အရိုင်းစံပယ်

အောင်လင်း

၁၈-၁၁-၂၀၂၂ ရက်မှအဆက် 

မော်သည် သူ့တစ်ကိုယ်လုံးကို ချာချာလည် အောင်လှည့်လိုက်ရင်း ရယ်လိုက်သည်။

“ရင်တုန်ရင် သွေးဆေးလေးသောက်လိုက် ပါလား”

“မော် မင်းနောက်စရာမဟုတ်ဘူး။ ဒါ အတည်ပြောနေတာ။ မင်းနေပုံထိုင်ပုံတွေဟာ ဒီအတိုင်းဆိုရင် မဖြစ်တော့ဘူး။ ဖေဖေတို့ကို တိုင်ပြောရလိမ့်မယ်”

“ပြောလိုက်ပါလား၊ သွားပြော ... ခုသွားပြော။ မော့်ကို လာပြောမနေနဲ့။ မင်းမှ ပြောစရာရှိတာ မဟုတ်ဘူး။ ငါ့မှာလည်း မင်းအကြောင်းတွေ ပြောစရာရှိတာပဲ။ ဖော်ကောင်လုပ်ကြေးဆိုရင် ဖော်လိုက်ပေါ့ ... သွားပြောချေ”

မော်သည် သံကုန်ဟစ်ပြောလိုက်သည်။ ‘မ’ သည် ရှေ့ဆက်၍ မပြောတော့ချေ။

ပြောလျှင် အရင်တစ်ကြိမ်လို ဖြစ်ဦးမည်ကိုလည်း သိထား၏။ ထို့ကြောင့်လည်း ‘မ’ သည် စိတ်ပျက်လက်ပျက်ဖြင့် ခုတင်ပေါ်သို့ ထိုင်ချသည်။ ထိုအတွင်း အောက်ထပ်ဆီမှ မွန်၏ခေါ်သံ ကြားရသည်။

“‘မ’ ရေ ... ‘မ’၊ လာဦးဟေ့၊ မော့်ပါ ခေါ်ခဲ့”

‘မ’ သည် မော့်ကို တစ်ချက်မျှကြည့်လိုက်ပြီး အောက်ထပ်သို့ ဆင်းခဲ့သည်။ အောက်ထပ်တွင် ဒေါ်ခင်မျိုးသန့်နှင့် မွန်သည် တစ်ယောက်နှင့် တစ်ယောက် တီးတိုးပြောနေကြသည်။ ဒေါ်ခင်မျိုးသန့်သည် လက်ထဲမှ ဓာတ်ပုံကိုကြည့်ရင်း ထိုင်စောင့်နေသည်။

“မိရွှေမပါ တစ်ဉာဏ်တည်းနဲ့တူတယ်။ ခုတလော ဒီကောင်မလေး စည်းကမ်းပျက်နေတာကို သူဘာမှ မပြောတာ ကြည့်စမ်း။ ဒီမှာ ဘယ်လောက်ရှက်စရာကောင်းလဲ။ အတူတူပါပဲလေ၊ ညည်းတို့နှစ်ယောက် ငါမပြောချင်ဘူး။ ပြောရင် လက်က ပါမိမယ် ...”

‘မ’သည် ဒေါ်ခင်မျိုးသန့်ပေးသော ဓာတ်ပုံကို ကြည့်လိုက်သည်။ ဓာတ်ပုံမှာ ကိုခင်မောင်ကြည်ပေးသွားသောပုံမျိုးပင် ဖြစ်လေသည်။

“‘မ’ သိပြီးပါပြီ။ ခုပဲ သူ့ကို ဒီအကြောင်းတွေပြောနေတာပါ”

