အပူရှိန်ပြင်းထန်မှုကြောင့် လူကြီးများသာမက ကလေးများပါ အဖျားကြီး၍ သေဆုံးသည့် ဖြစ်စဉ်များရှိလာ

ရန်ကုန်  မေ  ၂၀

ယခုနှစ် နွေရာသီတွင် အပူရှိန်ပြင်းထန်မှုကြောင့်  လူကြီးများသာမက ကလေးများပါအဖျားကြီး၍ သေဆုံးသည့် ဖြစ်စဉ်များ ရှိလာကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။ အပူရှိန်ပြင်းထန်မှုကို အရွယ်သုံးပါးမရွေး  ခံစားနေရပြီး သက်ကြီးပိုင်းများ ပိုအဖြစ်များရာမှ ယခုနောက်ပိုင်း ကလေးငယ်များတွင်ပါ အဖျားကြီးပြီး အောက်ဆီဂျင်ကျကာ အသက်ရှူကျပ်လာပြီးနောက် သေဆုံးမှုပါရှိလာကြောင်း ရွှေဂုံရိပ်မွန် လူမှုကူညီရေး အသင်းမှ သိရသည်။

“လူကြီးတွေသာမက အခုကကလေးတွေပါ အဖြစ်များပါတယ်။ အပူလွန်တဲ့မြို့တွေဆိုရင် အဖြစ်များပါတယ်။ ကလေးတွေ အဖျားကြီးမယ်၊ တက်ပါမယ်၊ အောက်ဆီဂျင်ကျမယ်၊ အသက်ရှူကျပ်ပါတယ်။ ခန္ဓာကိုယ်ပြာနှမ်းလာပါတယ်။ ခံနိုင်ရည်နည်းလို့ပါ။ တချို့ဆို မိဘကအိပ်နေတယ်ပဲထင်ထားတာ မနက်ကျတော့ သေနေပြီ။ ကြောက်ဖို့ ကောင်းပါတယ်။ အဓိကကတော့ အပူကြောင့်ဖြစ်ရတဲ့ အကြောင်းရင်းပါ။ အချိန်မီသိဖို့ လိုပါတယ်ဟု အထက်ပါအသင်း မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ ဖြစ်စဉ်များနည်းတူ မိမိ‌အိမ်တွင် နေထိုင်ရင်း လေဝင်လေထွက် မကောင်းသည့်အတွက် အပူလွန်ကဲ၍ အသက်ရှူကျပ်ပြီး အပူရှိန်ပြင်းထန်မှု ဖြစ်စဉ်များလည်း ရှကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

“အသင်းအကြံပေး ဆရာဝန်ဆီအရေးပေါ်ဆောင်ရွက်ရမဲ့ အကြောင်းအရာတွေကို အကြံဉာဏ်တောင်းခံတော့ လေရရှိမယ့် ပြတင်းပေါက်နားသွား လေအဝရှူ၊ ဓာတ်ဆားရည်နှစ်ပုလင်း ချက်ချင်းအရသောက်၊ နဖူးပေါ် အဝတ်ရေစွတ်ပြီးတင်၊ ကိုယ်ပူမကျရင် ရေချိုး၊ သကြားလုံးငုံစသည်ဖြင့် အဆင့်ဆင့်မှာကြားသည့်အတိုင်း လိုက်လံဆောင်ရွက်ရာ ဓာတ်ဆားနှစ်ဘူးလည်းသောက်ပြီး အခြေအနေက ပြန်ကောင်းလာပါတယ် ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် နေပူထဲသွားမှသာမဟုတ်ဘဲ အရိပ်အောက်တွင် အလုပ်လုပ်နေကြသူများလည်း အပူရှိန်ပြင်းထန်မှု ဖြစ်တတ်၍ အရေးပေါ်အခြေအနေဖြစ်သည့် သတိလစ်အနေအထားဆိုလျှင် မဖြစ်မနေ ဆေးခန်း (သို့မဟုတ်) ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်၍ဆေးကုသမှု ခံယူခြင်းသည်သာ အကောင်းဆုံးဖြစ်‌ပြီး အချိန်မီပို့ဆောင်၍ ဆေးကုသမှု မခံယူပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်ပွားနိုင်ကြောင်းလည်း ဆိုသည်။

MT