အရုပ်မျက်နှာ၊ ပန်းမျက်နှာ

၇  အောက်တိုဘာ

ပြောရေးရှိက ပြောအပ်လှ၏ဟု ဆိုသည်။

ခုတော့ သည်လိုမဟုတ်တော့။

"ရေး" ရေးရှိက ရေးအပ်လှ၏ဖြစ်ခဲ့ပြီ။

မြန်မာမှုတွင် " အမှိုက်ကစ ပြာသာဒ်မီးလောင်"ဟု ဆိုသည်။

"အမှိုက်၊ အမှိုက်ကောင်"စသည်တို့သည် ပြဿနာ။ ရှင်းကို ရှင်းထားရမည်။ ကျွန်တော်တို့တိုက်ခန်းရှေ့ ဗာဒံပင်ကြီးသည် ရွက်ကြွတောကို ဖန်ဆင်းပေးသည်။ သည်ရွက်ကြွတောသည် လွမ်းစရာမကောင်းပါ။ အိမ်ရှင်နှင့် ကျွန်တော် လှည်းကျင်းထားသဖြင့် ကွန်ကရစ်ခင်းထားသော မြေပြင်သည် ပြောင်စင်နေသော်လည်း အမှိုက်ပုံမှာကား ကျင်းတစ်ဝက် နီးနီးရှိပြီ။

သည်အမှိုက်ပုံကို ကျွန်တော်ဆင်းကျုံးသည်။ ပလတ် စတစ်အိတ်ကြီး သုံးလုံးအပြည့်ရသည်။ အမှိုက်ကျုံးရတာ တစ်နာရီကြာပါသည်။ ထိုစဉ်တွင် ကျွန်တော်တို့ငှားစားထားသောအခန်းတွင် ပါကေးခင်းနေသည့် ဖိုးခွားတို့ ပါကေးဖြတ်စနှစ်ထမ်းဖြင့် ဆင်းလာသည်။ ယခင်အိမ်တွင် ခင်းထားသောပါကေးကြမ်းခင်းများကိုခွာကာ ငှားထားသောအခန်းတွင် ပြန်ခင်းခြင်းဖြစ်သည်။

ပါကေးကြမ်းခင်းအောက်ခံ ဖော့လိပ်အဟောင်း တစ်လိပ်ပါသည်။ ဗာဒံပင်ခြေရင်း အုတ်ပေါင်ပေါ်တင် ထားလိုက်သည်။ ဗာဒံရွက်ထုပ်သုံးထုပ်ဆိုလျှင် မနက်ဖြန် လာမည့် စည်ပင်အမှိုက်ကားပေါ် တင်လို့ရသည်။ ပါကေးပြားအစုတ် ဖြတ်စတွေပါ ပါနေတော့ ညပိုင်း "အမှိုက်ပစ်မယ် အမှိုက်ဟု" အော်လာတတ်သော၊ လိမ္မော်ရောင် အပေါ်ဖုံးဂျာကင်ဝတ်ထားတတ်သော၊ ပိုက်ဆံပေးက အမှိုက်စွန့်ပေးသော အမှိုက်လှည်းနှင့် ထည့်ပေးမည်ဟု စိတ်မှာတေးထားလိုက်သည်။

ည ၇ နာရီထိုးခါနီး အမှိုက်လှည်းသမား အော်သံကြားသည်။ လှည်းဘီးများတည့်တည့်မလည်။ ဘယ်၊ ညာယိမ်းကာ လည်သည်။ သို့သော် သွားတော့သွားသည်။ အရွေ့ရှိသည်။ ခရီးကား မတွင်လှ။ သူ့မိသားစုအတွက် အပိုဝင်ငွေ ရှာဖွေကျွေးမွေးခြင်းကို ကျွန်တော်က တစ်ဖက်တစ်လမ်းမှ ကူညီသည့်သဘောဟု တွေးမိသည်။ ပီတိဖြစ်ရပါသည်။ ညီလေးရပ်ပါဦး။ သူမော့ကြည့်သည်။ အိမ်မီးရောင်မှုန်ဝါးဝါးကြောင့် ပိန်လှီသော၊ မွဲခြောက်သော၊ ရှိရင်းစွဲအသက်ထက် ကြီးပုံပေါက်နေသော သူ့ကိုမြင်ရသည်။ အဲသည်အမှိုက်တွေ တင်သွားပေးပါ။ ကျွန်တော် ဘယ်လောက်ကူညီရမလဲ မေးလိုက်သည်။

