အရိုင်းစံပယ်

အောင်လင်း 

၂-၁-၂၀၂၃ ရက်မှအဆက် 


ခုလည်း ပါသမျှပိုက်ဆံမှာ ကုန်သ လောက်ရှိတော့သည်။ အိမ်တွင်နေစဉ် က ‘မ’  ကိုယ်တိုင်သိမ်းထားသော ငွေနှစ် ရာကျော်  သုံးရာလောက်မှာ အိမ်တွင်း တိုလီမိုလီကအစ ဝယ်ရသဖြင့် ကုန်သွား တော့သည်။ ကိုဘခက်တွင်ရှိသောငွေ မှာလည်း ‘မ’ လက်သို့ အားလုံးအပ်ထား ခဲ့ရာ အိမ်သုံးစရိတ်ဖြင့်ပင် တတိတိ ကုန်သွားပြန်သည်။
လက်ထဲတွင် ငွေမရှိတော့လည်း ‘မ’ မှာ အလိုလိုအားငယ်မိသည်။ 
သို့အားငယ်သော်လည်း ချစ်လင်ကို ကား ဖွင့်၍မပြောရဲချေ။ ဖွင့်ပြောလိုက် လျှင် ချစ်လင် စိတ်မကောင်းဖြစ်မည်ကို စိုးရိမ်မိသည်။ နောက်ဆုံး ငွေပြတ်လျှင် ကိုယ်တွင်ပါလာသော ဆွဲကြိုးနှင့် နားကပ် ကို ထုခွဲ၍စားမည်ဟု ဆုံးဖြတ်ထားသည်။
ယခုလို အကျပ်အတည်းရောက်တော့ မည့် အခြေအနေခရီးတွင် ကိုဘခက်၏ တယောထိုးခငွေကလေး  ရပြန်တော့ လည်း အသက်ရှူချောင်သလို ရှိတော့ သည်။
ထို့ကြောင့်လည်း ‘မ’ က ကိုဘခက်ကို အားပေးစကားပြောလိုက်ခြင်းဖြစ်သည်။
ကိုယ်ရေးကြုံတော့လည်း သက်လုံ ကောင်းရသည်။ ငတ်မည့်အရေးကြုံလျှင်  ကိုယ်တတ်ထားသောပညာဖြင့် လုပ်ကိုင် စားသောက်မည်။ 
သူ၏အနုပညာကိုတော့     တန်ဖိုး အလျှော့မခံဟု ဆုံးဖြတ်ထားမိသည်။ 
ကိုဘခက်ကမူ ‘မ’ အဖြစ်ကို ရိပ်မိပုံ မပေါ်ချေ။ ဘဝရှေ့ရေးကိုသာတွေးရင်း စိတ်ပူနေဟန်ရှိသည်။
“ငတ်တဲ့ဘဝတော့ အရောက်မခံပါဘူး ‘မ’ ရယ်၊     နောက်ဆုံး လမ်းဘေးမှာ တယောထိုးပြီး တောင်းစားရစားရ ‘မ’ ကိုတော့ မငတ်စေရဘူး”
“မောင့်ပညာကို ‘မ’ အတွက် တစ်ရွေး သား အထိခိုက်မခံပါဘူး မောင်ရယ်။ ‘မ’ အတွက်သာ မောင့်ပညာကို ထိခိုက်လာ မယ်ဆိုရင် ‘မ’ လေ မောင်နဲ့ဝေးရာကို ပြေးတော့မှာပဲ”
ကိုဘခက်က ‘မ’ ၏ပါးစပ်ကို လက်ဝါး ဖြင့်အုပ်လိုက်သည်။ ပြီးမှ တစ်ကိုယ်လုံး ကို ရင်ခွင်တွင်းသို့ ပွေ့ယူဖက်ထားလိုက် သည်။
“ကိုယ့်ဘဝမှာ ကိုယ်အမြတ်နိုးဆုံး အရာနှစ်ခုကို ဆုံးရှုံးခံရမယ်ဆိုရင် ကိုယ် ဟာ ဒီလောကထဲမှာ ရပ်တည်ပြီး နေချင် စိတ်တောင်ရှိတော့မှာမဟုတ်ဘူး။ ဒါကို တော့ ‘မ’ စွဲစွဲမြဲမြဲ ယုံစားစေချင်တယ်။ လောကမှာ ကိုယ်အမြတ်နိုးဆုံးအရာ နှစ်ခုရှိတယ်။ တစ်ခုက ဂီတအနုပညာ၊ နောက်တစ်ခုက ‘မ’ ပဲ။ ဒီနှစ်ခုစလုံး ဖြစ်စေ၊ တစ်ခုခုပဲဖြစ်စေ ကိုယ်ဆုံးရှုံးသွား ရင် ကိုယ်ဟာ လူ့ပြည်မှာရှိနေလည်း ရှင်လျက်နဲ့ သေနေတာပဲလို့ မှတ်ထားပေ တော့”
