အသေးစား အငယ်စားနှင့် အလတ်စား မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် ခိုင်မာသောဈေးကွက် ဖော်ဆောင်ပေးရန် လိုအပ်

နေပြည်တော် မေ ၂

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် မေ ၁ ရက်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့ ဆားမလောက်ကျေးရွာနှင့် ပန်းတနော်မြို့နယ်၊ ကျုံတုံးကြီးကျေးရွာများတွင် ကျင်းပပြုလုပ်သည့် ပိုက်ဆံလျှော် မျိုးစေ့ပေးအပ်ပွဲသို့ တက်ရောက်အားပေးကြသည်။

 

လယ်ယာမြေများ၏ မြေဆီလွှာဖွံ့ဖြိုးရေးအတွက် ရာသီသီးနှံများ မစိုက်ပျိုးမီ ကြားကာလ၌ ပိုက်ဆံလျှော်စိုက်ပျိုးပြီး သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုခြင်းကို တောင်သူလယ်သမားဦးကြီးများက တွင်ကျယ်စွာ အသုံးပြုလာလျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပိုက်ဆံလျှော် မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်း၊ မြေဆီလွှာဖွံ့ဖြိုးရေးနှင့် သီးနှံအလိုက် အပင်အာဟာရလိုအပ်ချက်များ အကျိုးရှိစွာအသုံးပြုနိုင်ရေး နည်းပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပန်းတနော်မြို့နယ် Global Earth Agro & Aqua Industry Public Co., Ltd ၏ ပြည်ပပို့ကုန်များ ထုတ်လုပ်နေမှု၊ တရုပ်နိုင်ငံ GACC စစ်ဆေးရေးအဖွဲ့ မှ ငါးမွေးမြူရေးလုပ်ငန်းများကို Video Impection စနစ်ဖြင့် အစစ်ဆေးခံခဲ့မှုနှင့် အကြံပြုချက်အပေါ် လိုက်နာဆောင်ရွက်ထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက အသေးစား အငယ်စားနှင့် အလတ်စား မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ ခိုင်မာသောဈေးကွက် ဖော်ဆောင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ အရည်အသွေးပြည့် ထုတ်ကုန်များ ပိုမိုတိုးတက် ထုတ်လုပ်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။

 

ညနေပိုင်းတွင် ဝါဝါဝင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း၏ တိရစ္ဆာန်အစားအစာ ထုတ်လုပ်နေမှုများကို လည်းကောင်း၊ နို့စားနွားမွေးမြူထားရှိမှု အခြေအနေများကို လည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေး အားပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်