သုံးထောင်တောင်းသည်။ ကျွန်တော့် ပင်စင်လစာသည် တစ်ရက်မှ ကျပ် ၇၅၀ဝ စွန်းစွန်းသာဖြစ်သည်။ ၂၀ဝဝ၊ ၂၅၀ဝ ဆစ်သည်၊ မရ။ ၃၀ဝဝ မလျှော့ဟုဆိုသည်။ ဟိုဘက်လမ်းမှာ သည်ထက်တောင်းလို့ရတယ်။ အမှိုက်တွေ အများကြီးရှိတယ်။ သွားပစ်ရင်လည်း အဆူခံရမလားမသိဘူးဗျဟု ကရားရေလွှတ်ပြောသည်။ ကဲကွာ။ ရပါတယ်။ ပေးမယ် တင်ပါဟုဆိုကာ ပိုက်ဆံကို ကြိုးဖြင့်ချပေးရန် ပြင်သည်။ ထိုစဉ် သူများဆို ၅၀ဝဝ တောင်းမှာ၊ အမှိုက်တွေက များတယ်။

သူတောင်းစားပေးသလောက်ရှိတယ်ဟု သူက အော်ပြောလာသည်။

ကျွန်တော့်" ပီတိ"သည် ဒေါသအဖြစ်သို့ပြောင်းသည်။ "ဒေါသစေတသိက်"သည် ခက်ထန်ကြမ်းတမ်းသည်။ အာရုံ ကိုတိုက်ရိုက်မထိခိုက်သော်လည်း ထိခိုက်သကဲ့သို့ရှိသည်ဟု ကျွန်တော်သင်ဖူးသည်။ "ဒုက္ခိတသတ္တဝါအပေါ် သနားကြင်နာခြင်းပီတိ"အစား အနိဋ္ဌဌာရုံကိုခံစားသော လက္ခဏာရှိသည့် ဒေါမနဿဝေဒနာ ကျွန်တော် ခံစားရလိုက်သည်။ သတိတမံကို ဉာဏ်မြေကတုတ် မလုပ်နိုင်တော့။

မတင်နဲ့တော့ညီလေး၊ ရတယ်၊ ကျေးဇူးတင်ပါတယ်ဟု ချိုသာစွာပြောသော်လည်း သည်စကားသည် မာယာနှောသော စကားသာဖြစ်သည်။ ရင်ထဲမှာဗလောင်ဆူနေပြီ။ သည်လိုကောင်ကများ ငါ့ကိုကွာ။ အမှိုက်သည်ကောင်လေးက လှည်းကို တွန်းထွက်ထွက်ရင်း ဘယ်လိုလူကြီးလဲဟု အော်သွားသေးသည်။ ဟိုဘက်မှာ အမှိုက်တွေအများကြီးရှိတယ်ဟု လုပ်သွားသေးသည်။ အခန်းထဲပြန်ဝင်သည်။ ဆိုဖာပေါ် ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။ ဘာဆက်လုပ်မလဲတွေးသည်။

လွယ်လွယ်လေးဖြစ်သည်။ ကိုယ့်အားကိုယ်ကိုးကာ ကျွန်တော့်ကားနောက်ခန်းတွင် ပါကေး အစုတ်နှစ်ထုပ်တင်မည်။ မနက် ၆ နာရီခွဲတွင် ပါဠိသင်တန်းတက်ရန် ကျွန်တော်နှင့်ကားလာစီးမည့် မိတ်ဆွေနှင့် မတင်မည်။ သာဓုဘုန်းကြီးကျောင်းနံဘေး နတ်စင်လမ်းပေါ်ရှိ သံပြားဖြင့်လုပ်ထားသော ၃၀ဝဝ ကုဗပေလောက်ရှိမည့် အမှိုက်ကန်ကြီးတွင် သွားစွန့်မည်။ ဒါသည် လုပ်နည်းဖြစ်သည်။ ကျန်သည့် ဗာဒံရွက်ထုပ်များ ပုံမှန်အမှိုက်သိမ်းသည့် ကားပေါ်သို့စွန့်ခိုင်းရန် ဇနီးကိုမှာမည်။ ကျွန်တော်က ဘာလုပ်လုပ် Plan သမားဖြစ်သည်။ သည်လိုလုပ်ခဲ့လို့လည်း အတိမ်းအစောင်းမရှိ။ မှန်ကန်ဆဲ။ ရင်ထဲပေါ့သွားပြီ။ ဖြစ်ကြောတိုနိုင်နေပြီ။ ထိုင်ပြီး ဋီကာကျော်ဖြေရန် စာကျက်နေသည်။ ကျွန်တော် အာရုံ စုစည်းမရတော့ပါ။

ပညာမတတ်ဟုထင်ရသော၊ ဆင်းရဲသော၊ တန်းမတူသော၊ အားနည်းသော သူငယ်နှင့် ကျွန်တော်သဘောချင်း မတိုက်ဆိုင်သည်မှာ ကျွန်တော့်တွင် "ငါ" စွဲ ကပ်သွားချိန် ဖြစ်မည်ဟု ဖျတ်ခနဲသိသည်။ ကျွန်တော် မှားသွားပြီ။ ကျွန်တော် ပြင်မည်။ စာကျက်လို့ရသွားသည်။ နာရီဝက် ကျော်ကျော်ကြာတော့ ဂလုန်းဂလုန်း အသံတွေကြား သည်။ အမှိုက်လှည်းသံ။ ကျွန်တော်သိသည်။ အသံ၊ အနံ့၊ ပုံစံ၊ ထူးခြားမှု။ အားလုံးမှတ်တတ်သည်။ မှတ်ထားသည်။

