အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ကာယဗလ အားကစားသမားများ ပဏာမရွေးချယ်မည်

ရန်ကုန်၊ ၁၀  ဒီဇင်ဘာ

၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂၁ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပမည့် ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် အားကစားနည်း ၄၀ တွင် ကာယဗလ အားကစားပြိုင်ပွဲလည်း ပါဝင်မည်ဖြစ်သည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုကို ရယူ၍ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံခိုင်မှု အားကစားအဖွဲ့ချုပ် အနေဖြင့် နိုင်ငံတော်က ခွင့်ပြုပါက ကာယဗလ အားကစားသမားများ စေလွှတ်၍ ပါဝင်ယှဉ်ပြိုင်နိုင်ရန် ရည်မှန်းထားကြောင်း သိရသည် ။

ကိုဗစ် - ၁၉ ရောဂါဖြစ်ပွါးနေသည့် ကာလဖြစ်သဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်၍ ယှဉ်ပြိုင်ပြီး လက်ရွေးစင်များ ရွေးချယ်စခန်းသွင်းလေ့ကျင့်ရန် အခက်အခဲရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံခိုင်မှု အားကစားအဖွဲ့ချုပ်အနေဖြင့် ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ကာယဗလ အားကစားပြိုင်ပွဲအတွက် အမျိုးသားအတန်းလိုက် ကာယဗလပြိုင်ပွဲနှင့် အမျိုးသမီး ကာယဗလပြိုင်ပွဲ၊ အမျိုးသားကြံ့ခိုင်မှုနှင့် အမျိုးသား၊ အမျိုးသမီး အတွဲလိုက် ပြိုင်ပွဲများအတွက် လက်ရွေးစင်များကို ရွေးချယ်ရာတွင် ပြည်ပပြိုင်ပွဲများ၌ နိုင်ငံ့ဂုဏ်ဆောင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်ရရှိခဲ့သည့် အားကစားသမားများနှင့် အမျိုးသားအဆင့်ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုတံဆိပ် ရရှိခဲ့သူများအား လက်ရှိ ကိုယ်ခန္ဓာအချိုးအစား၊ ကိုယ်အလေးချိန်၊ ကိုယ်ဟန်ပြသမှု လက်ရှိလေ့ကျင့်နေမှုများကို သုံးသပ်ကြည့်ရှု၍ ပဏာမရွေးချယ်ခြင်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ နှင့် ဖေဖေါ်ဝါရီလများအတွင်း ဆောင်ရွက်သွားရန် စီစဉ်ထားသည်။

အရည်အချင်း ကိုက်ညီပြီး ပါဝင်ယှဉ်ပြိုင်ရန် စိတ်ပါဝင်စားသော အားကစားသမားများသည် တစ်ဦးချင်းပြိုင်ပွဲဝင် ဝတ်စုံဖြင့် သတ်မှတ်ကိုယ်ဟန် ၇ မျိုးနှင့်စိတ်ကြိုက် ၁ မိနစ် ကိုယ်ဟန်ပြသမှု ပုံစံများကို ဓါတ်ပုံ ဗီဒီယိုရိုက်ကူး၍  CD ဖြင့်ဖြစ်စေ Memory Strick ဖြင့် ဖြစ်စေ အဖွဲ့ချုပ်အတွင်းရေးမှူး ဦးမင်းဇော်ဦး ဖုန်း - ၀၉၅၀၀၈၁၆၈ မြို့တော်စည်ပင်အားကစားဝင်း မင်္ဂလာတောင်ညွန့်မြို့နယ်သို့ ၂၀၂၁ ခုနှစ်ဇန်နဝါရီ ၁၅ ရက် နောက်ဆုံးထားပေးပို့ရမည်ဖြစ်သည် ။

အောင်သူရ