အသိတရား သတိထား၍ စည်းရုံးလှုပ်ရှား

mdn

နေပြည်တော် ၂၆ အောက်တိုဘာ

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့် မြို့နယ်အားလုံးတွင် ရွေးကောက်ပွဲများ တည်ငြိမ်အေးချမ်းစွာ ကျင်းပနိုင်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိသဖြင့် မဲဆန္ဒရှင်ပြည်သူအားလုံး သက်ဆိုင်ရာက ထုတ်ပြန်ထားသည့် စည်းကမ်း များနှင့်အညီ ဆန္ဒမဲပေးနိုင်ရေးအတွက် ဝိုင်းဝန်းကူညီပေးရန် လိုအပ်ပါ ကြောင်း အောက်တိုဘာလ ၂၄ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

 

အဓိကရည်ရွယ်ချက်မှာ ယခုအခါ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပရန် ရက်သတ္တ တစ်ပတ်ကျော်သာလိုတော့သည့် အချိန်တွင် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေး ပါတီအသီးသီး အထူးသဖြင့် အဓိကကျသည့်ပါတီများ၏ မြို့နယ်အလိုက် ပါတီအဖွဲ့အစည်းဝင်များ၊ ထောက်ခံဝန်းရံကြသူများသည် မိမိတို့ပါတီ၏ မဲဆွယ်စည်းရုံးမှုများကို ပိုမိုလှုပ်ရှားလှုံ့ဆော်လာကြရာ၌ အချို့အရပ်ဒေသ များတွင် ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်မညီညွတ်ဘဲ လှုပ်ရှားလုပ် ကိုင်နေကြသည်ကို မြင်တွေ့နေရပါသည်။ ။

 

ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် မဲဆွယ်စည်းရုံးရေးဆိုင်ရာ ညွှန်ကြားချက်များ၊ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးစံလုပ်ငန်း လမ်းညွှန်များ၊ သက်ဆိုင်ရာက အချိန်ကာလ/နေရာဒေသအလိုက် ထုတ်ပြန် ထားသည့် ကျန်းမာရေးဆိုင်ရာအမိန့်များ၊ လမ်းညွှန်ချက်များနှင့်အညီ နိုင်ငံရေးပါတီများအနေဖြင့် လိုက်နာဆောင်ရွက်နိုင်ရန် ကြေညာချက် ထုတ်ပြန်အသိပေးခဲ့သည်။

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် ပါတီများအနေဖြင့် မဲဆွယ်စည်းရုံးခြင်းကို စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၆ နာရီမှ နိုဝင်ဘာလ ၆ ရက်နေ့ ည ၁၂ နာရီအထိ ရက်ပေါင်း ၆၀ ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာအသိပေးခဲ့သည်။ ထို့အပြင် မဲဆွယ်စည်းရုံး ရာတွင် လိုက်နာရမည့်အချက်များကို ပါတီများအား အသိပေးထားသည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသောကာလတွင် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်း၊ မဲဆွယ်စည်းရုံးခြင်းတို့ကို ပြုလုပ်ရာတွင် ကျန်းမာရေး စံလုပ်ငန်းလမ်းညွှန်နှင့်အညီနေရာအနေအထား၊ အကျယ်အဝန်းပေါ်မူတည်၍ တစ်ကြိမ်လျှင် လူ ၅၀ ထက်မပိုစေဘဲ တစ်ဦးနှင့်တစ်ဦး ရှေ့၊ နောက်၊ဝဲ၊ ယာ အနည်းဆုံး ခြောက်ပေ စီကွာလျက် နေရာချထားရန်၊ လေဝင် လေထွက် ကောင်းသော နေရာတွင်ပြုလုပ်ရန် စသည့်အချက်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်အသိပေးထားသည်။

 

သို့ရာတွင် အချို့မြို့နယ်ဒေသများ၌ နိုင်ငံရေးပါတီများ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးရေးပြုလုပ်ရာတွင် သတ်မှတ်လူဦးရေထက်ကျော်လွန်ခြင်း၊ ထုတ်ပြန်ထားသည့် ကျန်းမာရေး စံများနှင့်မညီညွတ်ခြင်းတို့ကို တွေ့နေရသည်။ ရာနှင့်ချီသော လူစုလူဝေးများ စုပြုံပြီး စည်းရုံးလှည့် လည်နေကြသည်မှာ အန္တရာယ်ကို ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်စေသည်။ မဲဆွယ်စည်းရုံးလှုပ်ရှား ကြသူများအနေဖြင့် မိမိတို့၏ စည်းကမ်းနှင့်မညီသည့် စည်းရုံးလှုပ်ရှားမှုများသည် ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များကို အလေးမထားပြုလုပ်ရာရောက်သည့်အပြင် ယနေ့အချိန်အခါ၌ နိုင်ငံတစ်ဝန်းဖြစ်ပွား နေသော ကိုဗစ်-၁၉ ရောဂါကြောင့် ရောဂါကူးစက်ခံရသည့်ဝေဒနာရှင်များအား ကိုယ်ကျိုးစွန့်အနစ်နာခံကာ အစွမ်းကုန်ကုသပေးနေကြသော ကျန်းမာရေးဝန်ထမ်းများ၏ မွန်မြတ်သော စေတနာကိုလည်း နှောင့်ယှက်ရာ ရောက်ပါသည်။

 

ယခုအခါ ရွေးကောက်ပွဲကျင်းပရန် ရက်အနည်းငယ်သာလိုတော့ပြီး မဲဆွယ်စည်းရုံးခွင့်ကာလပြီးဆုံးရန် အချိန်ကာလအနည်းငယ်သာလိုပါတော့ သည်။ ကျန်ရှိသောကာလတွင် နိုင်ငံရေးပါတီများ၊ လွှတ်တော် ကိုယ်စားလှယ် လောင်းများအနေဖြင့် မိမိတို့ပါတီဝင်များ၊ ပါဝင်ဝန်းရံအားပေးကြသည့် ပြည်သူများအား ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ အလေးထား လိုက်နာကြကာ ရွေးကောက်ပွဲတွင် မိမိတို့အောင်နိုင်ရေးအတွက် စည်းရုံးလှုပ်ရှားမှုများကို အကောင်းဆုံးပြုလုပ်ကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲများအား နိုင်ငံတစ်ဝန်းတွင် တည်ငြိမ်အေးချမ်းစွာ ကျင်းပနိုင်ရေး၊ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရေး၊ ရွေးကောက်ပွဲကို အောင်မြင် ချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် ပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ဝန်ရံအားပေးကြသည့် ပြည်သူများသည် ရွေးကောက်ပွဲမတိုင်မီ ကျန်းမာရေးဆိုင်ရာထုတ်ပြန်ချက်များနှင့်အညီ မိမိတို့၏စည်းရုံး လှုံ့ဆော်လိုသည့် ဆန္ဒများအား အသိတရားသတိထား၍ အလေးထားဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုး ဆော်အပ်ပါကြောင်း။ ။

 

ကြေးမုံ