အရိုင်းစံပယ်

အောင်လင်း


၁၈-၁-၂၀၂၃ ရက်မှအဆက်


ဒေါ်ခင်မျိုးသန့်သည် ယူကျုံးမရသဖြင့် ‘မ’ ကိုပင် ပြန်၍နှစ်သိမ့်လိုက်တော့သည်။ သည်တော့မှလည်း ‘မ’ မှာ သူ့စိတ်ကို ပြန်၍တင်းထားလိုက်သည်။
“ဒီအိမ်ကြီးနဲ့  သမီးအတွက်ငွေဟာ  မေမေနဲ့ မော်အတွက်ဖြစ်ပါစေ မေမေ။ ဒီလိုဖြစ်ပြီးနောက် မေမေနဲ့မော်က ကြည်ဖြူခွင့်လွှတ်မယ်ဆိုရင် သမီး တို့ အရင်တုန်းကလို တစည်းတလုံးတည်း ပြန်ပြီး နေပါရစေ။ ဖေဖေကြီးခေါင်းချသွားတဲ့အိမ်မို့ သမီး ဒီအိမ်က ဘယ်မှခွဲပြီးမနေချင်ပါဘူး” 
“မေမေ ဝမ်းသာပါတယ်။ သမီးရဲ့စေတနာကို မေမေ နားလည်ပါပြီ” 
ဒေါ်ခင်မျိုးသန့်သည် ‘မ’၏နဖူးပြင်ကို သပ်လိုက် ရင်း မချိတင်ကဲ ပြောလိုက်မိသည်။
မော်က ‘မ’ အနားသို့ မရဲတရဲ ကပ်၍လာသည်။
ပြီးမှ မျက်ရည်စမ်းစမ်းနှင့် ‘မ’ ကို တောင်းပန် လိုက်သည်။ 
“မော့်ကို စိတ်မဆိုးပါနဲ့နော်။ မော့်ကို ခွင့်လွှတ် မယ်မဟုတ်လားဟင်။ ‘မ’...မော်တောင်းပန်ပါတယ် ‘မ’ ရယ်။ မော့်ကိုခွင့်လွှတ်ပါနော်” 
မော်က ငိုသံဖြင့် တုန်တုန်ယင်ယင်တောင်းပန်နေ သည်ကိုပင် ‘မ’ မှာ မကြည့်ရက်နိုင်အောင်ရှိတော့ သည်။
သည်တော့လည်း ‘မ’ မှာ မော်၏ပါးပြင်ကလေးကို လက်ဖြင့် အသာပွတ်လိုက်မိသည်။
“တောင်းပန်စရာမလိုပါဘူး ညီမရယ်။ လောက မှာ အပြစ်ကင်းတဲ့သူရယ်လို့ မရှိပါဘူး။ တို့တစ်တွေ ဟာ ဒီအပြစ်တွေလောက်တော့ တစ်သက်လုံး မပျက်နိုင်တဲ့မေတ္တာနဲ့ ချေဖျက်သွားရမယ့် တစ်အူ ထုံ့ဆင်း ညီမအရင်းတွေဆိုတာ မင်း ယုံစမ်းပါကွယ်”
‘မ’က မော်၏ပါးကလေးကို မနာအောင် အသာ ဆွဲ၍ညှစ်လိုက်သည်။ သည်တော့မှလည်း မော့်မှာ သူ့စိတ်ကိုသူ မထိန်းနိုင်တော့ဘဲ ‘မ’ ရင်ခွင်တွင်းသို့ သူ့ခေါင်းကလေးဖြင့် တိုးဝှေ့လိုက်ရင်း ကလေး ငယ်လေးလို အသံထွက်အောင်ငိုလိုက်တော့သည်။
“မော် မကောင်းဘူး၊ မော့်ကိုယ်မော် သိတယ်။ မော်တို့က သိပ်ဆိုးနေပြီ။ ‘မ’ ခုလို မော်တို့အပေါ်မှာ စေတနာကောင်းပြလေ၊ မော်တို့အတွက် ခွင့်လွှတ် ပြလေ မော် ဝမ်းနည်းလေပဲ။ မော် သိပ်ဝမ်းနည်း တယ်။ မော့်ကိုခွင့်လွှတ်ပါ ‘မ’ ရယ်”
မော်သည် တအားငို၍ပြောရင်း တောင်းပန်နေ တော့သည်။ မွန်က မော့်ကို ဆွဲယူ၍ ချော့လိုက်သည်။
‘မ’ သည် သူ့စိတ်ကိုသူ မထိန်းနိုင်တော့ချေ။
မမြင်ရက်  မကြည့်ရက်သောအဖြစ်ကို   မြင်ရ သကဲ့သို့ ရပ်တည်နိုင်စွမ်းမရှိတော့ချေ။
