အသေးအဖွဲလို့ ထင်ရပေမယ့် ကြီးကျယ်သွားတတ်တဲ့ ကျန်းမာရေးပြဿနာ (၅) ခု

ရေးသားသူ Dr.Thant Zin

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

သင်ရယ်လိုက်တဲ့အခါ ဆီးအနည်းငယ် ထွက်ကျဖူးပါသလား။ သင့်လက်တွဲဖော်နဲ့ သိပ်အစေးမကပ်သလို ဖြစ်နေပါသလား။ မကြာခဏ မေ့နေတတ်ပါသလား။ ဒီအကြောင်းအရာတွေကို ဆရာဝန်နဲ့ ဆွေးနွေးဖူးပါသလား။ ဒါမှမဟုတ် အသက်ကြီးလာရင် ဖြစ်တတ်တာပဲဆိုပြီး မေ့မေ့ပျောက်ပျောက် နေဖူးပါသလား။

 

တကယ်တော့ ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ အတော်လေး စမတ်ကျပါတယ်။ ကြီးမားတဲ့ ကျန်းမာရေးပြဿနာတွေ ကြုံမလာခင်မှာ ရှေ့ပြေးလက္ခဏာအနည်းငယ်နဲ့ ကြိုတင်ပြီး သတိပေးလေ့ရှိပါတယ်။ သတိအနည်းငယ်ထားပြီးလေ့လာကြည့်ရင် စောစီးစွာသိပြီး ကုသမှုခံယူနိုင်မှာ ဖြစ်ပါတယ်။

 

ဒီဆောင်းပါးမှာတော့ သိပ်ပြီးအရေးမကြီးလှဘူးလို့ လူအများက ထင်မြင်တတ်ပေမယ့် လက်တွေ့မှာ ပြဿနာကြီးကျယ်သွားတတ်တဲ့ အကြောင်းအရာတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

 

၁။ ဆီးမထိန်းနိုင်ခြင်း

 

လက္ခဏာများ။ နှာချေရင်၊ ရယ်ရင်၊ အလေးအပင်မရင်၊ လေ့ကျင့်ခန်းလုပ်ရင် ဆီးထွက်ကျတတ်ပါတယ်။ ဒါမှမဟုတ် ဆီးသွားချင်စိတ်အရမ်းများနေပြီး အိမ်သာကို အချိန်မီမရောက်နိုင်ရင် အရေးပေါ် ကြုံရတတ်ပါတယ်။

 

ဘာကြောင့်အရေးကြီးသလဲ။ ဆီးမထိန်းနိုင်ခြင်းဟာ ဘဝရဲ့အရည်အသွေးကို ထိခိုက်တဲ့ကိစ္စဖြစ်ပါတယ်။ နေ့စဉ်ဘဝကို အကန့်အသတ်ဖြစ်သွားစေပါတယ်။ အနီးအနားမှာ အိမ်သာအလွယ်ဝင်နိုင်တဲ့ နေရာမျိုးတွေကိုပဲ သွားလိုစိတ်ရှိပါတော့တယ်။ အပြင်လည်း သိပ်မထွက်ချင်တော့ပါဘူး။

 

ဘယ်လိုဖြေရှင်းမလဲ။ ကိုယ့်ဖာသာကြိတ်ပြီး စိတ်ညစ်မနေဘဲ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆီးထိန်းရခက်နေရင်၊ အိမ်သာဝေးတဲ့နေရာတွေသွားဖို့ အခက်ကြုံနေရရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးမြီးတိုကုထုံးတွေနဲ့ မတင်းတိမ်ပါနဲ့။

 

၂။ ဝမ်းချုပ်ခြင်း

 

လက္ခဏာများ။ ဝမ်းသွားရခက်ရင်၊ ဝမ်းဟာမာပြီးခြောက်နေရင်၊ တစ်ပတ်မှာ ၃ ကြိမ်ထက်နည်းပြီးသွားရင် သင်ဝမ်းချုပ်တာဟာ သတိထားစရာဖြစ်လာပါပြီ။ တစ်ခါတရံ ဝမ်းထဲမှာ သွေးစသွေးနတွေတောင် ပါလာနိုင်ပါတယ်။

 

