အရိုးစွပ်ပြုတ်လေးသောက် ၊ ထမင်းပူပူလေးစားရတာ ကြိုက်တဲ့သူတွေ ရှိလားဗျို့

ကြက်စွပ်ပြုတ်၊ ဆိတ်နံရိုးစွပ်ပြုတ်တို့ကို မကြိုက်တဲ့သူရှိမယ် မထင်ပါဘူး။ စားရတာ စိမ့်စိမ့်လေးနဲ့ အရသာလည်းရှိ၊ သံပုရာသီးလေးများ ညှစ်လိုက်ရင် ဘာပြောကောင်းမလဲ။ မွှေးမွှေးချဉ်ချဉ်လေး ခံတွင်းကိုတွေ့လို့ ။နေကောင်းခါစ နလန်ပြန်ထစ အချိန်တွေဆို ဒါတွေကို အဓိကထားစားကြတယ် မလား။ အားပြန်ပြည့်အောင်လို့လေ။ တကယ်ပဲ ဒီလို အရိုးပြုတ်ဟင်းရည် တွေက ကျန်းမာရေးအတွက် အကျိုးတွေရှိတာလား။ ။

 

အရိုးပြုတ်ဟင်းရည်တစ်ခုမှာ ဘယ်လိုအာဟာရတွေများ ပါဝင်လဲ ။ ။

 

အရိုးတစ်ခု မှာ အပြင်အရိုး၊ အတွင်း ရိုးတွင်းခြင်ဆီနဲ့ တစ်ရှူးတွေနဲ့ ဖွဲ့စည်းထားတာကြောင့် အရိုးပြုတ် ဟင်းရည်တစ်ခုသောက်ရင် အဲ့ဒီ ၃ မျိုးက အာဟာရတွေ အကုန်ရနိုင်ပါတယ်။

 

•           အရိုး – အရိုးတစ်ခုမှာ ကယ်လ်ဆီယမ်၊ ဖော့စဖောရက်စ်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ် နဲ့ ပိုတက်ဆီယမ်၊ ဆာလ်ဖာတို့ပါဝင်တာကြောင့် အရိုးပြုတ်ဟင်းရည်တစ်ခွက် သောက်လိုက်တာနဲ့ ဒီ သတ္တုဓါတ်တွေ အကုန်ရမှာပါ။

 

•           ရိုးတွင်းခြင်ဆီ – ဗီတာမင်တွေဖြစ်တဲ့ vitamin A, vitamin K ,တို့အပြင် အိုမီဂါတွေနဲ့ အခြား သတ္တုတွေဖြစ်တဲ့ သံဓါတ်၊ selenium,နဲ့ manganese တို့ပါဝင်ပါတယ်။ ဆိတ်ရိုး စွပ်ပြုတ်တို့ အမဲရိုးစွပ်ပြုတ်တို့မှာဆို CLA တောင်ပါဝင်ပါသေးတယ်။

 

•           Connective tissues – ဒီ တစ်ရှူးထဲမှာ အရိုးနုကျန်းမာဖို့ နဲ့ အရိုးအဆစ် တွေ ရောင်တာနာတာကို သက်သာစေဖို့ နာမည်ကြီး ဖြည့်စွက်အာဟာရဖြစ်တဲ့ glucosamine နဲ့ chondroitin တို့ပါဝင်ပါတယ်။

 

ဒါ့အပြင် အရိုး၊ ရိုးတွင်းချဉ်ဆီနဲ့ Connective tissues တို့ဟာ ကော်လာဂျင် ပရိုတင်းတွေနဲ့ ဖွဲ့စည်းထားတာကြောင့် အရိုးစွပ်ပြုတ်တစ်ခွက်မှာ glycine နဲ့ amino acids တွေလည်း ပါပါသေးတယ်။

 

ကဲ ဒီလောက် အာဟာရတွေ များပြားစွာပါနေတဲ့အရိုးစွပ်ပြုတ်တစ်ခွက်က ကျန်းမာရေးအပေါ် ဘယ်လိုအထောက်အကူပြုလဲ ။ ။

 

ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ များတာကြောင့် အာဟာရချို့တဲ့မှာတော့ စိုးရိမ်စရာမလိုဘူးနော်။ ဒါ့အပြင် အရိုးစွပ်ပြုတ်တစ်ခွက်ပေးတဲ့ အခြား ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။

 

•           ရောင်ရမ်းခြင်းကို လျော့ကျစေပါတယ်။ – အရိုးစွပ်ပြုတ်ထဲမှာပါတဲ့ glycine တွေမှာ ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့အာနိသင်နဲ့ ဓါတ်တိုးဆန့်ကျင်တဲ့ အာနိသင်တွေပါဝင်ပါတယ်။

 

•           ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးပါတယ် – အရိုးပြုတ်ဟင်းရည်တွေမှာ ကယ်လိုရီ နည်းနည်းပဲ ပါဝင်တဲ့အပြင် ပါဝင်တဲ့ ပရိုတင်းဓါတ်တွေက သင့်ကိုဆာလောင်ခြင်းကနေလည်း ကင်းဝေးစေဦးမှာပါ။

 

•           Glucosamine နဲ့ chondroitin တို့ရဲ့ အစွမ်းကြောင့် အဆစ်အမြစ် ကျန်းမာရေး အထူးကောင်းမွန်ပြီး အဆစ်အမြစ်ရောင်တာကို သူက ကာကွယ်ပေးဦးမှာပါ။

 

•           calcium, magnesium နဲ့ phosphorus တို့ ပါဝင်တာကြောင့် အရိုးပြုတ်ဟင်းချိုတစ်ခွက်က ကိုယ်ခန္ဓါကပေါ်က အရိုးတွေအတွက် ကောင်းကျိုးအထူးပြုမယ်ဆိုတာ မေးစရာတောင်လိုမယ် မထင်ပါဘူး။

 

•           အရိုးစွပ်ပြုတ်မှာပါတဲ့ Glycine ဟာ အိပ်စက်ခြင်းစက်ဝန်းကို အားပေးပြီး ဦးနှောက် စွမ်းဆောင်ရည်တွေကို တိုးတက်ကောင်းမွန်စေပါသေးတယ်။ ။

 

ဒီလို အရိုးတွေကို သန်မာစေတယ်၊ အဆစ်အမြစ်တွေရဲ့ လှုပ်ရှားမှုကို ချောမွေ့စေတယ်၊ အိပ်စက်ခြင်းကို အားပေးပြီး နဲ့ ဦးနှောက်စွမ်းဆောင်ရည်ကိုလည်း တိုးမြင့်စေတဲ့ အရိုးပြုတ်ဟင်းရည်တစ်ခွက်မှာ မသောက်ရင် ဘာကိုများသွားပြီးသောက်ဦးမလဲနော် ။ ။

 

ရေးသားသူ Dr. Thin Yadanar @ Frances ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”