အရည်အချင်းပြည့်ဝသော သိပ္ပံနှင့်နည်းပညာ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ  ၂၂

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ ကွန်ပျူတာတက္ကသိုလ်နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းတို့ကို မေ ၁၉ ရက်က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ကြည့်ရှုစစ်ဆေးပြီး ပြည်သူလူထုဗဟိုပြုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ပံ့ပိုးပေးနိုင်ရန်အတွက် မဟာဗျူဟာစီမံကိန်းအတိုင်း အရည်အချင်းပြည့်ဝသော သိပ္ပံနှင့်နည်းပညာ လူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ် မွေးထုတ်သွားရန်၊ ကျောင်းသားများ ပညာသင်ကြားရာတွင် အဆင်ပြေချောမွေ့စေရေး အလေးပေးဆောင်ရွက်ရန်၊ ယင်းအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများနှင့် စံချိန်မီသော လက်တွေ့သုံး စက်ပစ္စည်းကိရိယာများအား Plan အတိုင်း ဖြည့်ဆည်းသွားရန်၊ ခေတ်မီသင်ကြား သင်ယူစနစ်များဖြင့် ထိရောက်ပီပြင်စွာ ဆောင်ရွက်ရန်၊ နိုင်ငံတကာအဆင့်မီ ဆရာများဖြစ်စေရေး အရည်အသွေးပြည့်ဝစေရန် အစဉ်ဆန်းစစ်မွမ်းမံလေ့လာသွားရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

 

ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)တွင် ဒုတိယပါမောက္ခချုပ် ဒေါက်တာလှိုင်ဖြူဖြူမွန်က တက္ကသိုလ်ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ကွန်ပျူတာနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ IT သုတေသနများဖြင့် လှုပ်ရှားသက်ဝင်နေသော တက္ကသိုလ်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊ Talent ရှိသော ကျောင်းသားများအား ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်စေပြီး မြေတောင်မြှောက်ပေးရန်၊ ကျောင်းသားနှင့် ဆရာများပါဝင်သော သုတေသနအဖွဲ့များ ဖွဲ့စည်း၍ အခြားပြည်တွင်း၊ပြည်ပ တက္ကသိုလ်များနှင့် Joint Research များအား ပူးပေါင်းဆောင်ရွက်ရန်၊ University- Industry Collaboration ကို မြှင့်တင်ဆောင်ရွက်ရန်၊ အထက်/ အောက် မိသားစုသဖွယ် ရင်းနှီးစည်းလုံးစွာ တက္ကသိုလ်ရှိလုပ်ငန်းများ အောင်မြင်ရေး ပူးပေါင်းဆောင်ရွက်ရန်၊ နိုင်ငံ့အကျိုးပြု အရည်အသွေးမြင့် သုတေသနစာတမ်းများရရှိရေး ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားပြီး ဆရာများ၊ ကျောင်းသားများ၏ လိုအပ်ချက်များကို ညှိနှိုင်း ဖြည့်ဆည်းပေးပြီး စာကြည့်တိုက်၊ Language Lab၊ ကွန်ပျူတာခန်းများ၊ သင်ကြားသင်ယူမှု အထောက်အကူပြုစနစ် (Learning Management System-LMS)၊ ကျောင်းသူအိပ်ဆောင် တည်ဆောက်ရေးလုပ်ငန်းကို စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

မွန်းလွဲပိုင်း၌ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အစိုးရနည်းပညာအထက်တန်းကျောင်း (မိတ္ထီလာ)သို့ ရောက်ရှိရာ အစည်းအဝေးခန်းမ၌ ကျောင်းဆိုင်ရာ အချက်အလက်များကို ကျောင်းအုပ်ကြီး ဒေါက်တာကျော့ကျော့ရီက ရှင်းလင်းတင်ပြပြီး ညွှန်ကြားရေးမှူး ဦးအောင်ဇော်ဦးက ဖြည့်စွက်တင်ပြရာ ဒုတိယဝန်ကြီးက သတ်မှတ်အရည်အသွေး စံနှုန်းများနှင့်အညီ သင်ကြားနိုင်ရေး အလေးထား ဆောင်ရွက်ရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည့် သက်မွေးပညာ၊ နည်းပညာရပ်များဖြစ်၍ လက်တွေ့ကျွမ်းကျင်မှု Hand on ဖြစ်စေရန်နှင့် တတ်မြောက်မှု စစ်ဆေးခြင်းများ ဆောင်ရွက်ရန်၊ သင်တန်းဆင်းများ၏ အလုပ်အကိုင်ရရှိမှုနှင့် လူမှုဘဝ အဆင့်အတန်း မြင့်မားလာမှုများကို Feedback Survey and Analysis ဆောင်ရွက်၍ မှတ်တမ်းတင်ရန် ပြောကြားပြီး စာကြည့်တိုက်၊ ကျောင်းသားများ လက်တွေ့လုပ်ဆောင်နေမှုများ၊ စာသင်ခန်းများ၊ အားကစားလှုပ်ရှားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်