည်များကို ဝတ်ဆင်ပါ။

(၅) နေပူထဲမှပြန်လာပြီး ချက်ချင်းရေချိုးခြင်းနှင့် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊  ရေချိုးဆိပ်များ၌ အဝတ်လျှော်ဖွပ်ခြင်း၊ ရေချိုးခြင်း စသည်တို့ကို ရှောင်ကြဉ်ပါ။

(၆) အရက်သေစာသောက်သုံးခြင်းကြောင့် အပူဒဏ်အန္တရာယ်ကို ပိုမိုခံစားရစေနိုင်ပြီး ဖြစ်ပွားပါက ပိုမိုပြင်းထန်စွာ ခံစားရနိုင်သဖြင့် ရှောင်ကြဉ်ပါ။

(၇) ခန္ဓာကိုယ်တွင်း ရေနှင့်ဓာတ်ဆားဓာတ်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေရန် ရေနှင့် ဓာတ်ဆားရည်ကို လုံလောက်အောင်သောက်သုံးပါ။

(၈) မိတ်နှင့် ယားနာဖုများ ထွက်ပါက ရေအေး ဝတ်ကပ်ခြင်း၊ သနပ်ခါးလိမ်းခြင်းတို့ကို ပြုလုပ်ပါ။

(၉) အပူဒဏ်အန္တရာယ်ခံစားရသောလူနာအား အရိပ်ရအေးမြ၍ လေဝင်လေထွက်ကောင်းသောနေရာတွင် ထားရှိခြင်း၊ ရေနှင့် ဓာတ်ဆားရည်များ သောက်သုံးစေခြင်း၊ လူနာ၏ ခန္ဓာကိုယ်အပူချိန် အမြန်ကျဆင်းစေရန် နဖူး၊ လည်ပင်း၊ ချိုင်းကြားနှစ်ဖက်နှင့် ပေါင်ခြံနှစ်ဖက် တို့အား ရေအေးပတ်တိုက်ပေးခြင်း စသည် တို့အား ဦးစွာဆောင်ရွက်၍ နီးစပ်ရာ ဆေးရုံ/ ဆေးခန်း/ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွား ရောက်ပြသ၍ ကုသမှု ခံယူစေပါ။

 

Heat Stroke မဖြစ်စေရေး

 

အပူဒဏ်ကိုရင်ဆိုင်ရာတွင် လူတို့၏ ဇီဝကမ္မ ပြောင်းလဲမှုဖြစ်စဉ်များကို ထိန်းချုပ်နိုင်ရန်အတွက် “ရေက မရှိမဖြစ်ပါ။ အပူဒဏ်ကြောင့် တစ်နာရီကြာ ချွေးထွက်ခြင်းအတွက် သန့်ရှင်းသော သောက်ရေကို တစ်လီတာခန့် သောက်သုံးပေးသင့်ပါသည်။ ချွေးထွက်လွန်နေသော အရွယ်ရောက်ပြီးသူ လူတစ်ဦးအတွက် သန့်ရှင်းသော သောက်ရေကို ငါးလီတာမှ ရှစ်လီတာခန့်အထိ ဓာတ်ဆားရည်နှင့် ရော၍ သောက်သုံးပေးသင့်ပါသည်။

အပူဒဏ်ခံရမှုကြောင့် ကိုယ်အပူချိန်ကျစေရန် အတွက်ကိုလည်း ရေများများသောက်ခြင်း၊ ခန္ဓာ ကိုယ်တွင်း အပူငြိမ်း၍အေးမြစေသော အစားအစာ များဖြစ်ကြသည့် နွားနို့၊ အုန်းစိမ်းရည်၊ ကြံရည်၊ ထန်းရည်ချို၊ ဖရဲသီး၊ သလဲသီး၊ သံပရာသီး၊ သခွား သီး၊ သခွားမွှေးသီး၊ ဘူးသီး၊ ပူဒီနာရွက်၊ မုန်လာဥအဖြူ စသည်တို့ကို စားပေးသင့်ပါသည်။