ဒေါ်ခင်မျိုးသန့်သည် ‘မ’ စကားကို မယုံသလို မျက်စောင်းထိုး၍ ကြည့်လိုက်သည်။

‘မ’ က တစ်ခုခုကို စဉ်းစားနေဟန် ရှိသည်။

“တို့အမျိုးထဲမှာ မကြားဖူးပါဘူး။ ဒါလောက်တောင် ကမြင်းရတယ်လို့ ခေါ်လိုက်စမ်း”

မွန်က မော့်ကို လှမ်းအော်လိုက်သည်။ မော်သည် အပေါ်ထပ်မှ အော်ရင်း ပြေးဆင်းလာသည်။ အစ၌ မော်သည် ဘာမှသိဟန်မတူ။ ‘မ’ တို့စားပွဲဝိုင်းသို့ ခုန်ပေါက်ပြေးလွှားလာသည်။ အနားရောက်မှ ကိုယ်ဟန်သတ်လိုက်သည်။ သည်တော့မှလည်း အားလုံး မျက်နှာပျက်နေသည်ကို မော် ရိပ်မိလိုက်သည်။ ပြီးမှ စားပွဲပေါ်ကဓာတ်ပုံကို မျက်စိရောက် သွားသည်။ မော်သည် ‘မ’ ကို စူးစူးဝါးဝါး စိုက်၍ ကြည့်လိုက်သည်။

“ဪ ... လက်စသတ်တော့ မရွှေချောကပြောပြီးပြီကိုး။ အေးပေါ့လေ ... မော့်ကိစ္စက ရှင်းပါတယ်။ ဘလှသန်းထွန်းကိုခေါ်ပြီး သက်သေပြပါ့မယ်”

မော်က ငေါ့၍ပြောလိုက်သည်။ ‘မ’ ကမူ မော့်ကို ဘာမှ ပြန်မချေပတော့ချေ။

“ဘယ်သူမှ သက်သေပြစရာမလိုဘူး မော်။ မင်းဟာ ဣန္ဒြေမဲ့လွန်းတယ်။ လူတွေရဲ့ ဂုဏ်သိက္ခာ ကိုတောင် မငဲ့ဘူး။ ပါတီသွားတာ၊ ကပွဲသွားတာတို့ ကန့်ကွက်စရာမလိုဘူး။ ဒါပေမဲ့ မင်းနေပုံထိုင်ပုံဟာ စည်းကမ်းပျက်လွန်းတယ်။ ဒါကို မင်း ဆင်ခြင်ဖို့ ကောင်းပြီ”

မော်သည် မွန့်စကားကို လွန်ဆန်ရဲပုံ မရချေ။ မျက်နှာငယ်ကလေးဖြင့် မွန့်အနားတွင် ထိုင်လိုက်သည်။

“ဘာမှလည်းဖြစ်တာမဟုတ်ဘူး မွန်ရာ၊ ညက ကိုကိုကြည်က မော့်ကို စတယ်၊ မော်ကလည်း စိတ်ဆိုးဆိုးနဲ့ အရက်ခွက်နဲ့ လှမ်းပက်လိုက်တယ်။ အဲဒါကို ကိုကိုကြည်က လူတွေထဲမှာဆိုတော့ ရှက်သွားတာနဲ့ တူပါတယ်။ မစ္စတာရှားမားတို့၊ ဘလှသန်းထွန်းတို့ ရှိပါတယ်။ မယုံရင် ခေါ်မေးပါ”

“ဘာမှယုံစရာမလိုဘူး။ ကိုခင်မောင်ကြည်က အားလုံးပြောသွားပြီ။ ဒီကိစ္စဟာ သတင်းစာထဲမှာ ဓာတ်ပုံနဲ့ပါမလာတာ ကံကောင်းတယ် သိလား။ ကိုခင်မောင်ကြည်က ဓာတ်ပုံဆရာကို တောင်းပန်ပြီး ပြောယူရတာ။ မင်းအပြုအမူတွေက အောက်တန်းစား ဆန်တယ် မော်။ မင်းကိုငါ ခဏခဏပြောတယ်။ မင်း နားမလည်ဘူး”

