အရည်အသွေးပြည့်မီသော သက်မွေးပညာရှင်များ မွေးထုတ်ပေးရေး ကြိုးပမ်းဆောင်ရွက်

ရန်ကုန် မေ ၁၆

နိုင်ငံ့လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေးအတွက် သတ်မှတ် အရည်အသွေးစံနှုန်းများနှင့်အညီ လက်တွေ့လုပ်ငန်းခွင်၌ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချ နိုင်ရေး လေ့ကျင့်သင်ကြားပေးရန် လိုအပ်ကြောင်း၊ ‌ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ စင်္ကာပူ-မြန်မာသက်မွေး ပညာသင်ကျောင်း(SMVTI)နှင့် စက်မှုနည်းပညာလေ့ကျင့် သင်ကြားရေးသင်တန်း ကျောင်း(SITE) တို့၌ ကြည့်ရှုစစ်ဆေးစဉ် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီး သည် ပို့ချပေးလျက်ရှိသော ဟိုတယ်နှင့် ခရီးသွားဘာသာ ရပ်သင်တန်းများ၊ အင်ဂျင်နီယာ ဘာသာရပ်သင်တန်းများ၊ အလုပ်ရုံနှင့် လက်တွေ့ခန်းများ တွင်သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းထားရှိမှု၊ အားကစားကွင်းများကို စစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း(SITE)သို့ ရောက်ရှိရာ  ကျောင်းအုပ်ကြီး ဒေါက်တာနေဇာအောင်က လုပ်ငန်းများဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက Infrastructure ပြည့်စုံပြီး နိုင်ငံတကာ အတွေ့အကြုံရှိသည့် ဆရာ၊ ဆရာမများရှိသည့်အတွက် အခြားသော ကျောင်းများနှင့် Integrated project များ ပူး‌ပေါင်းဆောင်ရွက်သင့်ကြောင်း၊ စက်ရုံအလုပ်ရုံများမှ ကျွမ်းကျင် ပညာရှင်များ၊ လုပ်ငန်းရှင်များ ဖိတ်ခေါ်ကာ Knowledge Talk များ စဉ်ဆက်မပြတ် ဆောင်ရွက်ရန်နှင့် NSSA Assessorများရှိသဖြင့် ၎င်းတို့မှတစ်ဆင့် ကျွမ်းကျင်သည့် Assessor များ ပိုမိုရရှိအောင် ဆောင်ရွက်သင့်ကြောင်း မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် စက်ရုံလုပ်ငန်းဆိုင်ရာ အလိုအလျောက် စက်များ ထိန်းချုပ် ရေးစနစ်များဆိုင်ရာ နည်းပညာသင်တန်း၊ ပြန်လည်ပြည့်ဖြိုးစွမ်းအင်ဆိုင်ရာ နည်းပညာ သင်တန်း၊သစ်ဖြင့်ပြုလုပ်သော ပရိဘောဂများထုတ်လုပ်ခြင်းဆိုင်ရာ နည်း ပညာသင်တန်း၊ ရေနှင့် ရေဆိုးစီမံခန့်ခွဲခြင်းဆိုင်ရာ နည်းပညာသင်တန်းနှင့် CNCစက်များ ဖြင့်ထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာသင်တန်းများရှိ လက်တွေ့ခန်းများကို စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်