ကျွန်တော် တင်နေပြီနော်ဟု အော်ပြောသံကြားသည်။ ဘကြီးရေ တင်နေပြီနော်ဟု ဆက်အော်သည်။ ကျွန်တော် ပြတင်းပေါက်ကြားမှ ချောင်းကြည့်လိုက်သည်။ ခုနက အမှိုက်လှည်းသမားဖြစ်သည်။ သူတင်နေတာကို ကျွန်တော် ကြည့်နေသည်။ အားလုံးတင်ပြီးမှ ဟေ့ကောင် မတင်နဲ့တော့။ ပြန်ချလိုက်ဟု လက်စားချေရန်၊ ဒုက္ခပေးလိုက်ရန် အကြံပေါ်သည်။ သူက တင်ပြီးပြီမို့ ပိုက်ဆံပေးရန် တစာစာအော်နေသည်။ မင်းလိုချင် ၁၀ဝဝ ပဲ ပေးမယ်။ မကြိုက်ရင် ပြန်ချခဲ့ကွလို့ပြောရန် ကျွန်တော်ဝန်မလေးတော့။ နှုတ်ထွက်ရဲပြီ။

ထို "အဝိဇ္ဇာ"ကို ကျွန်တော် သင်ထားသော "ဝိဇ္ဇာဉာဏ်"က ပယ်လိုက်သည်။ ပိုက်ဆံလာယူဟု ပြောလိုက်သည်။ ကုသိုလ်သည် "(အကုသိုလ်ကို ပယ်သတ်တတ်သော) ပဟာယကတရား"ဖြစ်သည်။ အကုသိုလ်သည် "(ပယ်အပ် သောတရား) ပဟာတဗ္ဗတရား"ဖြစ်သည်။ ကျွန်တော့် အခန်းသို့ သူတက်လာသည်။ ငါ့ကို ၂၀ဝဝ ပြန်အမ်းဟု ခပ်ပြတ်ပြတ်ဆိုကာ ၅၀ဝဝ တန်ပြလိုက်သည်။ ဟုတ်ကဲ့ဟု ကျွန်တော့်မျက်နှာကို သူမကြည့်ဘဲဖြေသည်။ သည်တစ်ခါ သူက ရှုံးနိမ့်သူဖြစ်သည်လေ။ ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ရဲဟု ဆိုစကားရှိသည်။ သူသည် လက်တွင်းတွင် ကျစ်နေအောင်ဆုပ်ထားသော ပိုက်ဆံထုပ်ကို ဖြေနေသည်ကို တွေ့သည်။ ၅၀ တန်၊ ၁၀ဝတန်၊ ၂၀ဝတန် နွမ်းနွမ်းများကိုသာ တွေ့သည်။ သူရေတွက်နေသည်။ ၂၀ဝဝ မပြည့်ဟု သူက ခပ်တိုးတိုးဖြေသည်။

ရော့ယူသွားတော့ဟု ကျွန်တော် ပြောလိုက်သည်ကို သတိမူမိချိန်တွင် သူသည် အံ့သြမှင်တက်သော မျက်နှာဖြင့် ကျွန်တော့် မျက်နှာကိုကြည့်ကာ "ခင်ဗျာ"ဟုဆိုသည်။ ပြန်မအမ်းနဲ့။ အကုန်ယူသွားတော့ဟု တိုးတိုးညင်သာ ကျွန်တော် ဘာကြောင့်ပြောမိသည်ကို မစောကြောဖြစ်တော့။

သူဆင်းသွားသည်။ ကျွန်တော်သံဘာဂျာတံခါးကို အားပါးတရ ဆွဲပိတ်လိုက်သည်။ "ဖြစ်" ပြီးသောကိစ္စတစ်ရပ် သူ့သဘောသူဆောင်ကာ "ပျက်"သွားပြီဖြစ်သည်။ အရာရာသည် "ဥဒယဘယ" ဖြစ်ခြင်း၊ ပျက်ခြင်းမျှသာ ဖြစ်သည်။ ပြုသူအသစ် ဖြစ်သူအဟောင်း။

ကုသိုလ်နှင့် အကုသိုလ်ကြားမှာ အလွှာပါးလေး တစ်ချပ်သာရှိသည်။ အားလုံးသည် အရုပ်မျက်နှာ၊ ပန်းမျက်နှာဖြစ်သည်။ ခေါင်းနှင့်ပန်းသာဖြစ်သည်။ "ယောနိသောမနသီကာရ"သည် နှလုံးသွင်းသင့်သော တရားဖြစ်သည်။"ပဋိဃ"၊ "ပဋိပက္ခများ" မြန်မြန်ချုပ်ငြိမ်းပါစေဟု ဆုတောင်းသည်။ ။

ဇာဂရဏ