ကိုဘခက်က သူ၏စိတ်ရင်းအတိုင်း ဖွင့်ဟလိုက်ပြန်တော့လည်း   ‘မ’ မှာ နားထောင်ရင်း  ရင်တုန်မိတော့သည်။ ‘မ’ က ကိုဘခက်၏လည်ပင်းကို သူ၏ လက်နှစ်ဖက်ဖြင့်  ဖက်လိုက်ပြီးလျှင် ပါးချင်းကပ်ထားလိုက်သည်။ 
ပြီးတော့လည်း တုန်ယင်လှိုက်လှဲသော အသံဖြင့် တောင်းပန်လိုက်ရှာသည်။
“အလကားပါ မောင်ရယ်၊ ‘မ’ ဟာ မောင့်အနားက တစ်ဖဝါးမခွာနိုင်လို့ မောင့်နောက်ကို လိုက်လာတာမဟုတ် လား။ မောင်နဲ့ ‘မ’ မခွဲနိုင်ပါဘူးမောင် ရယ်။ ဒါပေမဲ့ ‘မ’ ရင်ထဲမှာရှိတဲ့အတိုင်း ပြောရရင် ‘မ’ အတွက်ကြောင့် မောင့်မှာ မပင်ပန်းစေချင်ဘူး။ ‘မ’ ရဲ့ စားဝတ် နေရေးကြောင့် မောင့်ပညာကို မဆုံးရှုံး စေချင်ဘူး။ မောင့်နောက်ကို ‘မ’ လိုက် လာတာဟာ မောင့်ပါရမီကို ကူညီဖြည့် စွမ်းချင်လို့ပါ။ ဒီစေတနာနဲ့ ‘မ’ ပြောတာ ပါ။ ‘မ’ က စေတနာနဲ့ပြောလိုက်တဲ့စကား ဟာ မောင့်အပေါ်မှာ လွန်ကျူးရာကျရင် ခွင့်လွှတ်ပါမောင်” 
ကိုဘခက်သည် ‘မ’ တစ်ကိုယ်လုံးကို တအားဖက်၍ထားလိုက်မိသည်။ 
ချစ်သူ၏     သန့်ရှင်းမွန်မြတ်သော စေတနာကို တွေ့ရပြန်တော့လည်း  မဖော် ပြနိုင်အောင် ကြည်နူးနှစ်သိမ့်မိသည်။
“‘မ’ က   လိမ္မာသိမ်မွေ့လွန်းလေ ကိုယ့်မှာ ရင်မောလေပဲ ‘မ’ ရယ်။ ဘာပဲ ဖြစ်ဖြစ် ကိုယ်တို့ရုန်းကန်ရမယ့်ခရီး ကတော့   ကြာလိမ့်ဦးမယ်။  ဒီအချိန် အတွင်း ‘မ’ စိတ်မငယ်ဖို့ပဲလိုတယ်”
“မောင်နဲ့အတူနေရသမျှ ‘မ’ ဘယ် တော့မှ စိတ်မငယ်ဘူးဆိုတာ ယုံစမ်းပါ မောင်ရယ်။ နေစမ်းပါဦး ... ‘မ’ ကို မောင် အခုထိမယုံသေးဘူးလား” 
“ယုံပါတယ်ဗျာ၊ ယုံတာထက်လွန်လို့ ရင်ထဲမှာ မောနေရတာ”
‘မ’ သည် ကိုဘခက်၏အင်္ကျီကော်လံ ကို ဖြန့်လိုက်ခေါက်လိုက် လုပ်နေရင်းမှ မပွင့်တပွင့်ပြုံးလိုက်သည်။
ကိုဘခက်က ‘မ’ ၏ လည်တိုင်ကြော့ ကလေးကို လက်ဖြင့် အသာပွတ်နေမိ သည်။
“ကနေ့ ကိုယ်လေ စောင်းမရှိတာ ငွေသုံးဆယ်လောက် နာသွားတယ်။ သီချင်းတွေသွင်းတော့ စောင်းနဲ့ တစ်ပုဒ် သွင်းရမယ်။  အဲဒါ  စောင်းမရှိတော့ မယ်ဒလင်နဲ့ သွင်းလိုက်တာပေါ့။ စောင်း သာရှိရင် ကိုယ်တီးရမှာ”
ကိုဘခက်စကားကို နားထောင်ရင်း ‘မ’ မှာ နေ့ခင်းကကိစ္စကို သွား၍ သတိရ မိသည်။ ဦးကျော်ဒင်ပေးသောငွေကိုသာ ယူလိုက်လျှင် ကိုဘခက်အတွက် စောင်း တစ်လက် ကောင်းကောင်းဝယ်၍ပေးနိုင် မည်။
