အသစ်ထွက်ပေါ်လာဦးမယ့် ဒဂုံဆိပ်ကမ်းစမတ်စီးတီး

ဇင်လင်းမြင့်


ရန်ကုန် မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ နိုင်ငံတကာမှာရှိတဲ့ မြို့ကြီးတွေလို ဖြစ်ပေါ်လာစေဖို့ ဘက်ပေါင်းစုံကနေပြီး ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ အနည်းဆုံး သုံးနှစ်၊ အများဆုံး ငါးနှစ် စီမံကိန်းတွေ ချမှတ်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အကောင်အထည်ဖော်နေသလို နှစ်ရှည်စီမံကိန်းတွေနဲ့လည်း စီစဉ်ဆောင်ရွက်နေပါတယ်။ ဒီလို စီမံကိန်းတွေထဲမှာ ဒဂုံဆိပ်ကမ်းစမတ်စီးတီးလည်း ပါဝင်နေပြီး မကြာမီကာလအတွင်းမှာ အကောင်အထည်ဖော်နိုင်ရေး ကြိုးစားနေပြီဖြစ်ပါတယ်။


''အငြိမ်းစားဝန်ထမ်း ၃၀ဝ၀ဝ အတွက် မလေးရှားထိပ်တန်းကုမ္ပဏီ Berjaya နဲ့ ပူးပေါင်းပြီး ဒဂုံဆိပ်ကမ်းမှာ စမတ်စီးတီးစီမံကိန်းကို အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်'' လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ၂၀၁၉ ခုနှစ် ဩဂုတ် ၃၀ ရက်က ရန်ကုန်မှာ ကျင်းပတဲ့ Malaysia - Myanmar Connect 2019 မှာ ပြောကြားထားပါတယ်။


ဒဂုံဆိပ်ကမ်းစမတ်စီးတီး စီမံကိန်းဟာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် မြရည်နန္ဒာလမ်းနဲ့ ရွှေလီလမ်းအနီးမှာရှိတဲ့ မြေဧက ၇၀ ဒသမ ဝ၅ ဟက်တာ အကျယ်အဝန်းပေါ်မှာ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းအတွက် မြန်မာကျပ်ငွေ ၉၄၁ ဒသမ ၈ ဘီလီယံခန့် ကုန်ကျနိုင်တယ်လို့လည်း ခန့်မှန်း ထားပါတယ်။


ဝန်ထမ်းတွေအတွက် အိမ်ရာတိုက်ခန်းစီစဉ်ပေး 


အဲဒီစီမံကိန်းမှာ ပါဝင်မယ့် အိမ်ရာတိုက်ခန်းတွေကတော့ နေပြည်တော်မှာ တာဝန်ထမ်းဆောင် ပြီး ၂၀၂၀ ပြည့်နှစ်မှာ အငြိမ်းစားယူကြမယ့် ဝန်ထမ်းတွေအတွက် ရည်ရွယ်တာဖြစ်တယ်လို့ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောပါတယ်။ အငြိမ်းစားယူပြီး ရန်ကုန်မှာနေထိုင်လိုတဲ့ အဲဒီဝန်ထမ်းတွေအတွက် အိမ်ရာတိုက်ခန်းတွေ အခုလိုစီစဉ်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။


အဲဒီစီမံကိန်းကို မြန်မြန်အကောင်အထည် ဖော်နိုင်ဖို့ အခုလို ပုဂ္ဂလိကကုမ္ပဏီနဲ့ ဆောင်ရွက် လိုက်ခြင်းဖြစ်တာမို့ သတ်မှတ်ထားတဲ့ ကာလတိုအတွင်းမှာ ပြီးစီးရင် အငြိမ်းစားယူမယ့် နေပြည်တော်က ဝန်ထမ်းတွေအတွက် နေထိုင်ရေး မကြန့်ကြာဘဲ အဆင်ပြေစွာ နေထိုင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ပုဂ္ဂလိကကဏ္ဍမှ ပါဝင် လုပ်ကိုင်နိုင်ဖို့ တင်ဒါခေါ်ယူခဲ့တာဖြစ်ပြီး မလေးရှား ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Berjaya ကုမ္ပဏီ တင်ဒါအောင်မြင်ခဲ့တာဖြစ်ပါတယ်။


