အသစ်ပြန်လည်တည်ဆောက်ပြီးစီးခဲ့သည့် ကျိုင်းတုံနယ်ရှင် စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၏ ဟော်နန်းပုံစံတူပြတိုက်ဖွင့်ပွဲအခမ်းအနားကျင်းပ

အသစ်ပြန်လည်တည်ဆောက်ပြီးစီးခဲ့သည့် ကျိုင်းတုံနယ်ရှင် စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၏ ဟော်နန်းပုံစံတူပြတိုက်ဖွင့်ပွဲအခမ်းအနားကျင်းပ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်

နေပြည်တော်၊ မေ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၅)ရပ်ကွက်၊ နောင်တုံကန်ပတ်လမ်းရှိ ဟော်နန်းဥယျာဉ်မြေ၊ ဟော်နန်းမြေနှင့် တစ်ဆက်စပ်တည်း တည်ရှိသည့်နေရာတွင် အသစ်ပြန်လည် တည်ဆောက်ပြီးစီးခဲ့သည့် ကျိုင်းတုံနယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၏ ဟော်နန်းပုံစံတူပြတိုက် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကျိုင်းတုံနယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၏ ဆွေတော်မျိုးတော်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဒေသခံ တိုင်းရင်းသားပြည်သူများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် အခမ်းအနား ကျင်းပပြုလုပ်မည့်နေရာသို့ ရောက်ရှိကြရာ ကျိုင်းတုံနယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၏ ဆွေတော်မျိုးတော်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံ တိုင်းရင်းသားပြည်သူများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ကျောင်းသား၊ ကျောင်းသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် အခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ ကျိုင်းတုံဟော်နန်းဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းအား အခမ်းအနားမှူးကရှင်းလင်းတင်ပြသည်။ ယင်းနောက် မြို့မိမြို့ဖ ဦးစိုင်းရီတစ်ပဝုန်းက လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ပျောက်ဆုံးသွားခဲ့သည့် ကျိုင်းတုံဟော်နန်း ပုံစံတူပြတိုက်အား ပြန်လည်တွေ့မြင်ရသဖြင့် ယနေ့သည် ကျိုင်းတုံမြို့အတွက် ကျက်သရေမင်္ဂလာနှင့် ပြည်စုံသည့် နေ့ကောင်းနေ့မြတ်တစ်ရက် ပင်ဖြစ်ပါကြောင်း၊ မိမိတို့ ကျိုင်းတုံဒေသခံ ပြည်သူလူထုတို့အနေဖြင့် ကျိုင်းတုံဟော်နန်းပုံစံတူပြတိုက်အား ပြန်လည် တည်ဆောက်နိုင်ရေးအတွက် နှစ်အဆက်ဆက် ကြိုးပမ်းခဲ့ကြသော်လည်း အကြောင်း အမျိုးမျိုးကြောင့် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပါကြောင်း၊ ယခုကဲ့သို့ ကျိုင်းတုံနယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၏ ဟော်နန်းပုံစံတူပြတိုက်ကြီးကို အကောင်အထည်ဖော် တည်ဆောက်ပေးနိုင်ရေး လမ်းညွှန်မှုပြုခဲ့သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် မိမိတို့ဒေသခံများ အနေဖြင့် ကျိုင်းတုံဟော်နန်းပုံစံတူပြတိုက်ကြီး ပြန်လည် ဖော်ဆောင်လာနိုင်ခဲ့သည့်အတွက် အတိုင်းမသိ ဝမ်းမြောက်ဝမ်းသာ ပီတိဖြစ်ရပါကြောင်းဖြင် ပြောကြားသည်။

 

mdn

 

ယင်းနောက် အသစ်ပြန်လည်တည်ဆောက်ပြီးစီးခဲ့သည့် ကျိုင်းတုံနယ်ရှင် စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၏ ဟော်နန်းပုံစံတူပြတိုက်ကို ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင် ဒေါက်တာဒေါ်ရင်ရင်နွယ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အသစ်ပြန်လည် တည်ဆောက်ပြီးစီးခဲ့သည့် ကျိုင်းတုံနယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၏ ဟော်နန်းပုံစံတူပြတိုက် ဖွင့်လှစ်ခြင်းအထိမ်းအမှတ် ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းပေးသည်။

၎င်းနောက် ကျိုင်းတုံနယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၏ ဆွေတော် မျိုးတော်များနှင့် မြို့မိမြို့ဖများက ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည် များပက်ဖြန်းကြသည်။

