အရည်အသွေးပြည့်၀သော ပညာရေးအခွင့်အလမ်းထိရောက်စွာ အကောင်အထည်ဖော် နိုင်ရေးဆွေးနွေး

ရန်ကုန် ၂၉ ဇန်နဝါရီ 

 

ပါမောက္ခဆရာကြီး ဒေါက်တာအောင်ထွန်းသက်၏ ထိရောက်သောပညာရေး စီမံခန့်ခွဲမှု (Effective Education Management)ဟောပြောပွဲအခမ်းအနားကို ဇန်နဝါရီ ၂၈ ရက် နံနက် ၁၀နာရီတွင် ရန်ကုန်မြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း (အလုံ)ရှိ သီရိရတနာခန်းမ၌ ကျင်းပသည်။

 

ဟောပြောပွဲတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာန အနေဖြင့် ကျောင်းသား/ကျောင်းသူများအား လူသားကောင်းများဖြစ်စေရန်၊ ပူးပေါင်း ပါဝင်ဆောင် ရွက်တတ်သူများ ဖြစ်စေရန်၊ တာဝန်ယူတာဝန်ခံ ဆောင်ရွက်တတ်စေရန်၊ တီထွင်ဆန်းသစ် နိုင်စွမ်းရှိသူများ ဖြစ်လာစေရန် ပြုစုပျိုးထောင် သင်ကြားသင်ယူ လေ့ကျင့်ပေးရမည် ဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေရေး၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်မထားရေး၊ ကျောင်းထွက်သူမရှိရေး၊ မည်သည့်ခွဲခြားမှုမျှ မရှိရေးတို့ကို အလေးထားဆောင်ရွက်ကြရန်နှင့် ထိရောက်သောခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုတို့ကို လေ့ကျင့် ကြိုးစား ဆောင်ရွက်ကြရန် ပြောကြားသည်။

 

ထို့နောက် ပါမောက္ခဆရာကြီး ဒေါက်တာအောင်ထွန်းသက်က ဟောပြောပို့ချရာတွင် ပညာရေး အရည်အသွေးပြည့်ဝမှုနှင့် ပြုပြင်ပြောင်းလဲရေးအတွက် လိုအပ်သောစီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှု အတွက် လိုအပ်သောဆောင်ရွက်ရမည့်အချက်များ၊ ကျောင်းအုပ်များက ထိရောက်သော ကျောင်းအရည်အသွေး ပြည့်ဝရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်၊ ကျောင်းသား/ ကျောင်းသူများ သင်ယူတတ်မြောက်စေရန် သင်ကြားသင်ယူမှု ဝန်းကျင်ကောင်းဖန်တီးပေးရန်နှင့် ဆရာ/ဆရာများ၏ အသိပညာနှင့် တတ်ကျွမ်းမှု မြင့်မားရန် ပူးပေါင်းဆောင်ရွက်မှု၊ ကူညီဖြည့်ဆည်းဆောင်ရွက်မှု၊ ကျင့်ဝတ်၊ မျှော်မှန်းချက်၊ ပေါင်းစပ်ညှိနှိုင်း စောင့်ရှောက်မှု၊ စိတ်အားထက်သန်မှု၊ တာဝန်ယူ၊ တာဝန်ခံမှု၊ စီမံကိန်းရေးဆွဲ၍ အချိန်နှင့်တစ်ပြေးညီ စီမံခန့်ခွဲဦးဆောင်မှု စသည်တို့ကို ကျောင်းအုပ်များ၊ မြို့နယ်/ ခရိုင်/ တိုင်းဒေသကြီးပညာရေးမှူးများက မိမိတတ်ကျွမ်းသည့် ပညာဖြင့် ကျောင်းသား/ကျောင်းသူများအား အရည်အသွေးပြည့်ဝသော ပညာရေး အခွင့်အလမ်း ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး ဆွေးနွေးပြောကြားခဲ့သည်။

 

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ကြရာ ပါမောက္ခဆရာကြီး ဒေါက်တာအောင်ထွန်းသက်က ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြောင်းသိရှိရသည်။

 

(သတင်းစဉ်)