ဘာကြောင့်အရေးကြီးသလဲ။ ဝမ်းချုပ်ရာကနေ လိပ်ခေါင်းရောဂါအပြင် တခြားနောက်ဆက်တွဲပြဿနာတွေ ကြုံလာရနိုင်ပါတယ်။ လူကြီးပိုင်းတွေမှာဆိုရင် စိတ်ရှုပ်ထွေးမှု(Confusion) ဖြစ်တတ်တဲ့ အခြေအနေထိ ရောက်တတ်ပါတယ်။  အူလမ်းကြောင်းမငြိမ်ဘဲ မကြာခဏဝမ်းပျက်တတ်တဲ့ရောဂါရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ အူလမ်းကြောင်းလှုပ်ရှားမှု ပုံမမှန်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

 

ဘယ်လိုဖြေရှင်းမလဲ။ ရေများများသောက်ပါ။ အမျှင်ဓာတ်ပါတဲ့ အသီးအရွက်တွေ များများစားပါ။ ဝမ်းပျော့ဆေးကိုလည်း မိမိဖာသာ ဝယ်ယူသောက်သုံးနိုင်ပါတယ်။ အိမ်တွင်းကုထုံးတွေနဲ့ သိပ်အဆင်မပြေရင်တော့ ဆရာဝန်နဲ့ပြသပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။ ဝမ်းချုပ်တတ်တဲ့ အလေ့အကျင့်ဟာ ကောင်းတဲ့သဘာဝ မဟုတ်ပါဘူး။

 

၃။ လိင်မှုကိစ္စပြသနာများ

 

လက္ခဏာများ။ အတူနေစဉ်နာကျင်ခြင်း၊ မပြီးမြောက်ခြင်း၊ အမျိုးသားများ မိမိတန်ဆာကို ရေရှည်ထောင်မတ်အောင် မစွမ်းဆောင်နိုင်ခြင်း၊ လိင်မှုကိစ္စမှာ စိတ်အားထက်သန်မှုမရှိခြင်း စတာတွေဖြစ်လာရင် သတိထားပါ။

 

ဘာကြောင့်အရေးကြီးသလဲ။ ဒီကိစ္စဟာ ကိုယ့်ဘဝရဲ့ အနီးစပ်ဆုံးလက်တွဲဖော်နဲ့ ဆက်ဆံရေးကို ထိခိုက်စေနိုင်ပါတယ်။ ဘဝရဲ့အရည်အသွေးကိုလည်း ထိခိုက်လာနိုင်ပါတယ်။ တကယ်တော့ လိင်မှုဘဝကို ခုံမင်ဖို့ အရွယ်လွန်သွားပြီဆိုတာ မရှိပါဘူး။ ဒါ့အပြင် ဒီလက္ခဏာတွေဟာ စိတ်ကျရောဂါ၊ ဆီးချို၊ သွေးလည်ပတ်မှု၊ ဟော်မုန်းမညီမျှခြင်း စတဲ့ပြသနာတွေရဲ့ လက္ခဏာလည်း ဖြစ်နေနိုင်ပါတယ်။ သောက်သုံးနေတဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးလည်း ဖြစ်နိုင်ပါတယ်။

 

ဘယ်လိုဖြေရှင်းမလဲ။ ဆရာဝန်နဲ့ သေချာပေါက်တိုင်ပင်ပါ။ ဒီကိစ္စကို ရှက်ကြောက်ပြီး ဆေးမြီးတိုနဲ့ ကြားဖူးနားဝနဲ့ ဖြေရှင်းနေမယ်ဆိုရင် အဖြေမှန်မရဘဲ ပိုဆိုးသွားနိုင်ပါတယ်။

 

၄။ စိတ်ကျခြင်း

 

လက္ခဏာများ။ အားအင်ကုန်ခမ်းခြင်း၊ သည်းမခံနိုင်ခြင်း၊ နေ့စဉ်လှုပ်ရှားမှုတွေကို စိတ်ဝင်စားမှုနည်းလာခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ အစားပျက် အအိပ်ပျက်လည်း ဖြစ်တတ်ပါတယ်။

 