အပိုင်းသုံးပိုင်းခွဲ


ဒဂုံဆိပ်ကမ်း စမတ်စီးတီးစီမံကိန်းမှာတော့ အိမ်ရာ တိုက်ခန်းတွေ၊ ကွန်ဒိုခန်းတွေ၊ လူနေ ဆိုင်ခန်းတွဲတွေ၊ လက်လီဈေးရောင်းနေရာတွေ၊ တောင်သူလယ်သမားဈေး၊ ဘက်စုံ သုံးခန်းမတွေ၊ စာသင်ကျောင်းတွေ၊ လူမှုအခြေခံအဆောက်အအုံတွေ ပါဝင်ထည့်သွင်း တည်ဆောက်သွားမှာဖြစ်ပါတယ်။ ဒီလိုတည်ဆောက်တဲ့အခါ အပိုင်းသုံးပိုင်းခွဲပြီး အကောင်အထည်ဖော်သွားဖို့ စီစဉ်နေတယ် လို့ဆိုပါတယ်။
အငြိမ်းစားဝန်ထမ်းတွေ အများအပြား နေထိုင်ကြမယ့် ဒဂုံဆိပ်ကမ်းစမတ်းစီးတီး စီမံကိန်းမှာတော့ ကျန်းမာရေး အထောက်အကူပြု စင်တာတွေ၊ အပန်းဖြေပန်းခြံတွေ၊ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်နိုင်မယ့် ဧရိယာတွေလည်း ထည့်သွင်းတည်ဆောက်အကောင်အထည် ဖော်သွားမှာဖြစ်ပါတယ်။


ဖွံ့ဖြိုးစည်ကားလာမယ့်အနေအထားရှိ


ဒဂုံဆိပ်ကမ်းစမတ်စီးတီး စီမံကိန်းအကောင် အထည်ဖော်မယ့်နေရာဟာ ရန်ကုန်မြို့လယ် အရှေ့ဘက်မှာ တည်ရှိပြီး ရန်ကုန်မြို့လယ်နဲ့ ၁၅ ကီလိုမီတာခန့်အကွာအဝေးမှာ တည်ရှိနေပါတယ်။ ဒါကြောင့် ရန်ကုန်မြို့လယ်နဲ့ ခရီးအကွာအဝေး မလှမ်းမကမ်းမှာ ရှိတာကြောင့် စီမံကိန်း ပြီးစီးတာနဲ့ လူနေထိုင်မှုများပြားပြီး အချိန်တိုအတွင်း ဖွံ့ဖြိုးစည်ကားလာမယ့် အနေအထား ရှိပါတယ်။


အဲဒီစီမံကိန်းဟာ အရင်က အစိုးရဘတ်ဂျက်နဲ့ ဆောင်ရွက်ဖို့ စီစဉ်ခဲ့ပေမယ့် အချိန်ကာလကြာမြင့်လာတဲ့အတွက် တည်ဆောက်ရေးလုပ်ငန်းတွေ မြန်မြန်ပြီးစီးအောင် အခု ပုဂ္ဂလိကကဏ္ဍနဲ့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။ တင်ဒါ အောင်မြင်ခဲ့တဲ့ Berjaya ကုမ္ပဏီကလည်း အရည်အသွေး၊ အချိန်ကာလအတွင်းမှာ ပြီးစီးဖို့နဲ့ ဝန်ဆောင်မှုအကောင်းဆုံး ဖြည့်ဆည်းပေးနိုင်ဖို့ ၊ နေထိုင်သူတွေ အဆင်ပြေမှုရှိစေဖို့ အကောင်းဆုံးကြိုးစားဖြည့်ဆည်းပေးသွားမှာဖြစ်ပါတယ်။


