အရာထမ်းငယ်သင်တန်း အမှတ်စဉ်(၁၂၅) သင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန် စက်တင်ဘာ ၂၂

 

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)  အရာထမ်းငယ်သင်တန်း အမှတ်စဉ်(၁၂၅)၏ သင်တန်းဆင်းပွဲကို စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းက ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပါမောက္ခချုပ် ဦးဇော်ဇော်က သင်တန်းဆင်းမိန့်ခွန်း ပြောကြားပြီး ဆက်လက်၍ သင်တန်းသားစံပြဆုကို သင်တန်းသားအမှတ် ၂၃၄ ဦးသိန်းဇော်ဦး ဒုတိယဦးစီးမှူး ပြည်တွင်းအခွန်များဦးစီးဌာန စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကို လည်းကောင်း၊ သင်တန်းသူ စံပြဆုကို သင်တန်းသူအမှတ် ၁၀၁ ဒေါ်သဲစုလှိုင် နည်းပြ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ကျန်းမာရေးဝန်ကြီးဌာနကိုလည်းကောင်း ချီးမြှင့်ပြီး သင်တန်းသား၊ သင်တန်းသူ ပထမဆု၊ ဒုတိယဆု၊ သေနတ်ပစ် ထူးချွန်ဆု၊ စစ်ရေးပြ ထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်းအောင်လက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။

 

အဆိုပါ သင်တန်းဆင်းပွဲသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခများ၊ တက္ကသိုလ် သင်ကြားရေး/စီမံဌာနများမှ တွဲဖက်ပါမောက္ခများ၊ ဌာနမှူးများ၊ ကထိက ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။ အရာထမ်းငယ်သင်တန်း အမှတ်စဉ်(၁၂၅)သို့ သင်တန်းသား ၂၀၁ ဦး၊ သင်တန်းသူ ၂၂၈ ဦး စုစုပေါင်း ၄၂၉ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ မေ ၂၉ ရက်မှ ဩဂုတ် ၁၈ ရက်အထိ Distance Learning ဖြင့် လည်းကောင်း၊ ဩဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၂၂ ရက်အထိ In-House Learning ဖြင့် လည်းကောင်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်