အရှေ့တောင်အာရှတစ်ခွင် ကြုံတွေ့လာရတဲ့ မီးခိုးမြူပြဿနာ

၁၉  စက်တင်ဘာ

နှစ်တိုင်းနှစ်တိုင်း အရှေ့တောင်အာရှဒေသရဲ့ ကောင်းကင်တစ်ခွင်မှာ မီးခိုးမြူငွေ့တွေလွှမ်းခြုံနေပြီဆိုရင် အင်ဒိုနီးရှားမှာ တောမီးလောင်နေပြီဆိုတာကို မပြောလည်း သိနိုင်ပါတယ်။ ဟိုးအရင်တုန်းကတော့ မီးခိုးငွေ့တွေဖုံး နေတဲ့ကောင်းကင်နဲ့ ညှော်နံ့နံနေတဲ့ လေထု။ ဒါတွေဟာ အရှေ့တောင်အာရှဒေသနဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိတဲ့ အရာတွေပါ။

တောမီးလောင်ကျွမ်းမှုများ

ဒါပေမယ့် ၂၀၁၉ ခုနှစ်မှာတော့ လူကို အန္တရာယ်ဖြစ်စေနိုင်တဲ့ မီးခိုးမြူငွေ့တွေဟာ အဆိုးဆုံးအခြေအနေကို ရောက်ရှိလာခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ယခုနှစ် ဇန်နဝါရီကစလို့ ဩဂုတ်လအထိ ၃၂၈၇၂၄ ဟက်တာခန့် မီးလောင်ခဲ့တယ်လို့ အင်ဒိုနီးရှား အမျိုးသားသဘာဝဘေး အေဂျင်စီကပြောပါတယ်။ အဓိကတောမီးလောင်တဲ့ နေရာတွေကတော့ ဆူမားတြား တောင်ဘက်ပိုင်း၊ ဂျမ်ဘီပြည်နယ်၊ ရီယာပြည်နယ်၊ ကာလီမန်တန်ကျွန်းတို့မှာပဲ ဖြစ်ပါတယ်။ မီးခိုးငွေ့တွေဖုံးလွှမ်း ရခြင်းရဲ့ အဓိကသက်ဆိုင်သူကတော့ အင်ဒိုနီးရှားနိုင်ငံ တစ်ခုတည်းတင် မဟုတ်ပါဘူး။ အိမ်နီးချင်း မလေးရှားနိုင်ငံမှာလည်း တောမီးလောင်မှုတွေ ရှိပါတယ်။ ဒါပေမယ့်လည်း အင်ဒိုနီးရှား နဲ့ ယှဉ်လိုက်တော့ ပမာဏနည်းတဲ့အတွက် သိပ်ပြီး သတိမထားမိကြတာပါ။

ခြောက်သွေ့ရာသီမှာ အဆိုးဆုံးဖြစ်

အင်ဒိုနီးရှားနိုင်ငံမှာ သစ်တောတွေမီးလောင်မှုဟာ ခြောက်သွေ့ရာသီဖြစ်တဲ့ ဇူလိုင်ကနေ အောက်တိုဘာလအတွင်း အဖြစ်အများဆုံး ဖြစ်ပါတယ်။ လယ်သမားအများစုဟာလည်း အဲဒီလို အခြေအနေမျိုးမှာ အခွင့်ကောင်းယူပြီး ဆီအုန်းစိုက်ပျိုးဖို့အတွက် တောင်ယာခုတ်ထွင် မီးရှို့ရှင်းလင်းခြင်းတွေကို ပြုလုပ်ကြပါတယ်။ မကြာခဏဆိုသလိုပဲ ထိန်းသိမ်းထားတဲ့ သစ်တောနယ်မြေတွေထိအောင် ချဲ့ထွင်မိကြပါတယ်။