အမှန်တော့လည်း ဖခင်ကြီးစိတ်ကျေနပ် အောင်ပင် ပေးသောငွေကို ယူထားလိုက် ချင်သည်။
သို့သော် ကိုဘခက်၏သဘောထားကို မသိရ၍ မယူလိုက်ခြင်းဖြစ်သည်။
ကိုဘခက်က စောင်းအကြောင်းပြော မှပင်  ‘မ’ သည် ဖခင်ကြီးငွေလာပေး သည်ကို ကိုဘခက်အား ပြောမိတော့ သည်။
“ဪ...ဒါထက် မောင့်ကိုပြောရဦး မယ်။ နေ့ခင်းက ဖေဖေကြီးလာတယ်။ မောင့်ကိုလည်းမေးတယ်”
“ဟင် ... ဦး လာသလား။ ဘာတွေပြော သွားသေးလဲ၊ ‘မ’ ကိုရော ပြန်များခေါ် သေးလား”
ကိုဘခက်သည်    မမျှော်လင့်သော သတင်းကို   ကြားလိုက်ရသဖြင့်  တအံ့ တသြ ဖြစ်နေတော့သည်။    ‘မ’ က ကိုဘခက်      စိုးရိမ်ပူပန်တတ်ပုံကို တွေးရင်း ပြုံးမိသည်။
“‘မ’ ကို ပြန်မခေါ်ပါဘူး မောင်။ ‘မ’ တို့ ဘယ်လိုနေတယ်ဆိုတာ လာပြီးအကဲ ခတ်တာပါ။ ပြီးတော့ ငွေလည်းအတင်း ပေးသွားတယ်။ ‘မ’ ကတော့ ဖေဖေကြီး စိတ်ချမ်းသာအောင် လက်ခံမလို့ပါပဲ။ ဒါပေမဲ့ မောင်က ကျေနပ်ချင်မှကျေနပ် မှာမို့ လက်မခံလိုက်ဘူး။ အကြောင်းရှိရင် မောင်အေးဆီကို စာရေးလွှတ်လိုက်တဲ့။ ငါးရာ၊ တစ်ထောင်ကတော့ အချိန်မရွေး ပေးမယ်လို့ ပြောတယ်။ မောင်စောင်းဝယ် ချင်ရင် တောင်းလိုက်မယ်လေ”
ကိုဘခက်သည် တစ်ချက်မျှ ငိုင်၍ စဉ်းစားရင်း ခေါင်းကို တစ်ချက်ချင်းယမ်း လိုက်သည်။
“ဦးရဲ့စေတနာကိုတော့ ကျေးဇူးတင် ပါတယ် ‘မ’ ရယ်။ ဒါပေမဲ့ ဒီအကူအညီ ကို  လက်ခံလို့  ဘယ်ကောင်းပါ့မလဲ။ ကိုယ့်အိုး၊ ကိုယ့်အိမ်နဲ့ ထူထောင်နေရတဲ့ ဘဝမျိုးမှာ သူများအကူအညီ အထောက် အပံ့ကို လက်ခံရင် ညံ့ရာကျမှာပေါ့”
ကိုဘခက်၏မာနကို သိထားသော ‘မ’ မှာ ဘာမျှဆက်မပြောရဲတော့ချေ။
ချစ်သူ၏ သတ္တိနှင့် မာနကိုသာ အလိုလို လေးစားကြည်ညိုမိတော့သည်။
“မောင့်သဘောအတိုင်းပါ။ ‘မ’ ဟာ မောင့်ရဲ့ဇနီးတစ်ယောက်အနေနဲ့ မောင့် အလိုကို ဘယ်အခါမှ ဆန့်ကျင်ပြီး မလုပ် ပါဘူးမောင်”
“ဘဝနဲ့အချစ်ဆိုတာ ရုန်းကန်မှုရှိမှ တောက်ပြောင်ခိုင်မာတယ်ဆိုတာ ကိုယ် တော့ ယုံကြည်ထားတယ်။ ကိုယ်ယုံကြည် သလို ‘မ’ လည်း ယုံစေချင်တယ်”
ကိုဘခက်က ‘မ’ ၏     နားထင်ဆံစ ကလေးကိုသပ်ရင်း ကလေးငယ်ကိုဆုံးမ သလို ပြောလိုက်ပြန်တော့လည်း ‘မ’ က အပြစ်ကင်းစင်သော ကလေးမျက်နှာ ကလေးကဲ့သို့ ကိုဘခက်၏ရင်ပြင်တွင် သူ့မျက်နှာကို ကပ်ထားရင်း လေသံညင်း ညင်းဖြင့် တစ်ခွန်းချင်း ပြန်၍ပြောလိုက် ရှာသည်။