အထူးသတိပြုရမည့်အချက်မှာ Heat Stroke ခံစားနေရချိန်၌ ဂက်စ်ပါသည့် အချိုရည်များ၊ Energy Drink အားဖြည့် အချိုရည်များ၊ အရက် အဖျော်ယမကာများနှင့် ရေခဲရေများ သောက်သုံးခြင်းကို အထူးရှောင်ရှားရမည်။ ထို့ပြင် စိတ်ရောဂါအတွက် သောက်သုံးသော ဆေးဝါးများ၊ ဆီးဆေးများနှင့် သွေးကျဲဆေးများကိုလည်း အလွန်ပူပြင်းသော ရာသီဥတုတွင် သတိထားသုံးစွဲသင့်ပေသည်။

 

အပူဒဏ်ခံနိုင်အောင် ဆေးဖက်ဝင် ရေချိုးနည်း

 

အပူဒဏ်ကာကွယ်သည့်အနေဖြင့် အထက်ဖော်ပြပါအတိုင်း ကျန်းမာစွာနေထိုင်စားသောက်ရမည့်အပြင် ရေချိုးနည်းမှန်ကန်ရန်လည်း အထူးအရေးကြီးပါသည်။ ခန္ဓာကိုယ်ကြီးတစ်ခုလုံးကို တဖြည်းဖြည်း အေးစေခြင်းမျိုးဖြင့် ရေချိုးပါ။ ရေချိုး နည်းမှန်ကန်မှသာလျှင် Heat Stroke ကို ကာကွယ် နိုင်မည်ဖြစ်ပေသည်။ အပူဒဏ်ခံနိုင်ရန် ဆေးဖက် ဝင်ရေချိုးနည်းအဆင့်ဆင့်ကို အောက်ပါအတိုင်း အကြံပြုလိုပါသည်။

အရိပ်ထဲတွင် ရေချိုးပါ။

ရေမချိုးခင် သောက်ရေတစ်ဖန်ခွက် အပြည့်သောက်ပါ။

ပြီးနောက် ဦးနှောက်ထဲရှိ အပူထိန်းအာရုံကြော နေရာများဖြစ်ကြသော ခြေထောက်အောက်ပိုင်း၊ လက်ဖျား၊ လက်မောင်း စသည့်သုံးနေရာမှ အာရုံကြောများကို အသိပေးနှိုးဆော်သည့် အနေဖြင့် ရေဆွတ်ကာ ပက်ဖျန်းပေးပါ။

ပြီးမှ မျက်နှာသစ်ပါ။

တစ်ဆက်တည်းမှာပင် လည်ကုပ်နှင့် လည်ပင်း တို့ကို ရေနှင့်ပက်ပေးပါ။

အထက်ပါ နည်းအဆင့်ဆင့်အတိုင်း ရေဆက်ချိုးပါ။

 

အရေးပေါ်ရှေးဦးပြုစုနည်း

 

အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) ဖြစ်ပေါ်နေသောသူတွင် အောက်ဖော်ပြပါ ရောဂါ လက္ခဏာများ ကြုံတွေ့ခံစားရနိုင်ပါသည်။

အရေပြားပူ၍ ခြောက်သွေ့ခြင်း သို့မဟုတ် ချွေးအလွန်အကျွံထွက်ခြင်း။

စိတ်ရှုပ်ထွေးခြင်း။

သတိလစ်ခြင်း။

တက်ခြင်း။

ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်ခြင်း စသည်တို့ဖြစ်သည်။

 

အထက်ပါ အပူဒဏ်လက္ခဏာများ ခံစားနေရ သော လူနာအားတွေ့ရှိပါက-

 