“မော် နောက်မဖြစ်တော့ပါဘူး မွန်ရာ၊ ခုလည်း မော့်ကို လူတွေကနားလည်ပါတယ်။ မော့်ကို သူတို့ ကလေးတစ်ယောက်လို ခွင့်လွှတ်ပါတယ်။ တကယ်ပါ မွန်၊ ကပွဲမှာ မော့်ကို လူတိုင်းက ချစ်ခင်ကြပါတယ်။ မော် မှားလည်း ခွင့်လွှတ်ကြတာပဲ။ ဒီကိစ္စက ဘာမှမဖြစ်လောက်ပါဘူး မွန်ရာ။ မော် နောက်မလုပ်ဘူးဆိုရင် ပြီးတာပဲ။ ကိုကိုကြည်က ဒါလောက်ကလေး များ လာပြီးတိုင်ရသေးတယ်”

ဒေါ်ခင်မျိုးသန့်သည် စီးကရက်အသစ်တစ်လိပ်ကို မီးညှိသည်။

မော်က အသနားခံသောမျက်နှာဖြင့် ဒေါ်ခင်မျိုးသန့်ကို လှမ်းကြည့်လိုက်သည်။

“မော့်ကိစ္စက လွယ်တယ်ဟေ့ မွန်။ နောက် အပြင်ကို ညမထွက်ရဘူး။ မောင်ကြည်လာရင် တောင်းပန်လိုက်။ မောင်ကြည်ဟာ တခြားလူမဟုတ်ဘူး ဆိုတာ မင်းနားလည်ထား။ ကဲ ... မွန်၊ မိရွှေမ အကြောင်း ပြောလိုက်စမ်း”

မွန်သည် ‘မ’ ကို မကျေနပ်သောမျက်လုံးများဖြင့် စိုက်၍ကြည့်နေသည်။

‘မ’ သည် မမျှော်လင့်ဘဲ ကိုယ့်ဘူတာသို့ လာဆိုက်တော့မည်ကို သိရသဖြင့် ရင်ဖိုမိတော့သည်။

မွန်က အပြစ်ရှိသောကျောင်းသားကို ဆရာက ကြည့်သောအကြည့်မျိုးဖြင့် စိုက်ကြည့်နေသည်။

“‘မ’ ကိုတော့ မွန် သိပ်မပြောချင်ဘူး။ တစ်ခုပဲ မင်းဝန်ခံစေချင်တယ်။ မင်းဟာ မင်းဘဝကိုမင်း ဖြောင့်ဖြောင့်တန်းတန်း လျှောက်နိုင်တဲ့အစွမ်း မရှိဘူး။ ဒါဟာ မင်းရဲ့ အညံ့ဆုံးအချက်ပါပဲ။ ဒါကို တို့က ကြည့်နေရင် တို့တစ်မျိုးလုံးရဲ့ ဂုဏ်သိက္ခာပျက်မှာပဲ။ ဒီတော့ တို့လည်း ရှည်ရှည်ဝေးဝေး မပြောချင်ဘူး။ မင်းနဲ့ ကိုခင်မောင်ကြည်နဲ့ စေ့စပ်ဖို့ မွန် သဘောတူလိုက်တယ်။ ဒီကိစ္စကိုလည်း မင်းအသိပဲ” 

‘မ’ သည် ကြမ်းပြင်ပေါ်သို့ လဲကျမသွားရန် ထိန်း၍ထားလိုက်ရသည်။

မွန် ပြောပုံလုပ်ပုံမှာ ပိုင်စိုးပိုင်နင်း ရှိလှသည်။ ထက်အောက်ညီအစ်မချင်း ဖြစ်သော်လည်း ယခုလို ကိစ္စမျိုးတွင် ကာယကံရှင်ကိုမှ အသိမပေး။

