အရိုင်းစံပယ်

 

အောင်လင်း

 

၁၄-၁၁-၂၀၂၂ ရက်မှအဆက်

 

“လာ .. သွားမယ်၊ အချိန်မရှိဘူး ...ထ”

 

ဘလှသန်းထွန်းက မော်၏လက်မောင်းတစ်ဖက်ကို ဆွဲကိုင်လိုက်ရင်း ခပ်တည်တည် မေးလိုက်သည်။

 

“ဘာလဲ ဦးခင်မောင်ကြည်က မလာနိုင်ဘူးတဲ့လား”

 

“စကားမရှည်စမ်းနဲ့ ဂျော်နီ၊ သွားမယ်ဆို သွားမယ်”

 

ဘလှသန်းထွန်းသည် မော်ဆွဲရာသို့ ပါသွားတော့သည်။ မော်သည် ဘလှသန်းထွန်းကားကို ကိုယ်တိုင်မောင်း၍ သွားလေသည်။ ဘလှသန်းထွန်းက မော်လုပ်သမျှ ဘာတစ်ခွန်းမှမပြောဘဲ ပြုံး၍လိုက်လာသည်။

 

မော်သည် ကားကို အရှိန်ပြင်းပြင်း မောင်းလိုက်သည်။ လမ်းကွေ့များတွင် နောက်ဘီးမှ ကွီခနဲမြည်သံကို ကြားလိုက်ရသည်။ ကားပေါ်မှ နှစ်ယောက်စလုံးမှာ ယိမ်းကသလို ဘယ်ညာယိမ်း၍သွားသည်။ ရှေ့ကားကို ကျော်တက်လိုက်သည့်အခါ  တစ်ဖက်မှလာနေသောကားနှင့် ခေါင်းချင်းတေ့ပြီးသား ဖြစ်၍သွားသည်။  တစ်ဖက်ကားက အလျှော့ပေး၍ လမ်းဘေးသို့ရှောင်၍ ပေးသည့်တိုင်အောင် ပွတ်ကာသီကာ လွတ်၍သွားသည်။

 

အမှန်၌ မော်မောင်းပုံမှာ စိုးရိမ်စရာ ကောင်းလှသည်။ သို့သော် ဘလှသန်းထွန်းကမူ မော့်ကို ယုံကြည်စိတ်ချ၍လား မသိ၊ ဘေးမှ လေကလေးချွန်၍ လိုက်လာသည်။

 

မစ္စတာရှားမားခြံထဲသို့ ရောက်သောအခါ ကားကို တစ်ရှိန်ထိုး ဘရိတ်အုပ်၍ ရပ်လိုက်သည်။ အားလုံးကပင် မော်တော်ကားကို  လှည့်၍ကြည့်လိုက်မိသည်။ ပါတီတွင်လူအများ အတော်စုံစုံရောက်နှင့်နေလေပြီ။  မော်သည် ဘလှသန်းထွန်း၏ လက်တစ်ဖက်ကိုတွဲ၍ ခပ်ကြော့ကြော့ ဝင်၍သွားသည်။ မစ္စတာရှားမားက အပေါက်ဝမှဆီး၍နှုတ်ဆက်ရင်း နေရာချပေးလိုက်သည်။ စားပွဲတွင် ထိုင်လိုက်သော်လည်း မျက်လုံးများမှာ တစ်စုံ တစ်ယောက်ကို ရှာနေမိသည်။

 

ဘလှသန်းထွန်းက စားစရာသောက်စရာများ မှာလိုက်သည်။ မော့်အတွက် ခါတိုင်းလိုပင် ဝိုင်ကိုမှာလိုက်သည်။ မော်သည် အသင့်ချလိုက်သောဝိုင်ကို တစ်ချက်တည်းမော့၍ သောက်လိုက်ပြီးလျှင် ဝီစကီကို ထပ်၍မှာလိုက်သည်။ ဘလှသန်းထွန်းသည် မော့်ကိုကြည့်၍ နားမလည်နိုင်အောင် ရှိတော့သည်။

 

“ဟေ့ ... မော်၊ ဘာဖြစ်တာလဲ၊ တော်တော်ကြာ အရင်တစ်ခါတုန်းကလို သိပ်မူးနေဦးမယ်”

 

“ကိစ္စမရှိပါဘူး၊ မော်မူးရင် ဂျော်နီ့အတွက် အမြတ်ကြီးပေါ့”

 

