အသေးစား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေး

နေပြည်တော်  ၁၆  မေ 


    
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးချုပ်နှင့် တိုင်းဒေသ ကြီးပြည်နယ်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။ 


    
ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက အသေးစားစက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနက ဖွင့်လှစ်ပို့ချပေးလျက်ရှိသော အသက်မွေးဝမ်းကျောင်းပညာ သင်တန်းများသည် ဒေသနေပြည်သူများ သင်တန်းသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ ပြည်တွင်းထွက်ကုန် ဆန်၊ ပဲပြောင်း၊ ကုန်ကြမ်းများကို တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်စေရေးနှင့် ဝင်ငွေရရှိရေး၊ အသေးစား စက်မှုလက်မှု မှတ်ပုံတင်လုပ်ငန်းများ လျာထားချက်ထက် ကျော်လွန်အောင် ဆောင်ရွက်ပေးနိုင်ရေး၊ အစားအစာများ ထုတ်လုပ်ရာတွင် အာဟာရပြည့်ဝပြီး စားသုံးမှုဘေးကင်း လုံခြုံ စေရန်အတွက် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း  ကြပ်မတ်ဆောင်ရွက်ပေးရေး၊ ထုတ်ကုန် ပြပွဲပြိုင်ပွဲ များဆောင်ရွက်ပေးခြင်းဖြင့် ထုတ်လုပ်သူနှင့် သုံးစွဲသူများအကြား စိတ်ဝင်စားမှုပိုမိုလာကာ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေးတို့ကို ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။

 


အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် အသေးစား စက်မှုလက်မှုလုပ်ငန်းများ၊ ရက်ကန်းလုပ်ငန်းများ၊ ပန်း(၁၀)မျိုးအပါအဝင် ရိုးရာလက်မှု လုပ်ငန်းများ နှင့် အသက် မွေးဝမ်းကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိရာ ၂၀၁၈ အောက်တိုဘာလ မှ ၂၀၁၉ မတ်လအထိ ၆ လ အတွင်း အသက်မွေးဝမ်းကျောင်းပညာကာလတိုသင်တန်း ၂၅၂ ကြိမ်၊ အသေးစား စက်မှုလက်မှုလုပ်ငန်းမှတ်ပုံတင်လုပ်ငန်း ၁၂၀၁ ခုနှင့် ပန်း ၁၀ မျိုး အပါအဝင် ရိုးရာ လက်မှုလုပ်ငန်း ၃၆၇၃ ခုတို့ကို လုပ်ငန်းမှတ်ပုံတင်ပေးခြင်း၊ ဓါတ်ခွဲစမ်း သပ်ပေးခြင်း ၂၄၃၂ ကြိမ်၊ ဆန်၊ပဲ၊ပြောင်း၊ ဂျုံသီးနှံများ အခြေခံထုတ်လုပ်သည့် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ၈၂ ကြိမ် ဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်း သိရသည်။

 


(သတင်းစဉ်)