အရှေ့တောင်အာရှ ဆေးဖက်ဆိုင်ရာ ဓာတ်ရောင်ခြည်နည်းပညာရှင်များညီလာခံကျင်းပ

ရန်ကုန် ၁၁ နိုဝင်ဘာ

(၄)ကြိမ်မြောက်အရှေ့တောင်အာရှဆေးဖက်ဆိုင်ရာ ဓာတ်ရောင်ခြည်နည်းပညာရှင်များ ညီလာခံ၊ (၃)ကြိမ်မြောက် မြန်မာ၊ ဗီယက်နမ်၊ ဖိလစ်ပိုင် ဆေးဖက်ဆိုင်ရာ ဓာတ်ရောင်ခြည် နည်းပညာရှင်များ ညီလာခံနှင့် (၆)ကြိမ်မြောက် မြန်မာနိုင်ငံ ဓာတ်ရောင်ခြည်နည်း ပညာရှင်များအသင်း ညီလာခံဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရှိ Chatrium ဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ညီလာခံတွင်နောက်ဆုံး ပေါ်ဓာတ်ရောင်ခြည်အသုံးချ ပညာရပ်များ၊ ဓာတ်ရောင်ခြည်ကုထုံးများ နှင့်ပတ်သက်သည့် စာတမ်းများကို ဖတ်ကြားပြီး နိုင်ငံအသီးသီးရှိ ပညာရှင်များအချင်းချင်း ဆွေးနွေးတိုင်ပင်ကာ အသိပညာများဖလှယ်ကြမည်ဖြစ်ပါကြောင်း၊

ယခုအခါ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်တွင် ကင်ဆာရောဂါအမျိုးမျိုးဖြစ်ပွားမှု များပြားနေသည့် အချိန်အခါဖြစ်၍ ဓာတ်ရောင်ခြည်ပညာရှင်များ၊ ဓာတ်ရောင်ခြည်ကုထုံး ပညာရှင်များ၏ အရေးပါမှုသည် ယခင်ထက် ပိုမိုမြင့်မားလျက်ရှိပါကြောင်း၊ နောက်ဆုံးပေါ် နည်းပညာရပ်များအား အသုံးချကုသပေးနိုင်ပါက ကင်ဆာရောဂါဖြစ်ပွားသူများ၊ မိသားစုဝင်များ အပါအဝင် ပြည်သူတစ်ရပ်လုံး အကျိုးရှိမည်ဖြစ်ပါကြောင်း၊

ဓာတ်မှန်နှင့် ဓာတ်ရောင်ခြည်ကုထုံးဆိုင်ရာပညာရပ်များ ယခုထက်ပိုမိုတိုးတက်ပြီး ဤပညာရပ်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုတိုးတက်လာစေရန်အတွက် ဆေးဘက် ဆိုင်ရာနည်းပညာ တက္ကသိုလ်များ၊ မြန်မာနိုင်ငံဓာတ်မှန်ပညာရှင်များနှင့် ဓာတ်ရောင်ခြည်ပညာရှင် များအသင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနတို့သည် သုံးချောင်းထောက်ပုံစံအဖြစ်  ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လက်တွေ့အသုံးချပညာရပ်များ ဆိုင်ရာသုတေသနလုပ်ငန်းများ ယခုထက်ပိုမိုဆောင်ရွက်ကြရန်နှင့် ဝန်ကြီးဌာနမှလည်း ပံ့ပိုးပေးလျက်ရှိပါကြောင်း ပြောကြားသည်။ 

ဆက်လက်ပြီး မြန်မာနိုင်ငံဆေးဖက်ဆိုင်ရာ ဓာတ်ရောင်ခြည်နည်းပညာရှင်များအသင်း ဥက္ကဋ္ဌ ဦးခင်မောင်တင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ညီလာခံတက်ရောက်လာသော အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ပြီး ညီလာခံ အထိမ်းအမှတ် ပြခန်းများကို ကြည့်ရှုခဲ့သည်။ အဆိုပါညီလာခံကို နိုဝင်ဘာ  ၁၂ ရက်အထိ သုံးရက်တာ ကျင်းပသွားမည် ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးသည် နံနက် ၁၀ နာရီခွဲတွင် ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာန၊  ဆေးပညာသင်ကြားရေး ဗဟိုဌာနအစည်းအဝေး ခန်းမတွင်ကျင်းပသော ဦးစီးဌာနများ၊ ဆေးတက္ကသိုလ်များ၊ တိုင်းရင်းဆေးတက္ကသိုလ်၊ ဆေးဖက်ဆိုင်ရာ နှီးနွှယ် တက္ကသိုလ်များနှင့် သူနာပြု/သားဖွား သင်တန်းကျောင်းများတွင် အသုံးပြုရန်အတွက် Online Electronic Database များ နှင့် ဆေးပညာဆိုင်ရာ စာအုပ်များလှူဒါန်းပွဲသို့ တက်ရောက်သည်။

ထို့နောက် အလှူရှင်  ၁၉၆၀ ပြည့်လွန်နှစ်များမှ စိန်ပေါလ်ကျောင်းသားဟောင်း၊ မူလမြန်မာနိုင်ငံ သား၊ ထိုင်းနိုင်ငံ  iGorup of Company မှ CEO ဖြစ်သူ Mr. Port Lee  က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး Online Electronic Databases နှင့် မူရင်းဆေးပညာဆိုင်ရာ စာအုပ်များအား ပြည်ထောင်စုဝန်ကြီးထံ ပေးအပ်လှူဒါန်းသည်။

ထိုင်းနိုင်ငံ  iGorup of Company မှ ဦးစီးဌာနများ၊ ဆေးတက္ကသိုလ်များ၊ တိုင်းရင်းဆေး တက္ကသိုလ်၊ ဆေးဖက် ဆိုင်ရာနှီးနွှယ်တက္ကသိုလ်များနှင့် သူနာပြု/သားဖွား သင်တန်းကျောင်း များရှိစာကြည့်တိုက်များတွင် တစ်နှစ်တာအသုံးပြုရန်  လှူဒါန်းသော Online Electronic Database များ ၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာ လေးသိန်းဖိုးခန့် ဖြစ်ပြီး လှူဒါန်းသည့် မူရင်းဆေးပညာစာအုပ် အရေအတွက်မှာ စုစုပေါင်း ၅,၂၅၆  အုပ်ဖြစ်ကြောင်း သတင်းရရှိသည်။

MDN