အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ်(၉) သင်တန်းဆင်းပွဲ ကျင်းပ

နေပြည်တော် ဩဂုတ် ၅

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ်(၉) သင်တန်းဆင်းပွဲကို ဩဂုတ် ၅ ရက် နံနက် ၇ နာရီက တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပရာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ် သင်ကြား၊ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်က "ယနေ့သည် အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ်(၉) သင်တန်းသား သင်တန်းသူများ၏ အောင်မြင်စွာ သင်တန်းပြီးမြောက်သည့် ဂုဏ်ယူဖွယ်ရာနေ့ဖြစ်ကြောင်း၊  နိုင်ငံများတွင်ဖြစ်စေ၊ အဖွဲ့အစည်းအသီးသီးတွင်ဖြစ်စေ ခေါင်းဆောင်များ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးကြောင်း၊ ခေါင်းဆောင်မှုကို ကောက်ရိုးမီးကဲ့သို့မလုပ်ဘဲ ကိုယ်တိုင်စံနမူနာပြ နေထိုင်ကျင့်ကြံပြီး လုပ်ငန်းများကို စနစ်တကျ စီမံခန့်ခွဲရမည့်အပြင် မိမိတို့ စီမံအုပ်ချုပ်ရမည့် ဝန်ထမ်းများအပေါ် မှန်ကန်သော ခေါင်းဆောင်မှု ပေးရန်နှင့် ယုံကြည်အားကိုးလာစေရန် ကြိုးစားကြစေလိုကြောင်း။

ထို့ပြင် နိုင်ငံတော်တည်ဆောက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများက အရေးပါသော အခန်းကဏ္ဍက ပါဝင်လျက်ရှိပြီး နိုင်ငံ့ဝန်ထမ်း အရည်အချင်း ပြည့်ဝကျွမ်းကျင်မှု၊ လုံ့လဝီရိယနှင့် တာဝန်ကျေပွန်မှု၊ စိတ်ဓာတ်နှင့် စည်းကမ်းများ ကောင်းမွန်ပြီး ကျင့်ဝတ်စောင့်ထိန်းပါမှ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ကောင်းစွာ မြှင့်တင်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံတော်၏ စီမံအုပ်ချုပ်မှု ယန္တရား အတွင်းမှာ ကိုယ်ကျရာကဏ္ဍကနေ တာဝန်ကျေပွန်စွာ ထမ်းရွက်နိုင်ရုံသာမက စေတနာကောင်းများဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန်" တိုက်တွန်းမှာကြားသည်။ ထို့နောက် သင်တန်းများတွင် ထူးချွန်ဆုရရှိသူများအား ဆုများပေးအပ်ပြီး သင်တန်း ဆင်း အောင်လက်မှတ်များ ချီးမြှင့်သည်။

ဆက်လက်၍ အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ သင်တန်း အမှတ်စဉ်(၉)၏  ဘွဲ့နှင်းသဘင်အခမ်းအနားကို တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြီး နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုးက ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ ဘွဲ့လက်မှတ်များ ချီးမြှင့်သည်။

အဆိုပါသင်တန်းသို့ သင်တန်းသား ၂၅၁ ဦး၊ သင်တန်းသူ ၇၈ ဦး စုစုပေါင်း ၃၂၉ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဧပြီ ၂၀ ရက်မှ ဩဂုတ် ၅ ရက်အထိ ရက်သတ္တ ၁၆ ပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်သည် တက္ကသိုလ်တွင် ဖွင့်လှစ်လျက်ရှိသော သင်တန်းများ၏ စစ်ပညာ လက်နက်မဲ့၊ လက်နက်ဖြင့် သင်ကြားပို့ချမှု အခြေအနေ၊ သင်ခန်းစာအပေါ် အဖွဲ့လိုက် တင်ပြဆွေးနွေးမှု၊ စာသင်ကြားပို့ချနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်