အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် (၂၅)ကြိမ်မြောက်နှစ်ပတ်လည် အထွေထွေ အစည်းအဝေးပွဲ ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၃၀

အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၏ ၂၀၁၉-၂၀၂၀ နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်များအတွက် တပေါင်းတည်းကျင်းပသည့် (၂၅)ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေ  အစည်းအဝေးပွဲကို ဒီဇင်ဘာ (၂၉)ရက်၊ နံနက်ပိုင်းက ရန်ကုန်မြို့၊ ပြည်လမ်းမပေါ်ရှိ Novotel Yangon Max တွင် ကျင်းပသည်။

ရှေးဦးစွာ SMED Bank  နာယက  ၀ဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေက အဖွင့်အမှာစကား ပြောကြားပြီး ဘဏ်ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးက ၂၀၁၉-၂၀၂၀ နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်များအတွက် နှစ်ပတ်လည်အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြားသည်။

ယင်းနောက် နှစ်ပတ်လည်အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို  သဘာပတိက  တက်ရောက်လာသူများနှင့် အစုရှယ်ယာရှင်များ၏ သဘောထားကို မေးမြန်းခြင်း၊ ပြင်ပစာရင်းစစ် ဖြစ်သည့် V ADVISORY LIMITED မှ ဘဏ္ဍာရေး ရှင်းတမ်းများအပေါ် စာရင်းစစ်အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းတင်ပြခြင်း၊ ဘဏ်၏ သင်းဖွဲ့စည်းမျဉ်းပါ စာပိုဒ်   ၈၀  ၈၁၊ ၈၄ တို့ကို ပြင်ဆင်ခြင်းအတွက် ဒါရိုက်တာအဖွဲ့ဝင်က ရှင်းလင်းတင်ပြခြင်း၊ နာယက အမည်စာရင်းကို ကြေညာအတည်ပြုခြင်း၊ ဥက္ကဌ၊ ဒု-ဥက္ကဌနှင့် ဒါရိုက်တာ အဖွဲ့ဝင်များ၏ အမည်စာရင်းကို ကြေညာ၍ သဘာပတိက အစုရှယ်ယာရှင်များ၏ သဘောထားကိုမေးမြန်းကာ သဘောတူညီမှု ရှိ/မရှိ သုံးကြိမ်မေးမြန်း အတည်ပြုပေးသည်။

ထို့နောက် အစုရှယ်ယာရှင်များ၏ အကြံပြုချက်၊ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး ဘဏ်၏ဥက္ကဌ သီရိသုဓမ္မသိင်္ဂီ ဒေါ်စန်းစန်းရီက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)