ဆီအုန်းစိုက်ပျိုးတာဟာ အင်ဒိုနီးရှားနိုင်ငံမှာ အကျိုးအမြတ်ဖြစ်ထွန်းတဲ့ လုပ်ငန်းပါပဲ။ မကြာသေးမီနှစ်များအတွင်း ဆီအုန်းစိုက်ခင်းအတွက် သစ်တောခုတ်ထွင် ရှင်းလင်းတာတွေပါ လုပ်ဆောင်လာကြတဲ့အတွက် ပြဿနာဟာ ပိုကြီးလာပါတယ်။ မီးလောင်ထားတဲ့ မြေတွေဟာ ခြောက်သွေ့လွန်း ပြီးနောက်နှစ် တောင်ယာစိုက်ဖို့ မီးရှို့ရှင်းလင်းတဲ့ အခါမှာလည်း အလွယ်တကူနဲ့ မီးစွဲလွယ်ပါတယ်။

လေထုအရည်အသွေးကိုထိခိုက်

တောမီးလောင်ခြင်း၊ တောင်ယာရှင်းလင်းခြင်းကြောင့် ထွက်ပေါ်လာတဲ့ မီးခိုးငွေ့တွေဟာ မလေးရှား၊ စင်ကာပူ၊ ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖိလစ်ပိုင်တို့အထိ ပျံ့နှံ့သွားပြီး လေထုအရည်အသွေးကို ဆိုးဆိုးရွားရွားပဲ ပျက်စီးစေပါတယ်။ မလေးရှားနိုင်ငံမှာဆိုရင် လေထုအရည် အသွေးဟာ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့အထိ ဆိုးရွားလာတဲ့အတွက် ရာနဲ့ချီတဲ့ ကျောင်းတွေကို ပိတ်ထားရပါတယ်။

လေထုညစ်ညမ်းမှု အညွှန်းကိန်း API  ဟာ အချို့သောခရိုင်တွေမှာ ၂၀၈ အထိရောက်ရှိလာတဲ့အတွက် ကျောင်းတွေပိတ်ဖို့ လုပ်ဆောင်ခဲ့ရတာပါ။ စင်ကာပူ၏ လေထုအရည်အသွေး ဟာစက်တင်ဘာ ၁၄ ရက်မှာတော့ စင်ကာပူနိုင်ငံမှာ လေထုညစ်ညမ်းမှုစံနှုန်း သတ်မှတ်ချက်အညွှန်းကိန်း သုံးနှစ်ကျော် ကာလအတွင်းမှာ ပထမဆုံး အကြိမ်အဖြစ် ၁၀ဝ အထိ ဖြစ်ခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုး ၂၀၁၅ ခုနှစ်တုန်းက လည်း စင်ကာပူနိုင်ငံမှာ ကြုံတွေ့ ခဲ့ဖူးပါတယ်။ အဲဒီတုန်းကဆိုရင် လေထုညစ်ညမ်း မှုစံနှုန်းသတ်မှတ်ချက်အညွှန်းကိန်းဟာ ၃၄၁ အထိ ရောက်သွားတဲ့အတွက် ကျောင်းတွေ ပိတ်ထားခဲ့ရပြီး အစားအသောက် ပို့ဆောင်မှုဝန်ဆောင်မှုတွေလည်း ရပ်တန့်ခဲ့ပါတယ်။ လေထုညစ်ညမ်းမှု စံနှုန်းသတ်မှတ်ချက်အòန်းကိန်း ၁၀ဝ ဆိုရင် ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ သတ်မှတ်ပြီး ၃၀ဝ ဆိုရင်တော့ အန္တရာယ် ရှိတဲ့အဆင့်လို့ သတ်မှတ်ထားပါတယ်။