 

mdn

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဘင်ခရာတီးဝိုင်းနှင့် ပန်းပွားအကအဖွဲ့များ၊ တိုင်းရင်းသား ရိုးရာအကအဖွဲ့များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ကျိုင်းတုံဟော်နန်းပုံစံတူပြတိုက် ဆောက်လုပ်ရေး တာဝန်ယူဆောင်ရွက်ခဲ့သည့် တာဝန်ရှိသူများ ကို ချီးမြှင့်ငွေများ ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ကျိုင်းတုံဟော်နန်းပုံစံတူပြတိုက်အတွင်း၌ ခင်းကျင်းပြသထားသည့် ကျိုင်းတုံ နယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်နှင့် မိသားစုဝင်များ၊ ဆွေတော်မျိုးတော်များ၏ သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ အထောက်အထားမှတ်တမ်းများ၊ အသုံးအဆောင်ပစ္စည်းများ၊ အခန်းဖွဲ့စည်း ဆောင်ရွက်ထားရှိမှုများကို စော်ဘွားကြီး၏ ဆွေတော်မျိုးတော်များနှင့်အတူ စိတ်ဝင်တစား လိုက်လံကြည့်ရှုခဲ့ပြီး သမိုင်းမှတ်တမ်းအထောက်အထားများ ယခုထက်ပိုမိုပြည့်စုံစွာ ရရှိနိုင်ရေး၊ ရှိပြီးဖြစ်သည့် ရှေးဟောင်းအသုံးအဆောင်ပစ္စည်းများ ပျက်စီးမှုမရှိစေရေး အတွက်စနစ်တကျထိန်းသိမ်းပြီး လိုအပ်ပါကမှန်များကာရံ၍ ရေရှည်တည်တံ့ခိုင်မြဲ ရေးဆောင်ရွက်သွားရန်နှင့် မပျောက်ပျက်အောင် အဆင့်ဆင့်လက်ဆင့်ကမ်း ထိန်းသိမ်းသွားနိုင်ရေး လိုအပ်သည်များကို ဆွေးနွေးပြောကြားသည်။

အဆိုပါ ကျိုင်းတုံနယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၏ ကျိုင်းတုံဟော်နန်းကြီးကို ၁၉၀၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ ပညာရှင်များခေါ်ဆောင်၍ စတင်ဆောက်လုပ်စေခဲ့ခြင်းဖြစ်ပြီး ၁၉၀၆ ခုနှစ်တွင်ပြီးစီးခဲ့ကြောင်း၊ ဥရောပနှင့် အိန္ဒိယဟန်များ လွှမ်းမိုးထားပြီး ရှမ်းရိုးရာနှင့် မြန်မာဗိသုကာပုံစံတို့ကို ပေါင်းစပ်တည်ဆောက်ထားခြင်းဖြစ်ကာ ကျိုင်းတုံမြို့၏ ပထမဆုံးသော ဘိလပ်မြေ အဆောက်အဦဖြစ်ကြောင်း၊ ဟော်နန်းကြီးတွင် စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၊ သားဖြစ်သူ စော်ဘွားစဝ်ကောင်တိုင်းနှင့် မြေးဖြစ်သူ စော်ဘွား စဝ်စိုင်းလုံတို့ မိသားစုများ နေထိုင်ခဲ့ကြကြောင်း၊ ၁၉၅၉ ခုနှစ်အထိ စော်ဘွားမိသားစုများ နေထိုင်ခဲ့ကြပြီး ၁၉၆၂ ခုနှစ်တွင် ဟော်နန်းအား အစိုးရရုံးအဖြစ် အသုံးပြုခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် စော်ဘွားကြီး၏ ဆွေတော်မျိုးတော်များ၊ ဒေသခံမြို့မိမြို့ဖများ၏ တောင်းဆိုချက်အရ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြင့် တည်ဆောက်ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့တွင်အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ တိုင်းရင်းသားတို့၏ သမိုင်းဝင်အဆောက်အဦးများ၊ ဘာသာရေး အဆောက်အဦများကို မူလပုံစံမပျက် ပြန်လည်ပြုပြင်မွမ်းမံထိန်းသိမ်းခြင်းဖြင့် နိုင်ငံတော်၏ သမိုင်းအစဉ်အလာ ကြီးမားမှုကို ဖော်ပြနိုင်မည်ဖြစ်ကြောင်းနှင့် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ပြီး တစ်လေတည်းရှူနေကြသည့် ပြည်ထောင်စု ဖွားတိုင်းရင်းသားများ အချင်းချင်း ခင်မင်ရင်းနှီးမှု၊ ယုံကြည်မှု၊ အေးချမ်းသာယာမှုနှင့် လူမှုစီးပွားတိုးတက်စေမှုတို့ကို များစွာအထောက်အပံ့ ဖြစ်စေနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