“မောင်ယုံကြည်တဲ့  အရာမှန်သမျှ ဆိုရင် ‘မ’ ကို မေးစရာတောင်မလိုပါဘူး မောင်။ မောင်ယုံကြည်သလို ‘မ’ လည်း ယုံကြည်ပါတယ်မောင်။ ‘မ’ ရဲ့နှလုံး သားနဲ့ ဦးနှောက်ဟာ မောင့်ဆီမှာပဲရှိပါ တယ်မောင်”
‘မ’ က ချစ်သူအပေါ်တွင် အကြွင်းမဲ့ မေတ္တာနှင့် သစ္စာတရားကို ရိုးသားစွာ ဖွင့်ဟလိုက်ပြန်တော့လည်း ကိုဘခက် မှာ ဘာမှပြန်၍မပြောနိုင်တော့ချေ။ ‘မ’ ၏ ပါးပြင်နုနုကိုသာ တယုတယ နမ်းလိုက် လေတော့သည်။

[ ၂၄ ]
‘မ’ သည် ကိုဘခက်၏သေတ္တာထဲမှ ဓာတ်ပုံကိုကြည့်ရင်း      ရုတ်တရက် ငိုင်နေမိသည်။
ကိုဘခက်သေတ္တာကို   ‘မ’ သည် အကြိမ်ကြိမ်  ဖွင့်ဖူးသည်။ ဂရုတစိုက် ကား တစ်ခါမျှမကြည့်ခဲ့ဖူးချေ။
ဖွပ်လျှော်၍ မီးပူတိုက်ပြီးသားအဝတ် အစားများကို အလိုက်သင့်ထည့်၍ထား တတ်သည်။
ကနေ့တော့ ‘မ’ သည် ကိုဘခက်၏ အဝတ်အစားများကို မီးပူတိုက်ပြီးလျှင် သေတ္တာထဲသို့  နေရာတကျထည့်ရန် ဟန်ပြင်လိုက်သည်။ သေတ္တာကို ဖွင့်လိုက် လျှင်ပင် ပို့စ်ကတ်အရွယ် ဓာတ်ပုံတစ်ပုံ ကို မမျှော်လင့်ဘဲ တွေ့ရသည်။
မိန်းကလေးဓာတ်ပုံဖြစ်၍လည်း ‘မ’ က အတန်ကြာမျှ ငိုင်၍ကြည့်နေမိသည်။
ဓာတ်ပုံကျော်ဘက်သို့ လှန်လိုက်သော အခါ ကိုဘခက်လက်ရေးဖြင့်ရေးထား သော စာတန်းကလေးက ‘မ’ စိတ်ကို ပို၍လှုပ်ရှားစေသည်။ 
“ကိုယ့်ဘဝ   သစ်ရွက်လိုကြွေလွင့် အောင် တိုက်ခတ်လိုက်သော မုန်တိုင်း မလေး နန်းသိင်္ဂီ”
‘မ’ သည် သေတ္တာထဲသို့ထည့်မည့် အဝတ်အစားများကို ဘေးတွင် အသာ ချ၍ ဓာတ်ပုံကို ကြည့်နေမိသည်။
ကျောဘက်မှစာတန်းကလေးက ‘မ’ စိတ်ကို  ပို၍လှုပ်ရှားစေ၏။  စာကို ဖတ်ရင်း အလိုလို ဝမ်းနည်းလာသည်။ ကိုဘခက်ကိုပင် မကျေမနပ်ဖြစ်မိသည်။
ဓာတ်ပုံရှင်မိန်းကလေး၏ မျက်နှာကို ကြည့်လိုက်ပြန်တော့လည်း မိန်းမချော လေးတစ်ဦး ဖြစ်နေသည်။
ဝတ်စားဆင်ယင်     ထားပုံမှာလည်း ဇာတ်မင်းသမီး (သို့မဟုတ်) နန်းဆန်ဆန် ဝတ်စားထားသဖြင့် ‘မ’ မှာ မတွေးတတ် အောင်ရှိတော့သည်။ 
ဓာတ်ပုံရှင် မိန်းမချောနှင့်  ကိုဘခက် တို့၏   နောက်ကြောင်းဇာတ်လမ်းကို သိလိုစိတ်များ   တဖွားဖွားပေါ်၍လာ သည်။ ‘မ’  သည် သိလိုစိတ်ကို ချုပ်တည်း ၍မရတော့ချေ။ ဆက်လက်ဖော်ပြပါမည်။