ထိခိုက်မှု ပိုမိုများပြား

အင်ဒိုနီးရှားနိုင်ငံမှာတော့ ပိုပြီးထိခိုက်မှုများပါတယ်။ ကာလီမန်တန်အလယ်ပိုင်း ပလန်ကာရာရာမြို့မှာဆိုရင် လေထုအရည်အသွေး အညွှန်းကိန်း (AQI) ဟာ ၂၀ဝ၀ အထိရောက်သွားခဲ့ပါတယ်။ ၃၀၁ ကနေ ၅၀ဝ ကြားကို အန္တရာယ်ရှိတဲ့ အခြေအနေဆိုပြီး သတ်မှတ်ထားကြပါတယ်။ ဒီလိုမျိုး အဖြစ်အပျက်ကြောင့် ၂၀၁၅ ခုနှစ် အင်ဒိုနီးရှားနိုင်ငံမှာ အကြီးကျယ်ဆုံးမီးခိုးငွေ့ ဖုံးလွှမ်းတဲ့ပြဿနာ ကြုံရတဲ့အခြေအနေကိုပြန်ပြီး သတိရစေပါတယ်။ ၂၀၁၅ ခုနှစ်တုန်းကဆိုရင် လူပေါင်း ၅၀ဝ၀ဝ၀ ခန့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာနဲ့ ကြုံခဲ့ရပြီး အမေရိကန်ဒေါ်လာ ၁၆ သန်း နီးပါးမျှ ကုန်ကျခဲ့ပါတယ်။ နောက်ပြီးတော့ နိုင်ငံတော်အရေးပေါ် အခြေအနေတစ်ရပ်လည်း ကြေညာခဲ့ပါတယ်။

အစိုးရက အစွမ်းကုန်ကြိုးစား

အခုအခြေအနေဟာလည်း ၂၀၁၅ ခုနှစ်တုန်းက အခြေအနေလိုပါပဲလို့ ပလန်ကာရာရာမြို့မှာ နေထိုင်သူဒေသခံ တစ်ဦးက ပြောပါတယ်။ သူ့ရဲ့ ဇနီးဖြစ်သူ ဟာလည်း မီးခိုးငွေ့ကြောင့် မျက်နှာနီမြန်း လာတဲ့အတွက် အရေးပေါ်အခန်းကို ပို့ဆောင်ပေးခဲ့ရပါတယ်။ နောက်ထပ် ဒေသခံတစ်ဦးဖြစ်တဲ့ လီလီစ်အဲလစ်ကတော့ နေအိမ်က ပြတင်းပေါက်တွေကို မဖွင့်တာ နှစ်ပတ်လောက်ရှိပြီလို့ပြောပါတယ်။ မနက်လင်းရင်တောင် နေရောင်မမြင်ရဘဲ မှောင်နေတယ်။ အိမ်ထဲမှာနေရင် မီးဖွင့်ပြီး နေရတယ်လို့ ပြောပါတယ်။ အင်ဒိုနီးရှားအစိုးရကလည်း တောမီးလောင်မှုကို ငြှိမ်းသတ်နိုင်ရေး အစွမ်းကုန် ကြိုးစားနေပါတယ်။ လေယာဉ်နဲ့ရေသယ်ပြီး မီးငြှိမ်းသတ်ဖို့ ကြိုးစားတာ၊ မိုးအတုရွာသွန်းတာတွေ ပြုလုပ်နေပါတယ်။ အဓိကတောမီးလောင် နေတဲ့ဒေသတွေကိုစက်တင်ဘာ ၁၇ ရက်နေ့မှာ သမ္မတ ဂျိုကိုဝီဒိုဒို ကိုယ်တိုင်လာရောက်ကြည့်ရှုခဲ့ပါတယ်။