မော်သည် ပြောပြောဆိုဆိုပင် တစ်ကျိုက်ချင်း မော့၍သောက်နေပြန်သည်။  ဘလှသန်းထွန်းသည် မော့်ကို ကြောက်ချင်သလိုဖြစ်မိသည်။

 

မော်သည် ဖန်ခွက်နှုတ်ခမ်းကို မေးဖျားကလေးဖြင့်ပွတ်ရင်း စားပွဲများကို လျှောက်၍ကြည့်နေမိသည်။ ဘလှသန်းထွန်းက မော့်ကိုစိုက်ကြည့်နေရင်း သူ့စိတ်ထဲတွင်ရှိသည့်အတိုင်း ပြောချလိုက်သည်။

 

“ကိုယ်ပြောတာ တစ်ခုနားထောင်စမ်းပါ။ ရှေ့နှစ်ထဲမှာ ကိုယ်တို့ လက်ထပ်ကြရအောင်။  ရှေ့နှစ်ဆိုရင် ကိုယ်အလုပ်ဝင်နိုင်ပြီ။ ကျူတာလုပ် အမ်အေတက်မယ်။ ဒီတော့ ခုနွေကျောင်းပိတ်ရက်မှာ မော်နဲ့ကိုယ်နဲ့  အင်ဂေ့ရှ်လုပ်ရအောင် ကွာ ... နော်။ မော် ကိုယ်ပြောတာ နားထောင်စမ်းပါ”

 

မော်သည် ဘလှသန်းထွန်းပြောစကားကို လုံးဝစိတ်မဝင်စားနိုင်ပေ။ ဘေးစားပွဲများကိုသာ လှည့်၍ကြည့် နေမိသည်။ ဘလှသန်းထွန်းက မော့်လက်တစ်ဖက်ကို ညှစ်၍ဆုပ်လိုက်မိသည်။

 

“ကိုယ်ပြောတာ နားထောင်စမ်းပါ။ မော်လည်း  စာသင်မပျက်ပါဘူး။  ကိုယ်တို့ကိစ္စ လူတိုင်းသိနေတာပဲ။ စေ့စပ်ထားရင်ကောင်းမယ်။  ဒါမှ လွတ်လွတ်လပ်လပ် သွားနိုင်တာပေါ့”

 

မော်သည် ခြောက်ကပ်ကပ်ရယ်လိုက်ရင်း အရက်ကို တစ်ချက်မော့လိုက်သည်။ စီးကရက်တစ်လိပ်ကို မီးညှိ၍ ဖွာလိုက်ပြီးလျှင် ဘလှသန်းထွန်းဘက်သို့ ကမ်းပေးလိုက်သည်။ ပြီးမှ “စီးကရက်သောက်နေစမ်းပါ ဂျော်နီ။ ကနေ့ည မော် ဘာမှစိတ်မဝင် စားဘူး”

 

ဘလှသန်းထွန်းသည် မော့်အမိန့်ကိုမလွန်ဆန်နိုင်သကဲ့သို့  အရက်ကို တစ်ချက်မျှ မော့လိုက်ရင်း စီးကရက်ကို ဖွာလိုက်သည်။

 

မော်သည် ဘေးစားပွဲများကိုကြည့်နေရင်းမှ ထောင့်တစ်နေရာတွင် သူတွေ့လိုသော ကိုခင်မောင်ကြည်ကိုလှမ်း၍မြင်လိုက်သည်။ မြင်လျှင်မြင်ချင်းပင် နေရာမှထကာ ကိုခင်မောင်ကြည်တို့ရှိရာ လျှောက်ခဲ့သည်။

 

ကိုခင်မောင်ကြည် သူ့ဆီသို့ တန်းတန်း မတ်မတ်လာနေသော မော့်ကို ကြည့်ရင်း မျက်စိမျက်နှာမလှ ဖြစ်နေတော့သည်။ မော်သည်  ကိုခင်မောင်ကြည်စားပွဲပေါ် ဘေးတွင် ခါးထောက်ရပ်လိုက်သည်။ ကိုခင်မောင်ကြည်၏ ဘေးတွင်ကား ချောမော တောင့်တင်းလှသော မိန်းမပျိုတစ်ယောက် ယှဉ်ထိုင်လျက်ရှိသည်။ ထိုမိန်းမပျိုက ကိုခင်မောင်ကြည်နှင့် မော့်ကို အကဲခတ်သလို တစ်လှည့်စီ ကြည့်လိုက်သည်။ ကိုခင်မောင်ကြည်သည် မော့်ကို မျက်နှာချိုသွေး၍ နှုတ်ဆက်လိုက်သည်။

