အရှေ့အလယ်ပိုင်း တင်းမာမှုများနှင့် ပတ်သက်၍ ဂျပန်ဝန်ကြီးချုပ်နှင့် ဂျော်ဒန်ဘုရင်တို့ဆွေးနွေး

၂၅ စက်တင်ဘာ


အရှေ့အလယ်ပိုင်း တင်းမာမှုများကို ဖြေလျှော့ရန် သံတမန် နည်းလမ်းဖြင့် အတူလက်တွဲ လုပ်ဆောင်ကြရန် ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ဂျော်ဒန်ဘုရင် အဘတ်ဒူဘာတို့က သဘောတူခဲ့ကြောင်း သိရသည်။ 


ဝန်ကြီးချုပ် အာဘေးသည် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ရန် နယူးယောက်သို့ ရောက်ရှိနေချိန် တွင် ဂျော်ဒန်ဘုရင်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံချိန်တွင် ဆီးရီးယားဒုက္ခသည်များ ကိုင်တွယ်ဖြေရှင်းရေး တွင်လည်း ပါဝင်ကူညီပြီး ဂျော်ဒန်နိုင်ငံအား ငွေရေးကြေးရေးအရ ဆက်လက်ကူညီ သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံမှ ပြောကြားခဲ့သည်။ 


ဂျပန်နိုင်ငံ အနေနှင့် ငြိမ်းချမ်းရေးနှင့် ငွေကြေးချမ်းသာမှု စင်္ကြံဟု ခေါ်ဆိုသည့် စီးပွားရေး စီမံကိန်းမှတစ်ဆင့် ဒေသတွင်း ငြိမ်းချမ်းရေး ရရှိရန် အရှေ့အလယ်ပိုင်း နိုင်ငံများနှင့် လက်တွဲဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံသည် ပါလက်စတိုင်း၊ အစ္စရေးနှင့် ဂျော်ဒန်တို့နှင့် ယင်းစီမံကိန်းကို အတူတကွ စတင်နေပြီဖြစ်သည်။ နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံစဉ်တွင် ဆော်ဒီအာရေဗျရှိ ရေနံတွင်းများ တိုက်ခိုက်ခံရပြီးနောက် အမေရိကန်နှင့် အီရန်ကြား တင်းမာမှုများ အရှိန်အဟုန် မြင့်တက်လာသည့် အကြောင်းနှင့် မကြာသေးမီက ရွေးကောက်ပွဲ ကျင်းပခဲ့သော အစ္စရေး အရေးများနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြသည်။ 


ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-စုရည်