နှစ်စဉ်ကြုံတွေ့ရသည့်ပြဿနာ

ဆူမားတြားနဲ့ ဘော်နီယိုကျွန်းတွေမှာ အဓိကတောမီးလောင်နေတာပါပဲ။ ဆူမားတြားအလယ်ပိုင်း ရီယာပြည်နယ်မှာ မီးငြှိမ်းသတ်ဖို့အတွက် တပ်ဖွဲ့ဝင်ပေါင်း ၆၀ဝ၀ ခန့် ဂျိုကိုဝီဒိုဒိုက စေလွှတ်ခဲ့ပါတယ်။ ကြိုးစားလို့ ရသမျှအားလုံးကို လုပ်ဆောင်နေပါတယ်လို့ ဂျိုကိုဝီဒိုဒိုက ပြောပါတယ်။ မြေပြင်မှာလည်း မီးသတ်သမားတွေကို တပ်ဖြန့်ချထားပြီး မီးငြှိမ်းသတ်နိ်ုင်ရေး လုပ်ဆောင်နေသလို ကောင်းကင်ယံမှာလည်း လေယာဉ်တွေအသုံးပြုပြီး မီးငြှိမ်းသတ်ဖို့၊ မိုးအတုရွာ သွန်းပေးဖို့တွေ လုပ်ဆောင်နေတယ်လို့ သမ္မတက ပြောပါတယ်။ သီးနှံစိုက်ပျိုးမှုအတွက် မြေယာရှင်းလင်းမှုတွေလုပ်ဖို့ရာ မီးရှို့မှုတွေဟာလည်း အင်ဒိုနီးရှားနိုင်ငံမှာ နှစ်စဉ်လိုလို ကြုံတွေ့နေရတာဖြစ်ပြီး အခုနှစ်မှာတော့ ရာသီဥတုဟာလည်း ခြောက်သွေ့လွန်းတဲ့အတွက် အခြေအနေပိုပြီး ဆိုးရွားလာတာပါပဲ။

သံသယရှိသူများကို ဖမ်းဆီး

တောမီးလောင်မှုကို ထိန်းမရတဲ့ အခြေအနေအထိအောင် ဖြစ်စေခဲ့သူတွေလို့ သံသယရှိတဲ့လူပေါင်း ၂၀ဝ ခန့်ကို ဖမ်းဆီးထားတယ်လို့ စက်တင်ဘာ ၁၆ ရက်နေ့မှာ အာဏာပိုင်တွေက ပြောပါတယ်။ စုံစမ်းစစ်ဆေးမှုတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူတွေကတော့ ဒီအပြစ်တွေကို အင်ဒိုနီးရှားတစ်ခုတည်းကိုပဲ ပုံချလို့မရဘူးလို့ ပြောပါတယ်။

မြေယာရှင်းလင်းမီးရှို့မှု အချို့မှာဆိုရင် မလေးရှားနဲ့ စင်ကာပူက ရင်းနှီး မြှပ်နှံသူတွေလည်း ပါရှိတယ်လို့ ပြောကြပါတယ်။ အင်ဒိုနီးရှားရဲတွေ အခက်ကြုံရတဲ့အရာတစ်ခုကလည်း ဆူမားတြားနဲ့ ကာလီမန်တန်တို့မှာ စိုက်ပျိုးရေးနယ်မြေတွေ ကျယ်ပြန့်လွန်းတာပါပဲ။ ဒါကြောင့်လည်း ထိန်းချုပ်ဖို့ မလွယ်ကူလှပါဘူး။

ကျောင်းတွေ ပိတ်ထားရ

ခုဆိုရင် အင်ဒိုနီးရှားမှာ ကျောင်းတွေလည်း ပိတ်ထားရပါတယ်။ မလေးရှားမှာတော့ မီးခိုးမြူတွေကို ဖယ်ရှားနိုင်ဖို့အတွက် လေတပ်နဲ့ အရရှိတွေပူးပေါင်းပြီး မိုးအတုရွာသွန်းဖို့ ကြိုးစားနေကြပါတယ်။ စက်တင်ဘာ ၁၇ ရက်မှာတော့ မလေးရှားနိုင်ငံက ကျောင်းတွေရာနဲ့ချီကာ ပိတ်ထားရပြီး ကျောင်းသား ၃၅၀ဝ၀ဝ ခန့်လည်း ထိခိုက်ခံစားခဲ့ရပါတယ်။ ။

ခြူးစန္ဒီနွေး

ကိုးကား -ဘီဘီစီ၊ စီအင်န်အင်န်