 

“မော် ဘယ်တုန်းကရောက်လဲဟင်။ ကိုကိုကြည်တောင် မလာတော့ဘူးလို့ ထင်နေတာ။ ဟောဒီ ပက်ဂီကြိုင်နဲ့တွေ့လို့ပါလာတာ”

 

မော်က တစ်ချက်မျှမဲ့လိုက်ပြီးလျှင် သရော်ဟန်ဖြင့် ရယ်လိုက်သည်။  ပြီးမှ ကိုခင်မောင်ကြည်ရှေ့တွင်ချထားသော  အရက်ခွက်ကိုယူ၍  မော့လိုက်သည်။ ကိုခင်မောင်ကြည်သည် မော်၏ ကလေးဆန်လှသော အပြုအမူကြောင့် ပက်ဂီကြိုင်ကိုပင် အားနာသွားပုံရသည်။

 

“သူ မူးနေလို့ပါ။ ပက်ဂီ ... ခွင့်လွှတ်နော်”

 

“ဒါဟာ အမေရိကားကတတ်လာတဲ့ လိမ်နည်းညာနည်းတွေလား။  မော်က ကတိတည်မှ ကြိုက်တယ်။ မော့်ကိုချိန်းထားပြီး ဒီလိုအပေါက်မျိုးချိုးတာတော့ ရွံတယ်၊ မုန်းတယ်”

 

“ဟေ့ ... မော်၊ ဘာတွေလျှောက်ပြောနေတာလဲ။  ဒီမှာ ဧည့်သည်ကိုလည်း အားနာဦးမှပေါ့။ နေရာတကာ ကလေးဆန်လို့ ဘယ်ကောင်းမလဲ”

 

မော်သည် အရက်ခွက်ကို နှုတ်ခမ်းမှခွာလိုက်ရင်း ကိုခင်မောင်ကြည်ကို ဒေါသဖြင့် စိုက်၍ကြည့်လိုက်၏။

 

“ကလေးဆန်တယ်ပြောပြော၊ လူကြီး ဆန်တယ်ပြောပြော မော်တို့က စိတ်ထဲ ရှိတဲ့အတိုင်းပဲ။ ဟန်မဆောင်တတ်ဘူး။ ဟိုတစ်မျိုး ဒီတစ်မျိုး ကြမ်းပိုးလိုလိမ်တဲ့ လူမျိုးကိုတော့ မုန်းတယ်”

 

“နောက်မှပြောကွာ မော်၊ ဒီနေရာမှာ လူတွေနဲ့ ဘယ်လောက်ရှက်စရာ ကောင်းသလဲ။ ယဉ်ကျေးမှုကို နားလည်မှပေါ့”

 

“နောက်လည်း ပြောစရာမလိုပါဘူး။ ကိုကိုကြည်လို လူလိမ်လူညာမျိုးကိုလည်း နောက် မဆက်ဆံတော့ဘူး။ မော်နားလည်တဲ့ ယဉ်ကျေးမှုဆိုတာ ရှင်လိုကြမ်းပိုးတွေအတွက် ဟောဒီလို ဆုံးမတာဟာ အယဉ်ကျေးဆုံးပဲ”

 

မော်သည် ကိုခင်မောင်ကြည်၏ မျက်နှာကို အရက်ခွက်ဖြင့် ပက်လိုက်သည်။ ဘေးစားပွဲမှလူများသည် ဝိုင်း၍ကြည့်ကြသည်။ တချို့မိန်းမများက အလန့်တကြား သံသေးသံကြောင်ဖြင့် အော်လိုက်သည်။ ကိုခင်မောင်ကြည်သည် ရှက်ရမ်းရမ်း တော့မည်ကဲ့သို့  မော့်ကို ရိုက်ရန် ပြင်လိုက်သည်။ ဘလှသန်းထွန်းက  ကြားမှဝင်၍ ရပ်လိုက်သည်။ မစ္စတာရှားမားက ကိုခင်မောင်ကြည်ကို ဝင်၍ဆွဲလိုက်မှ ဘေးမှလူများ အုံ၍လာသည်။ ထိုအတွင်းမှာပင် လက်ခနဲလင်းလိုက်သောမီးရောင်ကြောင့်  လူများ ရွံ့သွားသည်။