အိမ်ရာစီမံကိန်းတွေ အကောင်အထည်ဖော်


ရန်ကုန်မြို့ဟာ တဖြည်းဖြည်း ကြီးမားကျယ်ပြန့်လာပြီး အခြေခံအဆောက်အအုံတွေ တိုးမြှင့်အကောင်အထည်ဖော်နေပေမယ့် အိမ်ရာတိုက်ခန်းတွေ လိုအပ်ချက်ရှိနေဆဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရဟာ ရန်ကုန်မြို့ ဆင်ခြေဖုံးမြို့နယ်တွေမှာ တန်ဖိုးသင့်၊ တန်ဖိုးမျှတ၊ တန်ဖိုးနည်းအိမ်ရာစီမံကိန်းတွေကို ဆက်တိုက်အကောင်အထည်ဖော်နိုင်ရေး ကြိုးစားနေတာ ဖြစ်ပါတယ်။


စီးပွားရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါများပြီး လူငယ်တွေအတွက် တိုးတက်ရာ တိုးတက်ကြောင်းတွေ ရှာဖွေလေ့လာဆည်းပူး နိုင်တဲ့ ရန်ကုန်မြို့ကို တစ်ဦးချင်းရော၊ မိသားစု လိုက်ပါ ရွှေ့ပြောင်း အခြေချနေထိုင်လာကြတာ ဖြစ်ပါတယ်။


လူဦးရေ တဖြည်းဖြည်းတိုးပွားလာတဲ့ ရန်ကုန်မြို့မှာ ကျူးကျော်နေထိုင်မှုတွေလည်း များပြားလာတာမို့ မလိုလားအပ်တဲ့ ပြဿနာတွေ၊ လူမှုဘဝအခက်အခဲတွေနဲ့ နေ့စဉ်တွေ့ကြုံရင်ဆိုင် နေရမှုကို လျော့နည်းအောင် ကျူးကျော်တွေကို လည်း စနစ်တကျနေထိုင်နိုင်ရေးအတွက် အိမ်ရာ တိုက်ခန်းတွေလည်း ဖော်ဆောင်ပေးနိုင်ဖို့ ကြိုးစား နေပါတယ်။


ဒါ့အပြင် ဝန်ထမ်းတွေအတွက်ရော၊ အခြေခံ ပြည်သူတွေအတွက်ပါ ဈေးနှုန်းသင့်တင့်တဲ့ တိုက်ခန်းတွေလည်း အရစ်ကျပေးချေမှုစနစ်နဲ့ အိမ်ရာတွေ ပိုင်ဆိုင်နေထိုင်နိုင်ရေး စီစဉ်ပေး လျက်ရှိပါတယ်။ အခြေခံပြည်သူတွေအတွက် လက်လှမ်းမမီတဲ့ တိုက်ခန်းဈေးနှုန်းတွေကိုလည်း အတတ်နိုင်ဆုံး လျော့ကျအောင်လည်း ဆောင်ရွက်နေပါတယ်။


ကိုရီးယား-မြန်မာစက်မှုမြို့တော်စီမံကိန်း


အဲဒီလို အစီအစဉ်တွေအပြင် ဒဂုံမြို့သစ် အရှေ့ပိုင်းနဲ့ တောင်ပိုင်းရဲ့ မြေဧက ၂၀ဝ ခန့်ပေါ်မှာ အကောင်အထည်ဖော်မယ့်Yangon Amata Smart & Eco City စီမံကိန်း၊ သီလဝါ အထူး စီးပွားရေးဇုန်မှာ နိုင်ငံတကာအဆင့်မီ မြို့ပြသစ် တည်ဆောက်မယ့် စီမံကိန်း၊ ညောင်နှစ်ပင်မှာ အကောင်အထည်ဖော်မယ့် ကိုရီးယား- မြန်မာ စက်မှုမြို့တော်စီမံကိန်းစတဲ့ စီမံကိန်းအသစ်တွေ အများအပြားလည်း ရှိနေပါတယ်။


ဒါကြောင့် ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးမှုစီမံကိန်း တွေထဲမှာ အခု ဒဂုံဆိပ်ကမ်းစမတ်စီးတီးစီမံကိန်း ကလည်း ထွက်ပေါ်လာဦးမှာမို့ ရန်ကုန်မြို့ရဲ့ တိုးတက်ဖွံ့ဖြိုးမှု ပုံရိပ်သစ်တွေကလည်း ဆက်တိုက် ထွက်ပေါ်နေဦးမှာဖြစ်ပါတယ်။ ။