ဘာကြောင့်အရေးကြီးသလဲ။ စိတ်ကျခြင်းဟာ နေ့စဉ်ဘဝကို ဒုက္ခပေးပါတယ်။ မိမိကျန်းမာရေးကို ဂရုစိုက်ပြီး အာဟာရပြည့်ဝစွာ စားသောက်ဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့၊ နှစ်ခြိုက်စွာ အိပ်စက်ဖို့ စတဲ့အရာတွေဟာ ခက်ခဲလာပါတယ်။ စိတ်ဖိစီးမှုလည်း ပိုများလာနိုင်ပါတယ်။ တစ်ခါတရံ သောက်သုံးနေတဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လည်း ဖြစ်နိုင်သလို အရင်းနှီးဆုံး ဆွေမျိုးတွေ မိတ်ဆွေတွေ ဆုံးရှုံးလိုက်ရလို့လည်း ဖြစ်နိုင်ပါတယ်။

 

ဘယ်လိုဖြေရှင်းမလဲ။ သင်ကြုံနေရတာတွေကို သင့်မိသားစုဆရာဝန် (သို့) စိတ်ကျန်းမာရေးဆရာဝန်ဆီမှာ ဖွင့်ဟပါ။ သင်ယုံကြည်ရတဲ့ မိတ်ဆွေတွေ မိသားစုဝင်တွေနဲ့ တိုင်ပင်ပါ။

 

၅။ မှတ်ဉာဏ်ပိုင်းဆိုင်ရာ ချို့တဲ့ခြင်း

 

လက္ခဏာများ။ နာမည်တွေ၊ ရက်စွဲတွေနဲ့ တခြားအကြောင်းအရာတွေကို မှတ်သားထားဖို့ ခက်ခဲနေတတ်ပါတယ်။ စကားပြောရာမှာ၊ စာရေးသားရာမှာ သုံးစွဲဖို့ စကားလုံးကို စဉ်းစားရခက်လာပါတယ်။ အာရုံစိုက်ဖို့ခက်လာပြီး ကိုယ်ဘာကိုဆက်လုပ်ရမယ်ဆိုတာတောင် သတိမရဘဲ ဖြစ်လာတတ်ပါတယ်။

 

ဘာကြောင့်အရေးကြီးသလဲ။ လူအများဟာ အသက်ကြီးလာတာနဲ့ မှတ်ဉာဏ်တွေ လျော့ပါးသွားတတ်လို့ ပုံမှန်ကြုံနေကြပဲ မှတ်ထင်ကြပါတယ်။ ဒါပေမယ့် မကြာခဏမေ့လျော့ခြင်းဟာ သင့်ရဲ့နေ့စဉ်ကိုယ်ရည်ကိုယ်သွေးကို ထိခိုက်လာမှာ ဖြစ်ပါတယ်။ မိမိဖာသာရပ်ဖို့ ကားမောင်းဖို့တောင် ခက်ခဲလာနိုင်ပါတယ်။ စိတ်ကျရောဂါရဲ့ ရှေ့ပြေးလက္ခဏာလည်း ဖြစ်နေနိုင်ပါတယ်။

 

ဘယ်လိုဖြေရှင်းမလဲ။ သင့်ရဲ့တွေးတောမှုနဲ့ မှတ်ဉာဏ်ဟာ ပြဿနာရှိနေရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ အိမ်တွင်းကုထုံးနဲ့ ဖြေရှင်းပုံတွေကို ရှာဖွေလေ့လာပါ။ အာရုံစူးစိုက်မှုကောင်းအောင် တရားထိုင်ပါ။

 

အထက်ပါကိစ္စတွေဟာ သာမန်အသေးအဖွဲအမှတ်နဲ့ သဘောထားတတ်ကြတဲ့ ကိစ္စတွေဖြစ်နေပါတယ်။ အသက်ကြီးလာရင် ချို့ယွင်းတတ်တဲ့ သဘောသဘာဝလို့ အများက လက်ခံထားတတ်ပါတယ်။ ဒါပေမယ့် ဒီပြဿနာတွေကြုံလာရရင် နားလည်တတ်ကျွမ်းသူနဲ့ တိုင်ပင်တာ အကောင်းဆုံးပါပဲ။ တချို့ကိစ္စတွေကို စောစီးစွာ ဖြေရှင်းကုသထားရင် ကြီးမားတဲ့ ကျန်းမာရေးပြသနာတွေကိုရှောင်လွဲပြီး ကျန်းမာပျော်ရွှင်စွာ နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။

 

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”