“‘မ’ ပြောတာ နားထောင်စမ်း မော်၊ မင်း ကိုယ့်ကို ဒါလောက်တောင် တောင်းပန်စရာမလိုပါဘူး။ မင်း ဒီလောက်တောင်းပန်နေတော့ ကိုယ်မခံနိုင်ဘူး သိလား။ ရင်ထဲကကို ငိုချင်လာတယ်။ ကိုယ်ဟာ မင်းပြောသလို သူတော်ကောင်းမကြီးလည်း မဟုတ် ပါဘူး။ ဒါပေမဲ့ မွန်ပြောသလိုပဲ ကိုယ့်မှာ အားနည်း ချက်ရှိတယ်။ ဒီအားနည်းချက်ကတော့ လူတွေကို အတွယ်အတာကြီးတတ်တယ်၊  သံယောဇဉ်ကြီး တတ်တယ်။ အပြစ်တစ်ခုကို  ပြိုင်ပြီးခွင့်လွှတ်စတမ်း ဆိုရင် အားနည်းတဲ့သူက အရင်ခွင့်လွှတ်ပြီးဖြစ်နေ လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အားနည်းတဲ့သူ ဆိုတာ ကိုယ်တွယ်တာချစ်ခင်နေရသူတွေရဲ့ အမုန်း ကိုလည်းမခံနိုင်ဘူး။  အငြိုးလည်း  မခံနိုင်ဘူး။ သံယောဇဉ်လည်း အပြတ်မခံနိုင်ဘူး။ ခု ဖေဖေ ခွဲဝေခဲ့တဲ့ပစ္စည်းတွေကို မေမေနဲ့မင်းကို ပြန်အပ် တာဟာ ဒီစေတနာသန့်သန့်နဲ့ ပြန်အပ်တာ။ မောင့် အရှိန်အဝါကြောင့် မာနထောင်ပြီး ပြန်အပ်တာမျိုး မဟုတ်ဘူး။”
“ဒီပစ္စည်းတွေအတွက် လောဘတက်ပြီး အမုန်း ခံရမှာကို ကိုယ်မခံနိုင်ဘူး။ ဒီပစ္စည်းတွေရမှာထက် မေမေရဲ့မေတ္တာပျက်မှာ၊ မွန်နဲ့ မော်တို့ရဲ့ မေတ္တာ ပျက်မှာ ပိုပြီးကြောက်တယ်။ တစ်ချိန်တုန်းက အမေ ညီအစ်မတွေရဲ့သံယောဇဉ် အဖြတ်ခံရတာ မင်းတို့ ပြတ်သလို ကိုယ့်မှာ မပြတ်နိုင်ဘူး။”
“ဒီတော့ ဘယ်လောက်တောင် ယူကျုံးမရဖြစ် ရတယ်ဆိုတာ ကိုယ် ပိုပြီးမပြောတတ်ဘူး။ အခု တို့မှီခိုနေရတဲ့ သစ်ပင်ကြီးလဲသွားပြီ။ တို့မှာ ခိုလှုံ စရာအရိပ်က ရှားပါးလာပြီ။ ဒီအမေ၊ ဒီညီအစ်မ တွေရဲ့ မေတ္တာရိပ်ကို တစ်ပြန်တလဲ ခိုလှုံပြီးနေကြရ မှာပါ ညီမရဲ့။ ဒါကြောင့် ကိုယ့်ကို တောင်းပန်ဖို့မလို ဘူးလို့ပြောတာ  သိလား။  တောင်းပန်ချင်း တောင်းပန်ရင် ကိုယ်ကသာ တောင်းပန်ရမှာပါ ညီမ ရယ်။ ကိုယ်ကသာ တောင်းပန်ရမှာပါကွယ်”
‘မ’ က ပြောပြောဆိုဆို သူ့မျက်နှာကို လက်ဝါး ကလေးဖြင့်အုပ်၍ တစ်ကိုယ်လုံး သိမ့်သိမ့်ခါအောင် ငိုလိုက်မိတော့သည်။
‘မ’ ငိုတော့လည်း မော်ကပါ ‘မ’ ကို ဖက်၍ ငိုလိုက် မိလေတော့သည်။ မွန်က ‘မ’ မျက်နှာကလေးကို မေးမှအသာဆွဲ၍ မော့လိုက်သည်။ မွန့်မျက်လုံးများ မှာ မျက်ရည်အပြည့် လျှမ်းနေတော့သည်။
“မင်း မှန်ပါတယ် ညီမရယ်၊ မင်းက အမှန်ဘက် ရပ်တည်ခဲ့တဲ့သူမို့ မင်းကို တို့တစ်တွေ တောင်းပန် တာကို မင်း ဝမ်းနည်းစရာမလိုပါဘူး။  မင်းရဲ့ စေတနာကို တို့နားလည်တဲ့နောက်မှာ တို့တစ်တွေ ဟာ အရင်လို   ချစ်ချစ်ခင်ခင်   ကြင်ကြင်နာနာ တစည်းတလုံးတည်း နေသွားဖို့ပဲရှိတယ် မဟုတ် လား။ မွန်ပြောတာကို ယုံပါကွယ်နော်”
သည်တော့မှလည်း ‘မ’ သည် ကလေးငယ်ကဲ့သို့ ခေါင်းကို အသာညိတ်လိုက်ရင်း သူ့မျက်ရည်များ သုတ်လိုက်သည်။
