အသက် ၁၈ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

မော်လမြိုင်   ဒီဇင်ဘာ   ၁၇

 

မွန်ပြည်နယ်အနေဖြင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေး၊ မျိုးဆက်သစ် အားကစား သမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်များဖြင့် ၂၀၂၁ ခုနှစ် မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလား ၁၀ မြို့နယ် အသက် ၁၈ နှစ်အောက် အမျိုးသား၊ အမျိုးသမီး  ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့၊  အားကစားနှင့် ကာယပညာသိပ္ပံ(မော်လမြိုင်)တွင် ကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်အားပေးသည်။

 

အဆိုပါပြိုင်ပွဲကို ဒီဇင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ကျင်းပခဲ့ပြီး အမျိုးသား၊ အမျိုးသမီး သံပြား ဝိုင်းပစ်ပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ လှံတံပစ်ပြိုင်ပွဲ၊ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲတို့တွင် ဆုရရှိကြ သည့် အားကစားသမားများကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်တို့က လည်းကောင်း၊ အသင်းအလိုက် အမျိုးသား၊ အမျိုးသမီး ပထမဆုရရှိသည့် ပေါင်မြို့နယ် အသင်းနှင့် မုဒုံမြိုနယ်အသင်း၊ ပွဲစဉ်အလိုက် အမှတ်အများဆုံးရရှိသည့် ပေါင်မြို့နယ်အသင်းတို့အား ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက လည်းကောင်း ငွေသားဆု၊ ဆုတံဆိပ်နှင့် တံခွန်စိုက်ဒိုင်းဆုများ အသီးသီးချီးမြှင့်ကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ကာယပညာသိပ္ပံ (မော်လမြိုင်) သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံ၍ လမ်းညွှန်အမှာစကားကြားသည်။ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်တွင် မွန်ပြည်နယ် အားကစားနှင့် ကာယပညာအထက်တန်းကျောင်း၌ မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့မှ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၅၇ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)