 

mdn

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံလေဆိပ် အဆင့်မြှင့်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်နိုင်ဦးတို့က ကျိုင်းတုံလေဆိပ် သမိုင်းအကျဉ်းနှင့် လေဆိပ်ဆိုင်ရာများ၊ လေယာဉ်ပြေးလမ်းနှင့် လေဆိပ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ကျိုင်းတုံမြို့သည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၏ မြို့တော်ဖြစ်ပြီး လမ်းပန်းဆက်သွယ်မှုဝေးကွာသည့် နေရာတစ်ခုလည်းဖြစ်ကြောင်း၊ ကျိုင်းတုံဒေသတွင် ခရီးသွားများကို ဆွဲဆောင်နိုင်သော သာယာလှပသည့် သဘာဝပတ်ဝန်းကျင် ရေမြေတောတောင်များကို ပိုင်ဆိုင်ထားရှိပြီး ပန်ကွဲကျေးရွာရှိ ဗုဒ္ဓဥယျာဉ်၊ အသစ်ပြန်လည်တည်ဆောက်ထားသည့် ကျိုင်းတုံဟော်နန်း ပုံစံတူပြတိုက်၊ နောင်တုံကန်၊ လွယ်မွေအပန်းဖြေ တောင်စခန်းမြို့နှင့် အခြားလည်ပတ်နိုင်သည့် နေရာများစွာရှိကြောင်း၊ အလားတူ ကျိုင်းတုံမြို့တွင် SME လုပ်ငန်းများလည်းရှိပြီး ထုတ်ကုန်များကို ထုတ်လုပ်လျက်ရှိကြောင်း၊ ကျိုင်းတုံလေယာဉ်ကွင်းအား အဆင့်မြှင်တင်ခြင်းသည် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ခြင်းပင်ဖြစ်ကြောင်း၊ ယခုအခါ ပြည်တွင်းခရီးစဉ်များ၌ ဝေးကွာသည့်နေရာများသို့ ဂျက်လေယာဉ်များကို အသုံးပြုလာပြီဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် အသုံးပြုလျက်ရှိသော ဂျက်လေယာဉ်များ ဆင်းသက်နိုင်သည့်အထိ အဆင့်မြှင့်တင် ဆောင်ရွက်ရန်လိုကြောင်း၊ အိမ်နီးနားချင်းနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင်လည်း လာအိုနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများမှ ကျိုင်းတုံလေဆိပ်သို့ တိုက်ရိုက် ပျံသန်း ဆင်းသက်နိုင်ရေးဆောင်ရွက်ရန်လိုကြောင်း၊ ကျိုင်းတုံမြို့ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်စေရန်၊ ဒေသနှင့်ဒေသခံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေရန် ယခုကဲ့သို့အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လေဆိပ်အသစ်တည်ဆောက်ခြင်းနှင့် လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ရာတွင် စနစ်တကျဆောက်လုပ်ရန် လိုကြောင်း၊ မည်သည့်ရာသီဥတုတွင်မဆို လေယာဉ်များဆင်းသက်နိုင်ရန် လေယာဉ် ပြေးလမ်းအတွက် လိုအပ်သော အထောက်အကူပစ္စည်းများကို ပြည့်စုံစွာဖြင့် ထည့်သွင်း တည်ဆောက်သွားရန်လို ကြောင်းဖြင့် ပြောကြားသည်။

 

mdn

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံလေဆိပ် အသစ်တည်ဆောက်မည့်နေရာနှင့် လေယာဉ် ပြေးလမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် မေ ၁၀ ရက် ညနေပိုင်းကလည်း သက်တော် ၉၉ နှစ်ရှိ သက်တော်ရှည်ကျိုင်းယင်းကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ ဘဒ္ဒန္တ ခေမာစာရအား သွားရောက် ဖူးမြော်ကြည်ညိုသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုပြီး ဆရာတော်ကြီး၏ကျန်းမာရေး အခြေအနေများကို မေးမြန်းလျှောက်ထားကာ နဝကမ္မအလှူငွေများကို ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ခရီးစဉ်တွင်လိုက်ပါလာကြသည့် ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများသည် ဆရာတော်ကြီးအား နဝကမ္မ စုပေါင်းအလှူတော်ငွေများနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ကျိုင်းယင်း ကျောင်းတိုက်အတွင်း လှည့်လည်ကြည့်ရှု၍ ပြုပြင်ထိန်းသိမ်းရန်လိုအပ်သည်များကို ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

 

mdn