အရည်အသွေးမြင့်မားသော လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် တိရစ္ဆာန်ဆေးကုသိပ္ပံ ဒီပလိုမာသင်တန်း ဖွင့်လှစ်ပေးလျက်ရှိ


နေပြည်တော် မေ ၁၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့နံနက်ပိုင်းတွင် အရည်အသွေးမြင့်မားသော လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်  ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၌ ဖွင့်လှစ်ထားရှိသည့် တိရစ္ဆာန်ဆေးကုသိပ္ပံ ဒီပလိုမာသင်တန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
တစ်နှစ်သင်တန်းပို့ချပေးလျက်ရှိ
အဆိုပါ တိရစ္ဆာန်ဆေးကုသိပ္ပံ ဒီပလိုမာ သင်တန်းကျောင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သင်တန်းသား သင်တန်းသူ ၆၆ ဦးကို တစ်နှစ်သင်တန်း ပို့ချပေးလျက်ရှိသည်။
တိရစ္ဆာန်ဆေးကုသိပ္ပံဒီပလိုမာ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက သတ်မှတ်ထားသည့် သင်တန်းစည်းကမ်းများနှင့်အညီ စနစ်တကျလိုက်နာနေထိုင်၍ ပို့ချပေးသည့် ဘာသာရပ်များအပေါ် ကျေညက်စွာ သိရှိစေရန် မေးမြန်းမှတ်သားခြင်း၊ လေ့လာသင်ယူခြင်းများဖြင့် ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းမှာကြားပြီး သင်တန်းသား သင်တန်းသူများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကာ သင်တန်းသား သင်တန်းသူ အိပ်ဆောင်များ၊ စားရိပ်သာဆောင်များ ပြင်ဆင်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ 
ထို့နောက် ဒုတိယဝန်ကြီးသည် မွေးမြူရေးဦးစီးဌာန၏ ပစ္စည်းသိုလှောင်ရုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သိုလှောင်ရုံများနှင့် သိုလှောင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရေး၊ သိုလှောင်ထားရှိသည့် ပစ္စည်းအမျိုးအစားအလိုက် စနစ်တကျထားရှိ ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မြန်မာနိုင်ငံ မွေးမြူရေးအဖွဲ့ချုပ် ၊ အစာစက်ရုံများအသင်း၊ အစာစပ်လုပ်ငန်းရှင်များအသင်း၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပြည်တွင်းစားသုံးဆီဖူလုံရေးကို ဘဏ္ဍာနှစ်အလိုက် တိုးချဲ့ဆောင်ရွက်သွားရန် နိုင်ငံတော်၏ မူဝါဒချမှတ်ဆောင်ရွက်နေမှုများနှင့် ပြည်တွင်းဆီ စက်များမှ ထွက်ရှိလာမည့် ပဲဖတ်၊ နှမ်းဖတ်များကို မွေးမြူရေးတိရစ္ဆာန်အစာအဖြစ် အသုံးချနိုင်ရန် ထည့်သွင်းစီမံဆောင်ရွက်နေမှုများ၊ ပြည်ပမှတင်သွင်းလာသည့် တိရစ္ဆာန်ဆေးဝါးများနှင့် ဆက်စပ်သည့် ပစ္စည်းများအား အမှန်တကယ် လိုအပ်သည့်နေရာများတွင် ထိရောက်စွာသုံးစွဲရေး၊ ပြည်တွင်းထွက်ကုန်များကို ဦးစားပေးသုံးစွဲရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆက်လုပ်ငန်းများအားလုံး ညီညွတ်စွာကြိုးပမ်းရန် လိုအပ်ချက်များကို ဆွေးနွေး ပြောကြားပြီး လုပ်ငန်းရှင်များ၏ ဆွေးနွေးတင်ပြချက်အပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဌာနပိုင်မြေနှင့် အဆောက်အအုံများပေါ်တွင် ငှားရမ်းလုပ်ကိုင်လျက်ရှိသည့် Yangon Wuling Diesel Engine Co., Ltd လယ်ယာသုံးစက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံနှင့် Young Investment Group (YIG) ၏ လုပ်ငန်းခွင်များကို ကြည့်ရှုစစ်ဆေးပြီး ဌာနပိုင်မြေနေရာများ မူလသဘောတူညီချက်များအတိုင်း စနစ်တကျ လိုက်နာဆောင်ရွက်ရန်၊ ပြောင်းလဲလာသည့် ရာသီဥတုအပေါ်မူတည်၍ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လက်တွေ့လုပ်ငန်းခွင်နှင့်ကိုက်ညီသည့် လယ်ယာသုံးစက်ကိရိယာများ တိုးတက်ထုတ်လုပ်ပေးရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်