“ဟေ့ ... ဘယ်သူလဲ ဓာတ်ပုံရိုက်တာ။ မစ္စတာရှားမား ... ဖလင်ကိုလုယူ။ မော် ... လာ သွားကြမယ်”

 

ဘလှသန်းထွန်းသည် ဤပွဲမျိုးတွင် ပါးနပ်သူဖြစ်သည်။ ဓာတ်ပုံရိုက်သည်ကို ရုတ်တရက် သိလျှင်သိချင်း မော့်ကိုဆွဲ၍ ကားဆီသို့ ပြေးတော့သည်။

 

ကားပေါ်သို့ မော့်အားတွန်းတင်လိုက်ရင်း စက်ကိုနှိုးကာ တစ်ဟုန်ထိုး မောင်းထွက်သွားတော့သည်။ မော်ကမူ ရှေ့နောက်  ဘာကိုမျှစဉ်းစား ဟန်မရှိ၊ သူလုပ်သမျှကို ကျေနပ်နေဟန်ရှိသည်။

 

“မော်ကကွာ ... ဘာမှမစဉ်းစားဘူး။ ဒီလိုနေရာမျိုးမှာ လုပ်ရတာမဟုတ်ဘူး။ တစ်ခါတည်း သတင်းစာထဲမှာပါလာမှာ။ အလိုလိုကမှ သတင်းစာတွေက ဒီကပွဲအကြောင်းကို မကောင်းဘူးလို့ အပြစ်ရှာနေတာ။ ခု မမြင်ဘူးလား။ တော်တော်ကြာ ဓာတ်ပုံနဲ့ပါလာရင် အရှက်ကွဲ ကုန်မှာ”

 

“အမယ် ... မော်က စဉ်းစားပြီးမှလုပ်တာ။ ကိုကိုကြည်နဲ့ ရန်ဖြစ်ချင်လို့ ဒီကိုလာတာ။ ခုတော့ ကျေနပ်သွားပြီ၊ ဒီလို လူမျိုးကို ဒီလိုလုပ်ပေးမှ ... သိလား”

 

ဘလှသန်းထွန်းသည် မော့်ကို ဆက်၍ မပြောချေ။ ဆက်ပြောလျှင်လည်း ရမည်မဟုတ်။ မော်၏ တစ်ယူသန် တစ်ဇွတ်ထိုးစိတ် ကို ဘလှသန်းထွန်းကိုယ်တိုင် နားလည်ပြီးဖြစ်သည်။ မော်က ခေါင်းတညိတ်ညိတ် သီချင်း တအေးအေးဖြင့် လိုက်လာရင်း ဘလှသန်းထွန်း ချိုးဝင်လိုက်သော လမ်းမြှောင်ကလေးကို ကြည့်လိုက်သည်။ အိမ်ကိုပြန်သောလမ်း မဟုတ်မှန်း သိသည်နှင့်တစ်ပြိုင်နက် ကားစတီရာ တိုင်ကိုကိုင်၍လှည့်လိုက်သည်။ ရုတ်တရက် ကားကလေးသည်  လမ်းဘေးသစ်ပင်များဆီသို့ တိုးဝင်သွားသည်။ ဘလှသန်းထွန်းသည်  ကားကိုသစ်ပင်နှင့် မတိုက်မိစေရန် မနည်းပင်ရှောင် လိုက်ရင်း ဘရိတ်အုပ်လိုက်သည်။

 

 

“ဘယ်လိုလုပ်တာလဲ ... မော်၊ အရမ်းပဲ၊ တိုက်ရင်သေကုန်မှာ... သိလား”

 

“ဘာလဲ ... ဒါ အိမ်ပြန်တာလား။ အိမ်သွားတဲ့လမ်းက ဒီလမ်းမဟုတ်ဘူး”

 

သည်တော့မှလည်း ဘလှသန်းထွန်းက အဓိပ္ပာယ်ပါပါ ပြုံးလိုက်ရင်း မော်၏ လက်မောင်းအိုးကလေးကို ဆုပ်ကိုင်ထားလိုက်သည်။

 

“စောပါသေးတယ် မော်ရာ၊ ကိုယ်တို့ စကားလေးဘာလေး ပြောကြတာပေါ့”

 

စကားပြောမှာဖြင့်ပြော၊  ဘယ်မှ လျှောက်မောင်းနေစရာမလိုဘူး”

 

ဆက်လက်ဖော်ပြပါမည်။