လူနာအား အရိပ်ရသောနေရာသို့ ပို့ဆောင်ပါ သို့မဟုတ် အရိပ်ရအောင် ဆောင်ရွက်ပေးပါ။

အေးမြသောနေရာ သို့မဟုတ် လေပန်ကာရှိသောနေရာ သို့မဟုတ် လေအေးပေးစက်ရှိသောအခန်းသို့ ရွှေ့ပြောင်းပါ။

လူနာ၏ ခြေရင်းဘက်အား မြှင့်ထားပေး၍ ပက်လက်အနေအထားဖြင့်ထားပါ။

လူနာ၏ အဝတ်အစားများအား ချွတ်ပေးပါ။

လူနာကောင်းစွာ သတိရနေပါက ရေအေးအေး သို့မဟုတ် ဓာတ်ဆားရည် (ORS) တိုက်ပေးပါ။

လူနာ၏ကိုယ်ပေါ်သို့ ရေအေးအေး ဖျန်းပေးပါ။

လူနာ၏ လည်ပင်း၊ ချိုင်းနှစ်ဖက်၊ ပေါင်ခြံ နှစ်ဖက်တို့အား ရေအေးအေး သို့မဟုတ် ရေခဲ စိမ်ထားသော အဝတ်များဖြင့် ရေပက်အုပ်ပေး ပါ။

လေပန်ကာရှိပါက လူနာအား ပန်ကာလေမှုတ်ပေးပါ သို့မဟုတ် ယပ်ခတ်ပေးပါ။

အရေးပေါ်ရှေးဦးပြုစုခြင်းများဆောင်ရွက်ပြီးလျှင် ဆေးရုံ၊ ဆေးခန်း၊ ကျေးလက်ကျန်းမာရေးဌာနများသို့ အမြန်ဆုံး ပို့ဆောင်၍ ကုသမှုခံယူပါ။

 

အချုပ်အားဖြင့်ဆိုသော် လွန်ခဲ့သော ၁၇၅၀ နှင့် ၁၉၀၀ ပြည့်နှစ်အကြား ကြုံခဲ့ရသော စက်မှုတော်လှန်ရေးကြောင့် ရေနံအခြေပြု လောင်စာများမှ ပေါ်ထွက်လာသည့် လေထုညစ်ညမ်းမှုက ကမ္ဘာ့ ရာသီဥတုကို စတင်ပြောင်းလဲပျက်စီးစေခဲ့သည်။ စက်မှုတော်လှန်ရေး အလွန်တွင် စက်မှုအင်အားကြီး နိုင်ငံများ၏ လောဘဇောကြောင့် ကမ္ဘာလုံးဆိုင်ရာပူနွေးမှုဖြစ်စဉ် ပေါ်ပေါက်ခဲ့ခြင်းပင်ဖြစ်သည်။ ယင်းအကျိုးဆက်များအဖြစ် လာနီညာဖြစ်စဉ်များ၊ အယ်လ်နီညို ပြောင်းလဲမှုများ၊ ကမ္ဘာကြီးပူနွေးလာမှုများ၊ အပူလှိုင်းဖြတ်သန်းမှု များက ကမ္ဘာ့နိုင်ငံအသီးသီးတွင် မကြာခဏပေါ်ပေါက် ကြုံတွေ့နေရသည်။

မိမိတို့နေထိုင်ရာ ရပ်ရွာဒေသများ၌လည်း အပူချိန်မြင့်တက်ခြင်း၊ မိုးရွာသွန်းမှုနည်းပါးခြင်း၊ အပူလှိုင်း ဖြတ်သန်းခြင်းတို့ကို ကြုံတွေ့နေရတတ်ပေရာ မိုးလေဝသသတင်းအချက်အလက်များကို စောင့်ကြည့် သတိပြုကာ ကျန်းမာရေးဝန်ကြီးဌာန၏ နွေရာသီတွင် အပူဒဏ်ကာကွယ်ရေး ကျန်းမာရေးဆိုင်ရာ သတိပေးနှိုးဆော်ချက်များကို သတိမူအပ်ပါကြောင်း အကြံပြုလိုက်ရပါသည်။