ကွာလာလမ်ပူ မတ် ၂၅

အရှေ့အလယ်ပိုင်း၌ ပဋိပက္ခများဖြစ်ပွားနေချိန် နိုင်ငံ့စီးပွားရေး ကြံ့ကြံ့ခံနိုင်စေရေးအတွက် အစိုးရအနေဖြင့် အပြုသဘောဆောင်သော ပါဝင်ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က မတ် ၂၅ ရက်တွင် ပြောကြားသည်။

အန္တရာယ်များသော လမ်းကြောင်းများအပေါ် မှီခိုအားထားမှုလျှော့ချနိုင်ရန် အစားထိုးလမ်းကြောင်းများ ရှာဖွေခြင်းနှင့် အရင်းအမြစ်မျိုးစုံမှ ရယူခြင်းအပါအဝင် စွမ်းအင်ထောက်ပံ့မှုကာမိစေရန် အချိန်နှင့်တစ်ပြေးညီ  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ကအစိုးရ စီးပွားရေးအကြံပေး  ကောင်စီဖြစ်သည့် အမျိုးသားစီးပွားရေး အကောင်အထည်ဖော်ဆောင်ရွက်ရေးကောင်စီ   အစည်းအဝေးအပြီးတွင်    ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်သည့်  ဝန်ကြီးချုပ်က  အစိုးရသည် ပထဝီဝင်နိုင်ငံရေး တိုးတက်မှုများ၊ ကမ္ဘာ့စီးပွားရေးဖိအားများနှင့် ပဋိပက္ခများမှ ဖြစ်ပေါ်လာသော လုံခြုံရေးဆိုင်ရာ သက်ရောက်မှုများကို အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း  ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံ တည်ငြိမ်ပြီး ခံနိုင်ရည်ရှိစေရန်အတွက် ပြည်သူများ၏ စားဝတ်နေရေး  အထူးသဖြင့် လူနေမှုစရိတ်သည် အစိုးရ၏ ဦးစားပေးလုပ်ငန်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဆင်ဟွာ