အောက်တိုဘာ ၂၈
ဖိလစ်ပိုင်နိုင်ငံတွင် လွန်ခဲ့သောသီတင်းပတ်က အပူပိုင်းမုန်တိုင်း ထရာမီတိုက်ခတ်မှုကြောင့် သေဆုံးသူ ၁၁၆ ဦး အထိရှိလာပြီး ၃၉ ဦး ထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖိလစ်ပိုင်အမျိုးသား သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီက ယနေ့တွင်ပြောကြားသည်။
နိုင်ငံအတွင်းရှိ ဒေသကြီး ၁၇ ခုမှ ပြည်သူ ၆ ဒသမ ၇ သန်းကျော်သည် ထိုမုန်တိုင်းဒဏ်ကို ထိခိုက်ခံစား ရသည်ဟု ဒေသအာဏာပိုင်များက ပြောသည်။
ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများကြောင့် ပျောက်ဆုံးနေသူ ၃၉ ဦးကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။
ထရာမီမုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံတွင် ယခုနှစ်အတွင်း ၁၁ ကြိမ်မြောက်တိုက်ခတ်သော တိုင်ဖွန်း မုန်တိုင်းဖြစ်သည်။
အခြေခံအဆောက်အအုံပျက်စီးဆုံးရှုံးမှုတန်ဖိုး ပီဆို ၁ ဒသမ ၅၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၃၅ သန်း)နှင့် စိုက်ပျိုးရေးအတွက် ပျက်စီးဆုံးရှုံးမှု ပီဆို ၂ ဒသမ ၅ (အမေရိကန်ဒေါ်လာ ၄၃ သန်း) ရှိကြောင်းသိရသည်။
လူဇုံကျွန်းအရှေ့ဘက် ၇၅၅ ကီလိုမီတာအကွာ ဖိလစ်ပိုင်ပင်လယ်ပြင်ကိုဖြတ်ကျော်ကာ နောက်ထပ် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း Kong-rey တိုက်ခတ်မှုကြောင့် ယနေ့မနက်ပိုင်းတွင် မိုးပိုမိုရွာသွန်း နိုင်ကြောင်း ဖော်ပြထားသည်။ Kong-rey မုန်တိုင်းသည် ယခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံတွင် ၁၂ ကြိမ်မြောက်တိုက်ခတ်သော အပူပိုင်းမုန်တိုင်းဖြစ်သည်။
ထိုမုန်တိုင်းသည် တစ်နာရီလျှင် ကီလိုမီတာ ၂၀ ဖြင့် အနောက်ဘက်သို့ဉီးတည်ရွေ့လျားသွားကာ တစ်နာရီလျှင် ၁၁၅ ကီလိုမီတာဖြင့် လေပြင်းတိုက်ခတ်မှုရှိကြောင်း ဖော်ပြထားသည်။ ၎င်းအပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းသည် အရှိန်ပြင်းစွာတိုက်ခတ်နိုင်သည်ဟု အစိုးရဌာနကသတိပေးပြောကြားထား သည်။ ဖိလစ်ပိုင်နိုင်ငံတွင် နှစ်စဉ် တိုင်ဖွန်းမုန်တိုင်း ပျမ်းမျှအကြိမ် ၂၀ ခန့် တိုက်ခတ်လေ့ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို