အသေးစား၊ အငယ်စား၊ အလတ်စား MSMEs စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးလာရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ရင်းနှီးငွေများ ရရှိရေးကို ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် စက်တင်ဘာ ၁၃

 

နိုင်ငံတော်၏ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာမှသာ နိုင်ငံ့စီးပွားဖွံ့ဖြိုးလာမည်ဖြစ်၍ ပြည်တွင်း အသေးစား ကုန်ထုတ်လုပ်ငန်းများ၊ အသေးစား၊ အငယ်စား၊ အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ရင်းနှီးငွေများရရှိရေးကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ယနေ့ နံနက်ပိုင်း က သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိးရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင် လုပ်ကိုင်လာနိုင်စေရန်နှင့် ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်လာနိုင်ခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားလာပြီး လူမှုစီးပွား ဘဝမြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်ပြီး “အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း”များကို ရုံးချုပ်၊ ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် (၁၅)ခု၌ ကျေးရွာ(၁၅၅)ရွာကို ရွေးချယ်ပြီး စီမံကိန်းလုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း။

 

အမှန်တကယ်လုပ်ငန်းထူထောင်လိုပြီး မတည်ရင်းနှီးငွေ အခက်အခဲရှိသူ၊ ရိုးသားကြိုးစားပြီး သစ္စာရှိသူ၊ ကျေးရွာလူထုအပေါ် စေတနာထားနိုင်သူကို ရွေးချယ်ပြီး နည်းပညာပေးခြင်း၊ ဈေးကွက်ရှာဖွေပေးခြင်း၊ ဓာတ်ခွဲ စမ်းသပ်ပေးခြင်း၊ M&E လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း စသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်း၏ Process တစ်ခုလုံး လုပ်ကိုင်နိုင်သည်အထိ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စီမံကိန်းအနေဖြင့် ကျေးရွာတစ်ရွာတွင် လုပ်ငန်း ထူထောင်လိုသူ (၅)ဦး ရွေးချယ်ထူထောင်ပေးခြင်းဖြစ်၍ စီမံကိန်းပြီးမြောက်သည့်အခါ တစ်နိုင်ငံလုံးအတိုင်း အတာအရ အသေးစားကုန် ထုတ်လုပ်ငန်းရှင် (၇၇၅) ဦးကို လုပ်ငန်းများ ထူထောင်ပေးနိုင်မည်ဖြစ်သည့်အတွက် စီမံကိန်းကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

 

ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အသေးစား စက်မှုလက်မှုလုပ်ငန်းများ၊ သင်တန်းများ၊ စီမံကိန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်း တင်ပြပြီး တိုင်းဒေသကြီး/ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဦးစီးမှူးများက မိမိတို့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြကြကာ ဒုတိယဝန်ကြီး ဦးမြင့်စိုးက အသေးစား စက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ သုံးသပ်ဆွေးနွေးတင်ပြသည်။

 

ယင်းနောက် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ၏ တင်ပြချက်များအပေါ် သုံးသပ်ဆွေးနွေးတင်ပြပြီး ဆက်စပ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များက အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပိုမိုအောင်မြင်ရေးအတွက်  သက်ဆိုင်ရာကဏ္ဍများအလိုက် ဦးစီးဌာနအချင်းချင်း ပေါင်းစပ်ဆောင်ရွက်နေမှု နှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ် ချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)