သူတို့သဘောဖြင့် သူတို့ စီစဉ်လိုက်ခြင်းမှာလည်း ရက်စက်လွန်းလှသည်ဟု ‘မ’ က ထင်မိသည်။

‘မ’သည် ရုတ်တရက် ဘာမျှပြန်မပြောနိုင်ရှာပေ။ နှုတ်ခမ်းလွှာကလေးကို သွားဖြင့်ကိုက်ရင်း စိတ်ကို တင်းထားသည်။ မျက်ရည်များသည် ပေါင်ပေါ်သို့ တစ်စက်ချင်း ကျလာသည်။

‘မ’ သာမဟုတ်၊ မော်လည်း ဟန်ဆောင်မရအောင် မျက်နှာပျက်နေသည်။

မော်သည် ‘မ’နှင့် မွန်ကို တစ်လှည့်စီကြည့်နေသည်။

‘မ’ က ခေါင်းမဖော်ဘဲ တုန်ယင်သော လေသံကလေးဖြင့် တောင်းပန်လိုက်သည်။

“ဒီကိစ္စမျိုးကိုတော့ ‘မ’ ရဲ့ ဆန္ဒလည်း ပါသင့်ပါတယ်မွန်။ သွားရမယ့်ခရီးက ‘မ’ နဲ့ တစ်သက်လုံး သွားရမှာပါ။ ဒီလို ဘဝတစ်သက်လုံး ‘မ’ နဲ့အတူ သွားရမယ့်လူမျိုးကို ရွေးချယ်တဲ့နေရာမှာ ‘မ’ ကိုယ်တိုင် ကြည်ဖြူတယ်၊ မကြည်ဖြူဘူး၊ ယုံကြည်တယ်၊ မယုံကြည်ဘူးဆိုတာတော့ မမေးသင့်ပေဘူးလား မွန်”

‘မ’ သည် စိတ်ကို မည်မျှပင် ထိန်းပြောသော်လည်း မရချေ။

“ဘာမှမေးစရာမလိုဘူး။ ညည်းကို ငါ အစ ကတည်းက ပြောတယ်မဟုတ်လား။ သမီးသုံး ယောက်ထဲမှာ ငါစိတ်မချဆုံးက ညည်းပဲ။ ညည်းရဲ့ အိမ်ထောင်ရေးကို စကတည်းက တို့စီစဉ်ပေးမယ်လို့ ပြောထားတယ်မဟုတ်လား။
 သမီးကညာ အခါမလင့်တဲ့။ အခု မောင်ကြည်လိုလူမျိုးက ညည်းနောက်ကို လိုက်နေတယ်ဆိုတာ အလွန်ကံကောင်း တယ်မှတ်၊ ညည်းလို ထုံထိုင်းထိုင်း အတတ လူတော မတိုးတဲ့မိန်းမကို မောင်ကြည်မို့ တမ်းတမ်းစွဲ လိုက်နေတာ”
မိခင်ပင်ဖြစ်သော်လည်း ဒေါ်ခင်မျိုးသန့်စကား များသည် ‘မ’ ၏ ရင်ကို နင့်စေသည်။

မွန်ကမူ ချော့၍သာ သူလိုရာကို ဆွဲနေတော့သည်။

“မင်း ကောင်းဖို့ဆိုတာ ယုံပါကွယ်။ မွန်တို့စီစဉ်တာဟာ မွန်တို့အတွက် ဘာတစ်ခုမှ အကျိုးရတာ မဟုတ်ပါဘူး”