ကိုဘခက်သည် ‘မ’ တို့အဖြစ်ကို မျက်နှာလွှဲနေရာ မှ နာရီကို  ကြည့်လိုက်သည်။  ရထားချိန်ကား နီးနေလေပြီ၊ သည်တော့မှလည်း ‘မ’ ကို ခပ်တိုးတိုး သတိပေးလိုက်သည်။
“ရထားထွက်ခါနီးပြီ ‘မ’ ရေ’
မွန်က ‘မ’ ကို တွဲထူလိုက်သည်။
မောင်က တစ်ဖက်မှ ‘မ’ လက်မောင်းကလေးကို ဖက်တွယ်၍ လိုက်လာသည်။ ဦးစိန်ခက်က ဣန္ဒြေ ဖြင့် အားလုံးကို နှုတ်ဆက်လိုက်သည်။
“ကဲ...  ကျွန်တော်တို့ကို    ခွင့်ပြုပါဦးခင်ဗျာ။       သမီးအတွက်    စိတ်ချပါ။   မောင်ဘခက်အမေရော ကျွန်တော်ကပါ   သမီးတစ်ယောက်တိုးတယ်လို့ ယူဆပြီး ဝမ်းသာနေကြတာပါ”
“ကျေးဇူးတင်ပါတယ်ရှင့်၊ ကဲ ... ငါ့သားနဲ့ ငါ့သမီး ကိုယ်စိတ်နှစ်ပါး ချမ်းသာကြပါစေ”
‘မ’ သည်   ရွှင်လန်းသောမျက်နှာကလေးဖြင့် ဒေါ်ခင်မျိုးသန့်ကို  တစ်ချက်မျှ  ကြည့်လိုက်သည်။ ကိုဘခက်က  အသင့်ဖွင့်ထားသောတံခါးမှ ‘မ’ ကို တက်စေပြီး   ‘မ’ ဘေးမှ   ဝင်၍ထိုင်လိုက်သည်။ 
ဦးစိန်ခက်က  ရှေ့မှဝင်၍ထိုက်လိုက်သည်။ 
“ကဲ ... အားလုံးပဲ သွားမယ်နော်”
ကိုဘခက်က အားလုံးကို ရွှင်ပြုံးသောမျက်နှာဖြင့် နှုတ်ဆက်လိုက်သည်။
“ဟုတ်ကဲ့ ... ဆရာ”
မြန်မြန်ပြန်ခဲ့ကြနော်၊ ပြန်တော့လည်း သံကြိုး ရိုက်ပါ။ မော်တို့ကြိုမယ်”
‘မ’ က မျက်ရည်မခြောက်သေးသော မျက်လုံးဝိုင်း ကြီးဖြင့် မွန်နှင့်မော့်ကို ပြုံးကြည့်ရင်း ခေါင်းညိတ် လိုက်သည်။
ကားကလေးသည် အိမ်အတွင်းမှ တဖြည်းဖြည်း ထွက်လာလေသည်။ ဝင်းပေါက်ဝသို့ ရောက်သော အခါ ‘မ’ သည်  နောက်ပေါက်မှ နေအိမ်ကြီးကို ပြန်လှည့်ကြည့်လိုက်မိသည်။
တစ်ချိန်က  ‘မ’  တို့နေခဲ့သောအိမ်ကြီးကား မည်းမည်းရိပ်ရိပ်သာ မြင်ရတော့သည်။
ကိုဘခက်က ‘မ’ ကိုယ်ကလေးကို သိမ်းဖက်လိုက် သည်။ ကားရှေ့မှ လမ်းမကြီးကား ကားမီးရောင် ကြောင့် ထိန်ထိန်လင်းလျက် ရှိတော့သည်။ ကိုဘခက် သည် ‘မ’ ကို ခပ်တင်းတင်းကလေး ဖက်လိုက်ပြီး လျှင် လေသံတိုးတိုးလေးဖြင့် ကပ်၍ပြောလိုက်သည်။
“‘မ’ ပင်ပန်းလှပါပြီကွယ်၊ ဒီတစ်ခါတော့ ကိုယ်နဲ့ အေးအေးချမ်းချမ်း အချိန်ယူပြီး အမောဖြေကြဦး စို့နော်”
ကိုဘခက်၏ နှစ်သိမ့်မှုသည် ‘မ’ နှလုံးသားကို ရေနှင့်ဖျန်းလိုက်သလို  ခဏနှင့်  လန်း၍လာလေ တော့သည်။ ‘မ’ သည်   ကိုဘခက်၏ရင်ခွင်ပေါ်တွင် ခေါင်းကလေးကိုငဲ့၍ အသာမှေးလိုက်ရင်း တစ်ချက်မျှ ရှိုက်၍ ညည်းလိုက်ရှာတော့သည်။
“မောင့်ရင်ခွင်မှာသာ မှီနေရရင် ‘မ’ တစ်သက်လုံး မမောပါဘူးမောင်...”
အောင်လင်း
  ပြီးပါပြီ