ပေကျင်း   ဧပြီ   ၆

တရုတ်နိုင်ငံအနေဖြင့်  အရှေ့အလယ်ပိုင်းအရေးတွင် တင်းမာမှုများ  လျှော့ချရေးအတွက်  ရုရှားနိုင်ငံနှင့်   ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ လုပ်ငန်းမူဘောင်များအရ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး ဒေသတွင်းနှင့် ကမ္ဘာကြီး၏ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းဆောင်ရွက်မည် ဖြစ်ကြောင်းတရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဧပြီ ၅ ရက်တွင် ပြောကြားသည်။

ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလတ်ဗ်ရော့ဒ်နှင့်  ဖုန်းဖြင့်ဆွေးနွေးရာတွင် ဝမ်ယိက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် တရုတ်နှင့်  ရုရှားတို့သည် တရားမျှတမှုစည်းမျဉ်းကို အခြေခံပြီး မျှတသည့် ချဉ်းကပ်မှုပုံစံဖြင့် နိုင်ငံတကာမှ နားလည်မှုနှင့် ထောက်ခံမှုကို ရယူဆောင်ရွက်မည်ဖြစ်ကြောင်း  ဝမ်ယိက ပြောကြားသည်။

ပြောကြား

တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်းအရေးများတွင် ဆွေးနွေးမှုနှင့် ညှိနှိုင်းဆောင်ရွက်မှုနည်းလမ်းကိုသာ ကိုယ်စားပြုဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ အရှေ့အလယ်ပိုင်းအရေးသည် လက်ရှိအချိန်တွင်  ဆိုးရွားသည့်အခြေအနေသို့  ရောက်ရှိနေသောကြောင့် ယင်းဒေသတွင် လက်နက်ကိုင်ပဋိပက္ခ အမြန်ဆုံးပြီးစီးရေး၊ ဟော်မုဇ်ရေလက်ကြားတွင် ခရီးသွားလာမှုများ ပုံမှန်ဖြစ်စေရေးနှင့် အပစ်အခတ်ရပ်စဲရေးတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း  ၎င်းက ပြောကြားသည်။

ရုရှားနိုင်ငံအနေဖြင့်လည်း အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများမြင့်တက်လာသည်ကို ပူပန်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလတ်ဗ်ရော့ဒ်က ပြောကြားသည်။

အရှေ့အလယ်ပိုင်းတွင် ဆောင်ရွက်နေသည့် စစ်ဆင်ရေးများကို အမြန်ဆုံးရပ်တန့်ရန်နှင့် သံတမန်ရေးနှင့် နိုင်ငံရေးနည်းလမ်းများဖြင့်သာ ပဋိပက္ခကို အမြန်ဆုံးအဆုံးသတ်ရမည်ဖြစ်သဖြင့် ၎င်းကဲ့သို့ ဖြစ်လာစေရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အပြုသဘောဖြင့် ပါဝင်ဆောင်ရွက် ရန်လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။ ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်လက်တွဲကာ  အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခပြီးဆုံးရေးနှင့် အပစ်အခတ်ရပ်စဲရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