“‘မ’ တစ်ခုပြောပါရစေ မွန်၊ ဒီနေရာမှာ မင်းနဲ့ ‘မ’ နဲ့ မတူဘူး။ မွန်တို့က လောကမှာ အမြင့်ဆုံးနေရာကို မှန်းတဲ့သူတွေပါ။ ဒီနေရာမျိုးရမှ စိတ်ချမ်းသာမယ်လို့ ထင်တဲ့လူတွေပါ။ ‘မ’က ဒီအမြင့်ကိုကြည့်ပြီး ကြောက်တဲ့သူပါ မွန်။ ကားမစီးရချင် နေပါစေ၊ ထီးနဲ့ဖိနပ်ရှိရင် စိတ်ချမ်းချမ်းသာသာနဲ့ ခရီးကို လျှောက်လို့ရတယ်။ ဒါလောက်နဲ့ပဲ ဘဝမှာ ကျေနပ် ရောင့်ရဲချင်တယ်။ လောဘကြီးပြီး စိတ်ဆင်းရဲ မခံချင်ဘူး”

မွန်သည် ‘မ’ ကို ဒေါသခိုးလျှံသော မျက်လုံးများ ဖြင့် စိုက်၍ကြည့်နေသည်။

ဒေါ်ခင်မျိုးသန့်က ကုလားထိုင်ကို နောက်သို့တွန်း လိုက်ရင်းနေရာမှ ထလိုက်သည်။

“ဒါဖြင့် ထီးထမ်းလမ်းလျှောက်တဲ့ ကြမ်းပိုးတေလေမျိုးကိုမှ ယူချင်တယ်ပေါ့ ... ဟုတ်လား”

ဒေါ်ခင်မျိုးသန့်က ဒေါသဖြင့် ခပ်ပြတ်ပြတ်မေး လိုက်သည်။ 

“သမီးပြောတာ ဒီအဓိပ္ပာယ် မရောက်ပါဘူး”

“ဟုတ်တယ် မာမီ၊ မာမီ့သမီးက ကြမ်းပိုးတေလေမျိုးကို ယူမှာ။ အဲဒီလိုလူမျိုးလည်း သူ့မှာ...”

မော်၏စကားကို မွန်က ဝင်၍ဖြတ်လိုက်သည်။

“မော် နေစမ်း၊ ဟေ့ ... ဒီမှာ ‘မ’၊ မင်းအကြောင်းကို ငါသိပြီးပြီ။ မာမီ့ကိုတောင် အသိမပေးဘူး။ အစက မင်း ဒါလောက်တောင် အစဉ်းစားဉာဏ် နည်းမယ်လို့ မထင်ဘူး’

“ဒါတွေ ပြောစရာမလိုပါဘူး မွန်။ မင်းမှာ ကိုယ်ချင်းစာတရားများ ရှိခဲ့ရင် မင်းပိုသိပါတယ်။ မင်းအိမ်ထောင်ရေးတုန်းက မင်းဘယ်လိုဆုံးဖြတ်ပြီး လုပ်ခဲ့သလဲ။ ဘယ်သူ့ကိုများ အသိပေးခဲ့သလဲ။ ဘယ်သူ့ကိုများ တိုင်ပင်ခဲ့သလဲ။ မင်းကင်းလွတ်မှုကို မင်းကြိုက်သလိုယူခဲ့ပြီးမှ သူများကင်းလွတ်မှုကို မင်းစွက်ဖို့ မကောင်းပါဘူး”

“အေး ... ဟုတ်တယ်၊ မွန်တို့ ကင်းလွတ်မှုယူတယ် ဆိုတာက ဘယ်သူ့ကိုမှ အနှောင့်အယှက်မပေးဘူး။ ဘယ်သူမှ မျက်နှာမပျက်ဘူး။ အားလုံးကောင်းတဲ့ နည်း။ အဆင်ပြေတဲ့နည်းကို ယူတာ။ မင်းလုပ်ပုံက အားလုံးမျက်နှာပျက်ရမယ်။ မင်းလည်း ဒုက္ခရောက်ရမယ်။ ဒီမှာ ‘မ’ ခု မွန်တို့ပြောတာ မင်းကောင်းစားဖို့ ပြောနေတာ နားလည်ရဲ့လား”

ဆက်လက်ဖော်ပြပါမည်။