ASEAN-ERAT အဖွဲ့များမှ ရခိုင်ပြည်နယ်တွင် စစ်တမ်းကောက်ယူခဲ့သည့် တွေ့ရှိချက်များကို ပြည်ထောင်စုဝန်ကြီးထံ ရှင်းလင်းတင်ပြ

နေပြည်တော် မေ ၂၈

အာဆီယံ၏ One ASEAN One Response နှင့်အညီ အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ် လေ့လာရေးအဖွဲ့ (ASEAN-ERAT)သည် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဘေးသင့် ဒေသများဖြစ်သော  ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တော် မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်များသို့ မေ၂၂ ရက်မှ ၂၅အထိ ကွင်းဆင်းစစ်တမ်း ကောက်ယူခဲ့သည်။

အဆိုပါ အာဆီယံ အရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့(ASEAN-ERAT) ၏ ရခိုင် ပြည်နယ်ရှိ စစ်တွေမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်များသို့ ကွင်းဆင်းစစ်တမ်းကောက်ယူရာတွင် တွေ့ရှိချက်နှင့် လုပ်ငန်းစဉ်များကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံ  ရှင်းလင်းတင်ပြခြင်း အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများ၊ AHA Centre ၏ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူး(လုပ်ငန်း)၊ AHA Centre မှ ဝန်ထမ်းများနှင့် ASEAN-ERAT အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ကွင်းဆင်းစစ်တမ်းကောက်ယူခဲ့သော အဖွဲ့(၂)ဖွဲ့၏ ခေါင်းဆောင်များက စစ်တမ်း ကောက်ယူမှုမှ ဦးစားပေးလုပ်ငန်းများဖြစ်သည့် အစားအစာ၊ အမိုးအကာ၊ ရေနှင့် သန့်ရှင်းရေးနှင့် သောက်သုံးရေ၊ အသက်မွေးဝမ်းကျောင်းနှင့် အလုပ်အကိုင်စသည်တို့နှင့်စပ်လျဉ်း၍ စစ်တမ်းကောက်ယူစဉ်၊ တွေ့ရှိချက်၊ ဦးစားပေးဆောင်ရွက်သင့်သည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ASEAN-ERAT အဖွဲ့၏ ကြိုးပမ်းအားထုတ် မှုကို အသိအမှတ်ပြု ကျေးဇူးတင်ပါကြောင်း၊ ကွင်းဆင်းကောက်ယူမှုများသည်လည်း ကျစ်လျစ်၍ ပြီးပြည့်စုံမှုရှိပါကြောင်း၊ အစိုးရအနေဖြင့် ကျန်းမာရေး၊ ပညာရေး၊ မီးရရှိမှုနှင့် ဆက်သွယ်ရေးကဏ္ဍ များကိုဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ သောက်သုံး ရေသန့်ရရှိရေးအတွက် ပျက်စီးသွားသော ရေကန်များ ပြင်ဆင်ခြင်း၊ အသက်မွေး ဝမ်းကြောင်းကဏ္ဍတွင် သက်ဆိုင်ရာဌာနများမှ မျိုးစေ့များ၊ မွေးမြူရေးအတွက် မျိုးသားပေါက်များ ဖြန့်ဝေရန်စီစဉ်လျက် ရှိပါကြောင်း၊ Cash for work အစီအစဉ် ဆောင်ရွက်ရန်လည်း စီစဉ်ထားပါကြောင်း၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများကလည်း အများပြည်သူပိုင်နေရာများအား ရှင်းလင်းလျက်ရှိပါကြောင်း၊  ဈေးများပြန်လည်ဖွင့်နိုင်ရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရေသန့်စက်တင်ဆောင်ထားသည့် ယာဉ်များဖြင့် ရေသန့်ဖြန့်ဝေမှုများလည်း ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မိုခါဆိုင်ကလုန်းမုန်တိုင်းဘေး အရေးပေါ်တုံ့ပြန်ရေး၊ ပြန်လည်ထူထောင်ရေးဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သိရသည်။

သတင်းစဉ်